Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ ဆေးလိပ်သောက်ခြင်းနဲ့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနိုင်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ဖြေကြားပေးပါဦး။

ဒေါက်တာခင်ခင်ကြီး ။ ။ ပထမဆုံး အနေနဲ့ ကိုဗစ်-၁၉ ဖြစ်ပွားတဲ့ သူတွေမှာ ဆေးလိပ်က ဘယ်လောက်အထိ ထိခိုက် နိုင်တယ် ဆိုတာကို WHO ရဲ့ စက်တင်ဘာ ၃ ရက် Tobacco and Covid-19 ခေါင်းစဉ်နဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆေးလိပ်သောက်သူတွေမှာ ကိုဗစ် - ၁၉ ဖြစ်ရင် ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်နိုင်သလဲ ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကျွမ်းကျင်ပညာရှင် Dr Hebe     က ဖြေကြားပေးထားပါတယ်။

အဓိကက ဆေးလိပ်သောက်သူတွေမှာ ကိုဗစ် - ၁၉ ဖြစ်ရင် မသောက်သူတွေထက် ၅၀ ရာခိုင်နှုန်းပိုပြီး ပြင်းပြင်းထန်ထန်ဝေဒနာ ခံစားရတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရှိပြီးဖြစ်ပါတယ်။ ရောဂါဝေဒနနာ ဆိုးဆိုးရွားရွားခံစားရနိုင်သလို ဆေးရုံ တက်ရောက်ရမှု၊ အထူးကြပ်မတ် ကုသဆောင်ထဲကို ရောက်ရှိနိုင်မှုလည်း များပါတယ်။ အသက်ရှူ အားကူစက်တွေတင်ရတဲ့ အရေအတွက်လည်း များပါတယ်။ သေဆုံးမှုလည်း များတယ်လို့ ပြောထားပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဆေးလိပ်သောက်ခြင်းက ပြည်သူ့ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောဂါတွေ ဖြစ်စေနိုင်တယ်။ အထူးသဖြင့် နာတာရှည် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာလို ကင်ဆာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ် သောက်ခြင်းကြောင့် ကိုဗစ် - ၁၉ ရောဂါကို ပိုမိုဆိုး စေပြီး တန်ဖိုးရှိလှတဲ့ လူ့အသက်ပေါင်း များစွာကိုလည်း ခြွေချနိုင်တဲ့ အစွမ်းတွေ ရှိနေပါတယ်။

အစီအစဉ်မှူး ။ ။ ဆေးလိပ် သောက်သူတွေက ကိုဗစ် - ၁၉ ဖြစ်ပွားပြီဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။

ဒေါက်တာခင်ခင်ကြီး ။ ။ ဆေးလိပ်က အတော်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ရင် ၂၀၁၆ ခုနှစ်မှာ WHO က လူငယ်တွေ ဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီး ပြုလုပ်ထားတဲ့ Global Youth Tobacco Survey ဆိုတာရှိပါတယ်။ ဒီလေ့လာချက်အရဆိုရင် မြန်မာနိုင်ငံမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် သေဆုံးမှုပေါင်းက ၄၃၀၀၀၀ ရှိတယ်လို့ တွက်ချက်ထားပါ တယ်။ ဒါ့အပြင် မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာ စတဲ့ ရောဂါတွေ ဖြစ်ပွားမှုရဲ့ ၆၈ ရာခိုင်နှုန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့်၊ အထူးသဖြင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ STEPS survey မှာ ယောက်ျားတွေ ဆေးလိပ် သောက်သုံးမှုက ၄၃ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီးတွေက ၈ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ ကွမ်းစားတာ၊ ဆေးရွက်ကြီးငုံတာက ယောက်ျားတွေမှာ ၆၂ ဒသမ၂ ရာခိုင်နှုန်း ရှိပြီး အမျိုးသမီး တွေမှာ ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ ဒါဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အန္တရာယ်က ပေါ့ဆ လို့ မရတဲ့ အနေအထားမှာ ရှိပါတယ်။ ကျောင်းသားကျောင်းသူတွေမှာ ၁၀ ယောက်မှာ ၃ ယောက်က ဆေးလိပ်ရဲ့အန္တရာယ်တွေကို ရင်ဆိုင် နေရတဲ့ အခြေအနေရှိနေတယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

နောက်ပြီးမိသားစုတွေမှာဆေးလိပ်သောက်သူ တစ်ယောက်ရှိရင် သူ့မိသားစုဝင် သုံးယောက်က ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်သောက် သူနည်းတူ ဆေးလိပ်ကြောင့်ဖြစ်တဲ့ နောက် ဆက်တွဲ အန္တရာယ်ကို ဆင့်ပွားခံစားရနိုင်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ Stay at Home လုပ်ကြတယ်။ စိတ်အပန်းဖြေဖို့ အကြောင်းပြုပြီး ဆေးလိပ်တွေ ပိုသောက် လာကြ တယ်။ ဒါ့အပြင် ကွမ်းယာဆိုင်တွေလည်း ရှိနေပါတယ်။ ဒါတွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့တွေက ကြပ်ကြပ် မတ်မတ်နဲ့ ထိန်းကျောင်း ဖို့လိုပါတယ်။ ကွမ်းယာစားပြီး တံတွေးတွေကို နေရာအနှံ့ထွေးမယ်ဆိုရင် ရောဂါပိုးကူးစက်ဖို့အတွက် အခွင့် အလမ်းရမှာ ဖြစ်ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲသူတွေဟာ ကိုဗစ်-၁၉ ခံစားရရင် ပိုပြီးဆိုးဆိုးရွားရွား ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါအချိန်မှာ နိုင်ငံတိုင်းက Stay at Home လုပ်တယ်။ Lock down တွေလုပ် တယ်။ ဒီလို လုပ်ဆောင်နေပေမယ့် ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်လုပ်တဲ့သူတွေက ဈေးကွက်အသစ်တွေကို ရှာဖွေလာကြပါတယ်။ ဒီလိုရှာဖွေလာတဲ့အခါ သတင်းအမှားတွေကို ကြော်ငြာ ထဲမှာ ထည့်သွင်းပြောလာကြပါတယ်။ ဥပမာပေးရရင် “Stay at Home အချိန်မှာ သင့်ရဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ ဆေးလိပ်သောက်ပါ၊ စိတ်ကူးဉာဏ်တွေ ကွန့်မြူးလာဖို့ ဆေးလိပ်သောက်ပါ”  စသဖြင့်ကြော်ငြာလာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုကြော်ငြာသလို အခြားတစ်ဖက်ကလည်း ဈေးကွက်ဖြန့်ဖြူးရေး နည်းစနစ်အသစ်တွေကို လုပ်လာပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဖြင့် သုံးစွဲသူရဲ့ လက်ဝယ်ကိုလွယ်လွယ်ကူကူနဲ့ ရောက်အောင်လုပ်ပါတယ်။ ပုံမှန်အားဖြင့် stay at Home လုပ်တယ်။ Lock down တွေလုပ်တယ်ဆိုတော့ အပြင်မထွက်ရတဲ့အတွက် ဆေးလိပ်သောက်ဖို့ အခွင့်အလမ်းက နည်းသွားတယ်။ ဝယ်ယူဖို့ မလွယ်ဘူး။ သို့သော် ဒီလိုဈေးကွက်ဖော်ဆောင်ရေး၊ ဖြန့်ဖြူးရေး  နည်းစနစ်အသစ်တွေနဲ့ ဆောင်ရွက်တာဖြစ်တဲ့ အတွက် တစ်ခါတလေမှာ အသက်မပြည့်သေးတဲ့ ကလေးတွေတောင် သူတို့ရဲ့ ဈေးကွက်ရှာဖွေမှုမှာ သားကောင်ဖြစ်ပြီး ဆေးလိပ်စမ်းသပ် သောက်သုံးမိတာ၊ အလွယ်တကူ သောက်သုံးမိတာ ဖြစ်နိုင်ပြီး အရင်က သောက်သုံးနေတဲ့ သူတွေကလည်း ပိုသောက်မိတာတွေ ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ခုက ဆိုရှယ်မီဒီယာမှာ Stay at Home ကာလ အထိမ်းအမှတ်အဖြစ် ဆေးလိပ်ရောင်းဈေးကို အထူးလျှော့ဈေးရောင်းချ ပေးတာမျိုးတွေ လုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ၊ ဆေးလိပ်အစားထိုး Electronic cigarette သောက်ခြင်းကိုလည်း တစ်ဖက်က ဈေးကွက်ရှာဖွေလာကြ ပါတယ်။ Electronic cigarette သောက်ခြင်းက အန္တရာယ်မရှိပါဘူး၊ သင့်ရဲ့ အဖော်မွန်ကောင်း ဖြစ်ပါတယ် စသဖြင့် ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက် ရှာဖွေတာမျိုးတွေရှိပါတယ်။ ယခု ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ဈေးကွက်ရှာဖွေမှု ပုံစံအသစ်တစ်မျိုးနဲ့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး အသက်ရှူအားကူစက်၊ PPE ဝတ်စုံ၊  Mask တွေကို သူတို့ရဲ့ ကုန်အမှတ်တံဆိပ် Logo တွေ ရိုက်နှိပ်ပြီး ကြော်ငြာတာမျိုး လည်းလုပ်လာကြပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့်  ကမ္ဘာတစ်ဝန်း တစ်နှစ်ကို လူပေါင်း ရှစ်သန်းသေစေ နိုင်တဲ့အတွက် ဒီလိုဈေးကွက်ရှာဖွေမှုတွေကို အထူးသတိပြုပြီး ရှောင်ရှားနိုင်ဖို့ လိုပါတယ်။

အစီအစဉ်မှူး ။ ။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ ဆေးလိပ်သောက်သုံးမှုတွေ များပြားလာရခြင်း၊ ဆေးလိပ်ကုမ္ပဏီတွေရဲ့ ဒီလိုဈေးကွက်တွေ ရှာဖွေလာရခြင်းအပေါ် သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။

ဒေါက်တာခင်ခင်ကြီး ။ ။ ယခု အချိန်မှာ တော်တော်များများသော လူတွေက ဆေးလိပ်ဖြတ်ဖို့ ဆန္ဒရှိလာကြပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တတိယလှိုင်း စဖြစ်ချိန် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်ကစပြီး ၃ လအတွင်း လေ့လာချက်အရ သေဆုံးသူတွေက လူလတ်ပိုင်းတွေ သေဆုံးတာများလာပြီး နောက်ခံ ရောဂါရှိခြင်း၊ မရှိခြင်းကို ကြည့်မယ်ဆိုရင် သေဆုံး သူတွေရဲ့ ၈၀ရာခိုင်နှုန်းသည် နောက်ခံရောဂါမရှိတာကို တွေ့ရပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက အသက်ကြီးသူတွေ သေဆုံးတာ များပြီး သေဆုံးသူရဲ့ ၈၀ ရာခိုင်နှုန်းသည် နောက်ခံရောဂါ ရှိတာကို တွေ့ရပါတယ်။ ဒါဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယ လှိုင်းရဲ့ ခြားနားချက် ဖြစ်ပါတယ်။

နောက်ခံရောဂါမရှိသူတွေတောင်မှ တတိယလှိုင်းမှာ “ဒယ်လ်တာ” ဆိုတဲ့ ဗီဇပြောင်းပိုးကြောင့် သေဆုံးမှု၊ ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ဆေးရုံတက် ရောက်ရမှုတွေ၊ ရောဂါပြင်းထန်မှု၊ သေဆုံးမှုတွေ များလာတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အတွေးမမှားစေချင်ပါဘူး။ ဆေးလိပ်ဖြတ်ဖို့ အချိန် အခါကောင်းဖြစ်ပြီဆိုတာ ပြောလိုပါတယ်။

ဆေးလိပ်ဖြတ်လိုက်လို့ မိနစ် ၂၀ ကြာတာနဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေက ကောင်းမွန် လာတာတွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီကြာရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေဖြစ်တဲ့ ကာဗွန်မိုနောက်ဆိုက်ရဲ့ ပမာဏက လျော့နည်းသွားပြီး ပုံမှန် အတိုင်း ပြန်ရောက်လာပါတယ်။ ခန္ဓာကိုယ်က ကာဗွန်မိုနောက်ဆိုက်တွေကို ပြင်ပကလေထုထဲ မှာရှိတဲ့ အောက်ဆီဂျင်နဲ့ ဖလှယ်ရပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့် အဆုတ်ရဲ့ လုပ်ငန်းဆောင်တာ ပိုကောင်းလာပြီး အောက်ဆီ ဂျင်နဲ့ ဖလှယ်မှုတွေ အားကောင်းလာတဲ့အတွက်  ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုက် ပမာဏက ကျဆင်းသွား တယ်ဆိုတာ နေ့တစ်ဝက်နဲ့တင် သိသာနိုင်ပါတယ်။  ရက်သတ္တ ၂ ပတ်ကနေ ၁၂ ပတ် (၃လ) အတွင်းမှာ အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ သွေးလှည့်ပတ်မှုက ကောင်းမွန် လာတာကို တွေ့ရပါတယ်။

ဆေးလိပ်ဖြတ်ပြီး တစ်နှစ်မှ လေးနှစ်ကြာရင် ဆေးလိပ်သောက်သူနဲ့ နှိုင်းယှဉ်ရင် မသောက်သူမှာ သေဆုံးနိုင်မှု ထက်ဝက်တိတိ ကျဆင်းသွားတယ်ဆိုတာ သိနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ဘယ်အချိန် အကောင်းဆုံးလဲဆိုရင် ချက်ချင်းဖြတ်လေ ကောင်းလေဖြစ်ပါတယ်။ မိမိတင် မကဘူး၊ မိသားစုဝင်တွေကိုပါ ဆေးလိပ်ကြောင့်ဖြစ်စေတဲ့ အန္တရာယ်ဖြစ်မှုတွေက ကာကွယ်ပေး နိုင်ပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းအောင် stay Safe နေမယ်။ ကျန်းမာအောင် Stay Healthy နေမယ်။ သိပ္ပံပညာနဲ့ သုတေသန တွေ့ရှိချက်တွေကို ယုံကြည်ပြီး လိုက်နာဖို့အထူး လိုအပ်တယ် လို့ ပြောလိုပါတယ်။

အစီအစဉ်မှူး ။ ။ ဆေးလိပ်သောက်ခြင်းနဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားခြင်းနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။

ဒေါက်တာခင်ခင်ကြီး ။ ။ အပေါင်းအသင်းကြောင့်ပဲ ဖြစ်ဖြစ်၊ စိတ်ဖျော်ဖြေရာပဲဖြစ်ဖြစ်၊ စမ်းသပ်ချင်လို့ပဲဖြစ်ဖြစ် ဆေးလိပ် သောက်တာ များပါတယ်။ ဆေးလိပ် သောက်မှ ခေတ်မီတယ်။ လူရာဝင်တယ်၊ အပေါင်း အသင်းဆံ့တယ် စသဖြင့် အတွေးမှားပြီး သောက်တာတွေရှိနိုင်ပါတယ်။ ဆေးလိပ်တင် မကပါဘူး။ ကွမ်းစားခြင်းကလည်း ထပ်တူအန္တရာယ်များပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ မကူးစက်တတ်သော ရောဂါတွေကြောင့် ဖြစ်ပွားသေဆုံးမှုဟာ WHO က ထုတ်ပြန်တဲ့ ၂၀၀၈ ခုနှစ်ထုတ်ပြန်ချက်အရတစ်နှစ် ကို ၃၆ သန်းရှိပါတယ်။ ဒီလိုသေဆုံးမှုတွေရဲ့ ၆ဝ ရာခိုင်နှုန်းသည် မကူးစက်တတ်သော ရောဂါတွေကြောင့် ဖြစ်ပါတယ်။ ဒီလို သေဆုံးမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်တယ်ဆိုတာ သိရပါတယ်။

ဆေးလိပ်သောက်သူရဲ့ အဆုတ်ကို ခွဲကြည့်လိုက်မယ်ဆိုရင် ကတ္တရာစေးလို မည်းနေပြီး ဆေးလိပ်မသောက်သူရဲ့ အဆုတ်က ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အဆုတ်က မည်းနေတဲ့သူမှာ ပြင်ပက သန့်ရှင်းတဲ့လေကို  ဘယ်လိုရှူရှိုက်ပြီး ခန္ဓာကိုယ်ထဲက ပြန်ထုတ်ရတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်ဓာတ် တွေကို  ဘယ်လိုလဲလှယ်နိုင်မလဲ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆိပ်အတောက်တွေနဲ့ မီးမြိုက်သလိုဖြစ်ပြီးလောင်ကျွမ်းခံမှာလဲ။ ဒါကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စတဲ့ အကျင့်တွေကို အမြန်ဆုံးဖြတ်တောက်ဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တယ်၊ မကူးစက်နိုင်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားတဲ့နှုန်း ကလည်း များနေပါတယ်။ ဒါကြောင့် ပြည်သူ တစ်ယောက်စီတိုင်းက ကျန်းမာတဲ့ လူနေမှုပုံစံနဲ့  နေထိုင်မယ်ဆိုရင် မိမိကိုယ်တိုင်လည်း ကျန်းမာရေးကောင်းမွန်မယ်။ ကျန်းမာနေတဲ့အတွက် မိသားစု အပေါ်ကိုလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘူး။ ကိုယ်တိုင်ကျန်းမာနေတဲ့အတွက် စီးပွားကောင်းစွာရှာနိုင်မယ်။ ဒီလိုကျန်းမာ တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ရှိနေပြီဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် နိုင်မယ်။ ဒါဆိုရင် မြန်မာနိုင်ငံ လည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ဒါ့အပြင် ကျွန်မတို့ရဲ့ လူမှု အသိုက်အဝန်း တစ်ခုလုံးက ဆေးလိပ်မသောက်ဘူး။ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာတွေ မလုပ်ဘူးဆိုရင် ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာလည်း ဆေးလိပ်မသောက်ရေးအတွက် တိုက်တွန်းနှိုးဆော်တာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ရင် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆေးလိပ်ဖြတ်ဖို့ နှိုးဆော်နေတာတွေ ရှိပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီက ပါဝင်ဆောင်ရွက်ခြင်း အားဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါအတွက် အန္တရာယ်ကင်းတဲ့ အုပ်စုထဲမှာပါဝင်သွားမယ်။ ချက်ချင်းဖြတ်၊ ချက်ချင်း အကျိုးရှိတဲ့  အတွက် ဆေးလိပ်ဖြတ်ဖို့ အထူးပဲတိုက်တွန်းလိုပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်တဲ့ကမ္ဘာကြီး အမြန်ဆုံးဖြစ်လာပြီး မြန်မာနိုင်ငံမှာလည်း ဆေးလိပ် သောက်သုံးမှုတွေကို လျှော့ချပြီးမကူးစက် တတ်သောရောဂါတွေ ဖြစ်ပွားမှုအန္တရာယ်က လျော့နည်းစေဖို့တိုက်တွန်းလိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ဆေးလိပ်ဖြတ်ဖို့ ချက်ချင်းလုပ်ဆောင်ဖို့လိုပြီဆိုတာ ထပ်လောင်းတိုက်တွန်း လိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ။

ထက်လျှံ