Skip to main content

ကိုဗစ်တတိယလှိုင်းနှင့် လေကြောင်းစီးပွားရေး

၂၀၁၉ ခုနှစ် နှောင်းပိုင်းကစတင်လာခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ပျံ့နှံ့ရောက်ရှိလာရာ ယခုဆိုလျှင် တစ်နှစ်ခွဲတိုင်ကြာရှည်လာခဲ့ပြီဖြစ်ပါသည်။ ကိုဗစ်က ဗီဇမျိုးကွဲများဖြင့် တစ်လှိုင်း ပြီး တစ်လှိုင်း ဝင်လာလိုက်၊ ထိန်းချုပ်သွားနိုင်လိုက်နှင့် မြန်မာပြည်သို့ တတိယလှိုင်း ရိုက်ခတ်ခဲ့သည်မှာပင် သုံးလခန့်ရှိပြီ ဖြစ်သည်။

ကိုဗစ်လှိုင်းတွေက ရပ်တန့်မသွားနိုင်သေးဟု ခန့်မှန်းကြ ပြီး ပုံမှန်အခြေအနေသို့ အစောဆုံး ၂၀၂၃ ခုနှစ်လောက်ကျမှ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းကြသည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကပ်ရောဂါ ကြောင့် စီးပွားရေးရိုက်ခတ်မှုဒဏ်ကို လုပ်ငန်းအများစုက ခံစားကြရသည်။ သို့ရာတွင် စီးပွားရေး ရိုက်ခတ်မှုဒဏ်ခံရသည့်လုပ်ငန်းများအနက် လေကြောင်း စီးပွားရေးက အထိခိုက်ဆုံး ဖြစ်ပါမည်။ ထိုအချက်က ကမ္ဘာ့ နာမည်ကြီး၊ အင်အားကြီး လေကြောင်းလိုင်းကြီးများမျက်စိ ရှေ့တွင် ရုတ်ခြည်းပြို ပျက်သွားကြ၊ ဒေဝါလီခံသွားကြရသည့် ဖြစ်ရပ်များက သက်သေဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုကြီးမား

လေကြောင်းစီးပွားရေးသည် အရင်းအနှီးများပြားပြီး စွန့်စားရသည့် စီးပွားရေး လုပ်ငန်းဖြစ်သဖြင့် နည်းနည်းမှ အတိမ်းအစောင်းမခံနိုင်သည့် သဘောဖြစ်ရာ စီမံခန့်ခွဲမှု ကောင်းမွန်နေစေသည့်တိုင် ကိုဗစ်ကပ်ရောဂါမျိုးကဲ့သို့ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့်လည်း ထိခိုက်ဆုံးရှုံးမှု ကြီးကြီး မားမား ဖြစ်ကြရပါသည်။ စင်းရေ ရာဂဏန်းချီပြီး ရင်းနှီးမြှုပ်နှံမှု ကြီးမားလေလေ ဆုံးရှုံးမှုကြီးလေလေ ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများမှာ ပမာဏသေး ငယ်သော လေကြောင်းလိုင်းများ ဖြစ်ကြပါသည်။ လွန်ခဲ့သော နှစ်ကာလများက မြန်မာနိုင်ငံတွင် လေကြောင်းလိုင်း (၁၀) လိုင်းခန့်ရှိခဲ့ပြီး ကိုဗစ်မတိုင်မီ ကာလမှာပင် လေကြောင်းလိုင်း ခြောက်ခုခန့်သာကျန်ရှိတော့သည်ကို တွေ့ရသည်။ ထိုအထဲ တွင် ပြည်ပပျံသန်းသောလေကြောင်းများမှာ မြန်မာအမျိုးသား လေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း နှစ်လိုင်းသာရှိသည်။ ကျန်လေကြောင်းလိုင်းများမှာ ပြည်တွင်းတွင်သာ ပျံသန်းပြေး ဆွဲကြသည်။ ကိုဗစ်မတိုင်မီ ကာလ မြန်မာ့လေပိုင်နက် ကောင်းကင်ယံထက်တွင် မြန်မာ နိုင်ငံရှိလေကြောင်း လိုင်းများမှ လေယာဉ်များ၊ နိုင်ငံတကာ လေကြောင်းလိုင်းများမှ လေယာဉ်များဖြင့် လှပပြည့်စုံနေခဲ့ သော်လည်း ယခုအခါတွင်မူ မမြင်တွေ့ ရသလောက် နည်းပါး သွားပြီဖြစ်သည်။ ယခင်ကာလများဆီက ပြည်တွင်းပျံသန်း သည့်လေယာဉ်အများစုမှာ ပြင်သစ်နိုင်ငံလုပ် အေတီအာရ် လေယာဉ်များဖြစ်ပြီး စင်းရေ သုံးဆယ်ကျော်ရှိသည်ဟု မှတ်သားမိသည်။

တတိယမြောက် တည်ဆောက်သည့် လေကြောင်းလိုင်း

တစ်ကမ္ဘာလုံးတွင် လေကြောင်းစီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးသည့် သတင်းများကြားသိရသည့် အခါမြန်မာ နိုင်ငံလေကြောင်းလိုင်းများ ဆက်လက်ရှင်သန်ဖွံ့ဖြိုးရေး အတွက် စိတ်ပူစရာ ဖြစ်ပါ သည်။ မြန်မာနိုင်ငံလေကြောင်း လိုင်းများထဲတွင်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း သည် တစ်ခု တည်းသော နိုင်ငံတော်ပိုင်လေကြောင်း၊ အာရှ ပစိဖိတ်ဒေသတွင် တတိယမြောက်တည်ထောင်သည့် လေကြောင်းလိုင်း၊ သက်တမ်း (၇၃) နှစ်ရှိပြီဖြစ်သည့် လေကြောင်းလိုင်း၊ ၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှထွက်ပြီး မိမိခြေထောက်ပေါ် မိမိရပ်တည်နေသည့် လေကြောင်းလိုင်း ဖြစ်သဖြင့် ကိုဗစ်အခက်အခဲကြားတွင် ရပ်တည်ရှင်သန်နေနိုင်မှုအပေါ် စိတ်ဝင်စားစရာ၊ မေးခွန်းများ ထုတ်စရာ ဖြစ်လာခဲ့ပါသည်။

ကိုဗစ်ရိုက်ခတ်မှုဒဏ်ကြောင့် မြန်မာအမျိုးသား လေကြောင်းလိုင်းအပါအဝင် မြန်မာနိုင်ငံ ရှိလေကြောင်းလိုင်း များအားလုံး အရှုံးပေါ်ကြပါသည်။ လက်ရှိအချိန်တွင် နိုင်ငံ ခြားငွေလဲလှယ်နှုန်းမှာ မကြုံစဖူးမြင့်တက်လာရာ ထိုငွေ လဲနှုန်းကြောင့် တစ်ဒေါ်လာတိုင်းတွင် ကျပ်လေးငါးရာခန့် နေရင်းထိုင်ရင်း ရှုံးနေမည်ဖြစ်ရာ အရှုံးတွင် အရှုံးဆင့်ဖြစ် နေကြပါသည်။ မြန်မာအမျိုးသား လေကြောင်းသည် ပြည်တွင်း လေကြောင်းများအနက် လေယာဉ်အင်အား အများဆုံးဖြင့် ပြည်တွင်း ပြည်ပ ပြေးဆွဲနေသည့် လေကြောင်းလိုင်းဖြစ်သကဲ့ သို့ အခြားသောပုဂ္ဂလိက လေကြောင်းများကဲ့သို့ သီးခြား နောက်ခံအင်အားမရှိသည့်အတွက် ပို၍စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

စုံစမ်းသိရှိရသမျှ မြန်မာအမျိုးသားလေကြောင်းသည် ကိုဗစ်ကာလမတိုင်ခင်အထိခရီးသည်နှင့် ဝင်ငွေ အကောင်းဆုံး ရရှိနေပြီး မြတ်စွန်းမည်မှာ သေချာသော အနေအထားဖြစ်ပါသည်။ သို့သော် ကိုဗစ် ကာလတွင် ဝင်ငွေမှာ (၈၅) ရာနှုန်းခန့် အထိ ကျဆင်းသွားခဲ့ကြောင်းနှင့် ထို့အတွက် အသုံးစရိတ် လျှော့ချရေးဆောင်ရွက်ရာတွင် (၅၃) ရာခိုင်နှုန်းခန့်သာ ကျဆင်းသည့်အတွက် အရှုံးကြီးမားနေခဲ့ ကြောင်း၊ အသုံး စရိတ်တွင် အကြီးမားဆုံးမှာ လေယာဉ်များငှားရမ်းခပေးချေ စရိတ်နှင့် ဝန်ထမ်းလစာ စရိတ်ဖြစ်သဖြင့် လေကြောင်းအား လေယာဉ် (၁၀) စင်းအထိ လျှော့ချပြီး မူလဝန်ထမ်း အင်အား ၂၀၀၀ ကျော်အား အချိုးကျချရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။ ကိုဗစ်ကြောင့် ဝင်ငွေကျဆင်း သွားသည့်ကာလမှာ နှစ်ချီလာပြီဖြစ်ရာ ဆက်လက်ရပ်တည် နိုင်ရေးအတွက် လေယာဉ်နှင့် ဝန်ထမ်းအင်အား လျှော့ချကာ အသုံးစရိတ်လျော့ကျလာအောင် ဆက်လက် ဆောင်ရွက်နေ သကဲ့သို့ ဝင်ငွေတိုးတက်ရရှိရေးအတွက် ပြည်ပနိုင်ငံများသို့ ကယ်ဆယ်ရေးခရီးစဉ်များ၊ ကုန်တင်နှင့် စင်းလုံးငှားခရီး စဉ်များ ကြိုးပမ်းရှာဖွေပြေးဆွဲခြင်းဖြင့် ဝင်ငွေရှာလျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ဖြစ်ပေါ်လာသည့် ငွေကြေး အခက်အခဲများပြေလည်စေရန်နိုင်ငံတော်မှ ချေးငွေရယူရေး ဆောင်ရွက်နေသကဲ့သို့ အစုရှယ်ယာများ ထုတ်ရောင်းရန်ကိုလည်း စီမံလျက် ရှိနေကြောင်း သိရှိရပါသည်။

မြန်မာအမျိုးသားလေကြောင်းသည် ၂၀၂၁ ခုနှစ် စက်တင် ဘာ (၁၅) ရက်တွင် သက် တမ်း (၇၃) နှစ်အထိ ရပ်တည်နိုင်ခဲ့ သည့် လေကြောင်းဖြစ်ပြီး နိုင်ငံတော်ပိုင် နိုင်ငံ့ပုံရိပ်လည်း ဖြစ်သဖြင့် ဆက်လက်ရှင်သန်တည်တံ့နိုင်ရန် နိုင်ငံတော်မှ လည်းကူညီပေးနေသကဲ့သို့ လေကြောင်းလိုင်း ကိုယ်တိုင်လည်း ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာ အမျိုးသားလေကြောင်း အပါအဝင် မြန်မာနိုင်ငံရှိ လေကြောင်း လိုင်းများအားလုံးသည်လည်း ကိုဗစ်စီးပွားကပ်ကို ကျော်လွှား လွန်မြောက်နိုင်ရန် အသီးသီးအားထုတ်ကြိုးပမ်းလျက်ရှိနေ ကြမည်မှာသေချာလှပါသည်။ ယခု အထိတော့ ရှိနေသည့် လေကြောင်းလိုင်းများအားလုံးသည် ကိုဗစ်ကိုအန်တုပြီး ကြံ့ကြံ့ခံရပ်တည်နေ ကြကြောင်း တွေ့ရှိရပါသည်။

သက်မောင်(စက်မှု)