Skip to main content

လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်

 

ယနေ့ခောတ်တွင် ကမ္ဘာကြီးကို ခြိမ်းခြောက်စိန်ခေါ်နေသည့် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့အပြင် လူကုန်ကူးမှုသည်လည်း ကမ္ဘာ့ထိပ်တန်းရောက်ရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်နေသည့် ပြစ်မှုကြီးတစ်ခုအဖြစ် ရောက်ရှိနေသည်ကို လူအများသိကြမည်ဖြစ်ပေသည်။ လူကုန်ကူးမှုသည် အရင်းအနည်ပါးစွာဖြင့် အမြတ်အစွန်းများများရှိသော လုပ်ငန်းဖြစ်သဖြင့် လူကုန်ကူးသူ လူပွဲစားများသည် ထိုလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြခြင်းဖြစ်သည်။

 

လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦး တစ်ယောက်ကို အခြားသူတစ်ဦးတစ်ယောက်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန်အလို့ငှာ စည်းရုံးခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အနိုင်အထက်ပြုခြင်း၊ မိသားစုဘဝရပ်တည်ရန် အခက်အခဲရှိနေသူများကို လိမ်ညာပြောဆိုပြီး ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လက်သင့်ခံခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားသောကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူ တစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည်တို့ကို ပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုး အမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံခြင်း (သို့) လက်ခံရယူရန် သဘောတူခြင်းတို့ ဖြစ်ပါသည်။

 

ကုန်ပစ္စည်းသဖွယ် အရောင်းအဝယ်ပြုလုပ်

 

လူကုန်ကူးမှု နောက်ခံသမိုင်းတွင် ရှေးယခင်က ကျေးပိုင်ကျွန်ပိုင်ရှင်စနစ် ဖြစ်ထွန်းခဲ့ပြီး ကျွန်ဈေးကွက်တွင် အနိုင်အထက်ပြု၍ အင်အားသုံးပြီး ဖမ်းဆီးခေါ်ဆောင်လာသူများကို ကုန်ပစ္စည်း သဖွယ် အရောင်းအဝယ်ပြုလုပ်ကြကာ အမျိုးသမီးများကို ကျွန်အဖြစ်လက်ခံအသုံးပြုပြီး လိင်မှု ဆိုင်ရာများတွင် အသုံးချမှုခံခဲ့ကြရပါသည်။ သမိုင်းဦးဘုံမြေစနစ်မှ ကျွန်ပိုင်ရှင်စနစ်သို့ ကူးပြောင်းခြင်းသည် ရှေးဟောင်းအရှေ့တိုင်းဒေသများ၏ သမိုင်းမှစတင်ကာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀၀၀ မှ ၂၀၀၀ အတွင်း ကျွန်ပိုင်ရှင်စနစ်သည် ဆူမေးနီးယားပြည်၊ ဘေဘီလိုနီးယားပြည်၊ အာဆီးနီးယားပြည်၊ အီဂျစ်ပြည်၊ အိန္ဒိယပြည်နှင့် တရုတ်ပြည်တို့တွင် လွှမ်းမိုးခဲ့ပါသည်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၁၀၀၀ ခန့်က ဥရားတုပြည်၌ လွှမ်းမိုးခဲ့ကာ ခရစ်တော်မပေါ်မီ နှစ် ၅၀၀ မှ ၄၀၀ အတွင်း ဂရိနိုင်ငံများ၌လည်း လွှမ်းမိုးခဲ့ပါသည်။

 

ကျွန်ပိုင်ရှင်တစ်ယောက်၏ အခွင့်အာဏာသည် အကြွင်းမဲ့အာဏာမျိုး (သက်ဦးဆံပိုင် အာဏာ) ဖြစ်ပါသည်။ ကျွန်တို့သည် ကြာပွတ်၏ ထိန်းကျောင်းမှုကိုခံကြရင်း ကြမ်းတမ်းသော လုပ်ငန်းများကို လုပ်ဆောင်ကြရသည်။ ကျွန်၏ ခန္ဓာကိုယ်ပေါ်တွင် ထိုကျွန်၏အမည်ကိုဖြစ်စေ၊ အခြားအမှတ်အသားကို ဖြစ်စေထိုးခတ်ထားသည်။ ထို့အပြင် လည်တိုင်တွင်လည်း ကျွန်၏နာမည်ကို ထိုးခတ်ထားသော သံကော်လာကွင်းကို စွပ်ထားစေသည်။ ကျွန်ပိုင်ရှင်တို့သည် ကျွန်များအပေါ် အကြမ်းကြုတ်ဆုံးသော ရက်စက်မှုမျိုးကို ပြုလုပ်ခဲ့ကြပြီး မသေရုံမျှသာ အစားအသောက်နှင့် အဝတ် အစားများကို ပေးပါသည်။ လူသားချင်း ကျွန်ပြု၍ ရောင်းကုန်ပစ္စည်းသဖွယ် ကျွန်ဈေးကွက်တွင် ရောင်းဝယ်လုပ်ကိုင်ကြပါသည်။

 

ခေတ်သစ်ကျေးကျွန်စနစ်

 

ကျွန်ပိုင်ရှင်တို့သည် ကျွန်များကို စစ်ပွဲများတွင် စုဆောင်းကြကာ များစွာသောစစ်သုံ့ပန်းများသည် ကျွန်များ၏ဘဝကို ခံယူကြရပါသည်။ ရှေးခေတ်တွင် ကျွန်ပိုင်ရှင်စနစ်ကို ကျင့်သုံးသောနိုင်ငံများစွာတို့ သည် အင်အားနည်းသော တိုင်းပြည်များကို စစ်ရေး အားဖြင့် တိုက်ခိုက်သိမ်းပိုက်၍ စစ်ရှုံးသောစစ်သား များကိုသာမက စစ်ရှုံးနိုင်ငံ၏ ပြည်သူလူထုများစွာ ကိုလည်း ကျွန်စာရင်းသွင်းကြပါသည်။ ထိုကျေးကျွန် စနစ်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ခန့်က ကမ္ဘာမှ ပျောက်ကွယ်ခဲ့ပြီး လွန်ခဲ့သော ၁၉၈၀ ဝန်းကျင်ခန့် တွင် ကမ္ဘာနှင့်အဝှမ်း ဆက်စပ်ယှက်နွှယ်ပြောင်းလဲမှု၊ ဖွံ့ဖြိုးမှုမမျှတခြင်း၊ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် လူကုန်ကူးမှုပြဿနာသည် ခေတ်သစ်ကျေးကျွန်စနစ် ပုံစံဖြင့် ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာကို (၁၉၉၅-၁၉၉၆)ခုနှစ်လောက်မှစ၍ သတိပြုလာမိခဲ့ ကြသည်။ မြန်မာနိုင်ငံ၏အိမ်နီးချင်းငါးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံများအနက် စီးပွားရေး တိုးတက်မှုကွာဟ၍ သွားလာရန်လွယ်ကူသော ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရာမှ အလုပ်လုပ်ကိုင်သူများအပေါ် နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံကြရသည့်အတွက် လူကုန်ကူးမှုပြဿနာကို စတင်သတိပြုမိခဲ့ခြင်း ဖြစ်ပါသည်။

 

လူသားတိုင်း မိမိတို့ဘဝရပ်တည်နိုင်ရေးအတွက် ရေကြည်ရာမြက်နုရာသို့ တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင် စားသောက်ကြရာမှ အလုပ်အကိုင်အခွင့်အလမ်း ပေါများသော အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်လျက် ရှိကြသည်။ ထိုကဲ့သို့ သွားရောက်လုပ်ကိုင်ကြရာတွင် တရားဝင်ရွှေ့ပြောင်းသွားလာမှုနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှုဟူ၍ နှစ်မျိုးတွေ့ရှိကြရမည် ဖြစ်ပါသည်။ တရားဝင်ရွှေ့ပြောင်းသွားလာမှုသည် ပတ်စ်ပို့၊ ဗီဇာနှင့် စာရွက်စာတမ်းအထောက်အထား များပြုလုပ်ကြပြီး သက်ဆိုင်ရာအေဂျင်စီများနှင့် ချိတ်ဆက်ကာ သွားရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် မည်သည့်စာရွက်စာတမ်း အထောက်အထားမျှ မပါရှိဘဲ တစ်ဖက်နိုင်ငံသို့ခိုးဝင်ကာ သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ တရား မဝင်ရွှေ့ပြောင်းသွားလာမှုကို လူမှောင်ခိုမှုဟု ခေါ်ပါ သည်။ ထိုလူမှောင်ခိုမှုများကို လူပွဲစားများ၊ လူကုန် ကူးသူများက ကျူးလွန်လျက်ရှိကာ ထိုကဲ့သို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ခြင်းမှ လူကုန်ကူးမှုများဖြစ်ပေါ်လာပြီး ရွှေ့ပြောင်းသွားလာခြင်းသည် လူကုန်ကူးမှုကို စတင်ဖြစ်ပေါ်လာစေပါသည်။

 

လိမ်လည်စည်းရုံး

 

လူကုန်ကူး၊ လူမှောင်ခိုနှင့် ရွှေ့ပြောင်းသွားလာခြင်းတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိကြပြီး ယနေ့ခေတ်တွင် ကျယ်ပြန့်စွာလုပ်ကိုင်နေကြကာ လူပွဲစားများက လူကုန်ကူးမှု အသိပညာဗဟုသုတ နည်းပါးသော ကျေးလက်တောရွာဒေသများတွင် လွန်ခဲ့သော ဆယ်စုနှစ်ခန့်က အိမ်တိုင်ရာရောက် သွားရောက်ကာ တရုတ်နိုင်ငံသို့ အိမ်ဖော်အလုပ်လုပ်ရမည်၊ လစာကောင်းကောင်းရမည်ဟု လိမ်လည် စည်းရုံးခဲ့ကြပြီး အမျိုးသမီးမိန်းကလေးများအား ရောင်းစားခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များ မြောက်မြားစွာရှိခဲ့ပါသည်။ ။

 

ယနေ့ခေတ်တွင် နည်းပညာများ တိုးတက် ထွန်းကားလာသည်နှင့်အမျှ လူပွဲစားများသည် လူမှု ကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့စ်ဘွတ်၊ ဗိုက်ဘာ၊ မက်ဆင်ဂျာ၊ ဗီတော့၊ တန်ဂို၊ လိုင်း၊ ယူကျူ အစရှိသည်တို့မှ အကောင့်အမျိုးမျိုးပြုလုပ်ကာ အွန်လိုင်းပေါ်မှ စည်းရုံးပြောဆိုလိမ်လည်၍ လူကုန် ကူးမှုများအား စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိသည်ကို ပြည်သူအများ သတိထားရှောင်ရှားကြရန် လိုအပ် မည်ဖြစ်ပါသည်။ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက ယခင်က ပြည်ပသို့ သွားရောက်လုပ်ကိုင်ခဲ့ဖူးသော အသိမိတ်ဆွေများနှင့် သေချာစွာဆွေးနွေးတိုင်ပင်ပြီး မိမိနိုင်ငံအတွင်းရှိ တရားဝင်ခွင့်ပြုထားသော အေဂျင်စီများနှင့် ချိတ်ဆက် ဆောင်ရွက်သင့်ပါသည်။ ထိုကဲ့သို့ ချိတ်ဆက် ဆောင်ရွက်သွားရောက်လုပ်ကိုင်ရာတွင်လည်း မိမိတို့၏ အဓိကကျသည့်ကိုယ်ရေးအချက်အလက်များ အပြင် သက်ဆိုင်ရာဖုန်းနံပါတ်များကို အလွတ်ကျက်မှတ်ထားရမည့်အပြင် အတူနေထိုင်သည့် မိဘ ဆွေမျိုးညီအစ်ကိုမောင်နှမများကိုလည်း အလွယ်တကူ ဆက်သွယ်မှုပြုနိုင်ရန်အတွက် ပေးထားခဲ့ ရမည်ဖြစ်ပါသည်။ သို့မှသာ အခက်အခဲတစ်စုံတစ်ရာကြုံခဲ့ပါက လွယ်ကူလျင်မြန်စွာဖြင့် အမြန်ဆုံး ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

 

အမျိုးသားများလည်း လူကုန်ကူးခံရ

 

လူကုန်ကူးခြင်းသည် အမျိုးသမီးများနှင့် ကလေးငယ်များတွင်သာ ဖြစ်ပွားခြင်းမဟုတ်ဘဲ  အမျိုးသားများလည်း လူကုန်ကူးခံရသည့် ဖြစ်စဉ်သာဓကများစွာရှိခဲ့သဖြင့် သတိပြုရန်လိုအပ်လှပါ သည်။ လူကုန်ကူးမှု ပပျောက်လျော့နည်းရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိသဖြင့် လူကုန်ကူးမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်။ လူကြီးမိဘတို့၏ လျစ်လျူရှုပေါ့ဆမှုကြောင့် မသိနားမလည်သေးသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို လူကုန်ကူးသူ လူပွဲစားများက အမျိုးမျိုးမက်လုံးပေးပြီး အခွင့်ကောင်းယူကာ ရောင်းစားနေသည့်အတွက် ပြည်သူလူထု တစ်ရပ်လုံးက သတိကြီးစွာဖြင့် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရန် အထူးလိုအပ်လှပေသည်။

 

မိသားစုအတွင်း အိမ်တွင်းရေးပြဿနာများမှ ကလေးသူငယ်များကို လမ်းမှားပေါ်သို့ တွန်းပို့ပေး နိုင်သဖြင့် လူကြီးမိဘများအနေဖြင့်လည်း ဂရုပြုရန် အရေးကြီးပါသည်။ မိမိ၏ဆန္ဒ လိုချင်တပ်မက် မှုများမှတစ်ဆင့် လူကုန်ကူးသူလူပွဲစားများအတွက် အခွင့်အရေးဖြစ်ကာ အမြတ်ထုတ်သွားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစားများတွင် တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန်အတွက် မြန်မာအမျိုးသမီးများအား ရောင်းစားခြင်း၊ တရုတ်နိုင်ငံသို့ ကလေးသူငယ်များကို မွေးစားရန်အတွက် ရောင်းစားခြင်း၊ အမျိုးသားလူငယ်လူရွယ်များကို ထိုင်းငါးဖမ်းလှေများတွင် အဓမ္မခိုင်းစေရန်အတွက် ရောင်းစားခြင်း၊ ထိုင်းနိုင်ငံရှိစက်ရုံများတွင် အဓမ္မ ခိုင်းစေပြီး လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာ ပြုခြင်း၊ အိမ်ဖော်အဖြစ် အဓမ္မစေခိုင်းခြင်း၊ ကလေး သူငယ်များအား လိင်ပိုင်းဆိုင်ရာအလွဲသုံးစား ပြုသည့်အပြင် သူတောင်းစားအဖြစ်တောင်းရမ်း ခိုင်းစေခြင်းတို့ကို အမြဲသတိပြုသိရှိထားရမည် ဖြစ်ပေသည်။ သတိတစ်ချက်ဘဝတစ်သက်ဆိုသည့် အတိုင်း လူကုန်ကူးမှုနှင့်ပတ်သက်လျှင် အရာရာကို သတိတရားလက်ကိုင်ထား၍ လူတိုင်းကိုယ်စီ လူကုန်ကူးမှု အသိပညာဗဟုသုတများကို နားလည် သိရှိထားရန်လည်း အထူးအရေးကြီးလှပါသည်။ အကြမ်းဖျင်းအားဖြင့် လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည် -

 

(၁) ဝင်ငွေနည်းပါးခြင်း၊

(၂) အလုပ်အကိုင်ရှားပါးခြင်း၊

(၃) ပညာရေးနိမ့်ပါးခြင်း၊

(၄) သတင်းမှန်မသိရှိခြင်း၊

(၅) ယုံလွယ်ခြင်း၊

(၆) မိသားစုထောက်ပံ့ရန်လိုအပ်ခြင်း၊

(၇) လူကုန်ကူးမှု အသိပညာဗဟုသုတများကို စိတ်ဝင်စားမှုနည်းခြင်း၊

(၈) စူးစမ်းစမ်းသပ်လိုခြင်း၊

(၉) မိသားစုပြဿနာရှိခြင်း၊

(၁၀) အကြွေးတင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

 

ယင်းပြဿနာများကို ဖြေရှင်းရာတွင် တစ်ဦးတစ်ယောက်ကောင်းဖြင့် အောင်မြင်မှုမရရှိနိုင်ဘဲ ဘက်စုံထောင့်စုံမှဝိုင်းဝန်းဖြေရှင်းမှသာ အောင်မြင် မှုရရှိနိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ လူကုန်ကူးမှုများ လျော့နည်းပပျောက်နိုင်မည်ဖြစ်ပေသည်။ ။

 

လူကုန်ကူးမှုသည် ကြီးလေးသောပြစ်မှုကြီး တစ်ရပ်ဖြစ်သဖြင့် လူကုန်ကူးသူများကို ထိရောက်သော ပြစ်ဒဏ်များ ရရှိရေးအတွက် တရားစွဲအဖွဲ့အစည်းများကလည်း အလေးထားဆောင်ရွက် လျက်ရှိပါသည်။ တာဝန်ရှိသူများကလည်း လူကုန် ကူးမှုများကို စစ်ဆေးစီရင်ရာတွင် အဂတိတရား လေးပါး ကင်းရှင်းစွာဖြင့် စစ်ဆေးစီရင်ကြရန် လိုအပ်သည့်အပြင် ပြစ်မှုကျူးလွန်သူများသာမက ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သည့် မသမာမှုပြုနေ သူများကိုလည်း ပြစ်မှုထင်ရှားစစ်ဆေးပေါ်ပေါက် ပါက ထိရောက်ဟန့်တားလောက်သော ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်ရန် တရားရုံးချုပ်က တရားရုံးအသီးသီးသို့ ညွှန်ကြားထားရှိပြီး ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ လူကုန်ကူးမှု ပြဿနာသည် မြန်မာတိုင်းရင်းသားတို့၏ တန်ဖိုး ထားစောင့်ရှောက်အပ်သော အမျိုးအနွယ်စောင့်ထိန်း မှုကို ထိခိုက်ပျက်ပြားစေပါသည်။ သို့ဖြစ်၍ လူကုန်ကူးမှုပြဿနာပပျောက်ရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူပြည်သားများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။ ။

 

ထို့ကြောင့် ယခုနှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အတွက် “တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံ နားထောင်ပေး” ဟူသော ဆောင်ပုဒ်အတိုင်း ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ကျရာအခန်း ကဏ္ဍမှ သတိတရားလက်ကိုင်ထား၍ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါရန် အကြံပြုတင်ပြအပ်ပါသည် ။ ။

 

ဒေါ်မြတ်လေးခိုင်(အလယ်တန်းပြ)