Skip to main content

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာစေရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြပါစို့

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့သော ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကို ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ပထမဆုံး စတင်တွေ့ရှိခဲ့ရပါသည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းအဖြစ် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးကို ရခိုင်ပြည်နယ်၌ တွေ့ရှိခဲ့ပါသည်။

လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုမှာ လူမှတစ်ဆင့်သာ ကူးစက်ခြင်းဖြစ်သဖြင့် လူသားအားလုံး တစ်ဦးချင်း အသိစိတ်ဖြင့် သွားလာနေထိုင်ကြရန် လိုအပ်ပါသည်။ ကျန်းမာရေး အသိပညာပေးမှုများလည်း လိုအပ်ပြီး ပြည်သူလူထုကလည်း လိုက်နာဆောင်ရွက်မှု အားကောင်းမှသာ ရောဂါကူးစက်မှုနှုန်း လျော့ပါးကျဆင်းလာမည် ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေချိန် မြန်မာနိုင်ငံ၌လည်း မေလ ၂၇ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ဇွန်လအတွင်း ပိုးတွေ့လူနာ ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ ရှိလာခဲ့ပါသည်။ ဇူလိုင်လတွင် ပိုးတွေ့ရှိမှုနှုန်း အမြင့်ဆုံးဖြစ်ကာ ရက်အလိုက် သေဆုံးသူ မြင့်တက်ခဲ့ပြီး သေဆုံးသူ ၁၃ ဦးမှ ၄၀၀ နီးပါးရှိခဲ့ကာ စုစုပေါင်း သေဆုံးသူ ၆၀၀၀ ကျော်အထိ ရှိခဲ့ပါသည်။ ဇူလိုင်လ ၁ ရက်နေ့တွင် ပိုးတွေ့ရှိမှု ၂၁ ဒသမ ၈၉ ရာခိုင်နှုန်းမှ တဖြည်းဖြည်း မြင့်တက်ခဲ့ရာ ဇူလိုင်လ တတိယပတ်တွင် ပိုးတွေ့ရှိမှုနှုန်း အမြင့်ဆုံး ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုမှာ မြင့်မားပြီး ရောဂါဗီဇ နှစ်မျိုး၊ သုံးမျိုး ကွဲပြားလျက်ရှိကာ ကူးစက်ပြန့်ပွားမှုနှုန်းမှာလည်း နှစ်ဆမှ လေးဆ၊ လေးဆမှ ရှစ်ဆအထိ မြန်ဆန်နေသည်ကို တွေ့ရပါသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင် မြင့်တက်နေဆဲဖြစ်ပြီး သေဆုံးမှုနှုန်း များနေဆဲဖြစ်ပါသည်။

မူဝါဒများ ထိထိရောက်ရောက်ချမှတ်

မြန်မာနိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် ပိုးတွေ့အတည်ပြုလူနာသစ် ဦးရေ အချိန်တိုကာလအတွင်း များပြားလာကြောင်း၊ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့ပါသည်။ ကပ်ရောဂါ ဂယက်ကို တုံ့ပြန်ရန် လျင်မြန်ပြီး ခိုင်မာသည့် မူဝါဒများကို ထိထိရောက်ရောက် ချမှတ်လုပ်ဆောင်ရန်သည် အရေးအကြီးဆုံး မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို သတ်မှတ် ပေးခဲ့ပါသည်။ ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက်များနှင့် ဆက်စပ်ကာ တစ်နိုင်ငံလုံး Stay at Home အစီအစဉ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရုံးပိတ်ရက်ရှည်များ ဆက်လက်ကြေညာပြီး ဆောင်ရွက်ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်းဩဂုတ်လ ၂၄ ရက်နေ့အထိ stay at Home ကြေညာသည့် မြို့နယ် ၁၁၉ မြို့နယ် ရှိသွားပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို အစိုးရ၊တပ်မတော်၊ ပြည်သူနှင့် လူမှုရေးအသင်းအဖွဲ့များ အားလုံးက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ တတိယလှိုင်း အရှိန်မြင့်တက်နေစဉ်က အောက်ဆီဂျင်နှင့် ပတ်သက်သည့် အခြေခံအဆောက်အဦများလည်း နည်းပါးပြီးဆေးရုံ၊ ဆေးခန်းများ၌ အောက်ဆီဂျင် လိုအပ်ချက်များ ရှိခဲ့သည်။ နိုင်ငံရေးပယောဂဖြင့် ဖျက်ဆီးလိုသူများ၊ ပြည်သူများကို စာနာမှုကင်းမဲ့သူ အချို့ကလည်း ပြည်သူ့ကျန်းမာရေးစနစ် ယိုင်လဲအောင် ပြုလုပ်ခဲ့ကြရာ အောက်ဆီဂျင်ပိုက်လိုင်းများကို ဖျက်ဆီးခြင်း၊ မဟုတ်မမှန် ကောလာဟလသတင်းများ ထုတ်လွှင့်ခြင်း၊ အကြမ်းဖက်မှုများကိုပါ ပြုလုပ်လာကြခြင်းများလည်း ကြုံတွေ့ခဲ့ကြရပါသည်။

အကြမ်းဖက်မှုများမှာ ဆိုးရွားလွန်း

ကိုဗစ်စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်ခြင်း၊ ကာကွယ်ဆေးထိုးနှံသည့် နေရာများကို ချိန်ကိုက် မိုင်းဖောက်ခွဲခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပြီး ကာကွယ်ရေးပစ္စည်းများ ဝေငှပေးသည့် စေတနာ့ဝန်ထမ်းများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများကို ရင်ဆိုင်ခဲ့ကြရပါသည်။ ပြည်သူလူထုတစ်ရပ်လုံးနှင့် တာဝန်သိသူ၊ တာဝန်ရှိသူများက အမျိုးသားရေးဖြစ်သော ကပ်ရောဂါကို ထိန်းချုပ်၊ ကာကွယ် ကုသနိုင်ရန် ပေါင်းစည်းဆောင်ရွက်နေသည့် အချိန်တွင် ကိုယ်ထိလက်ရောက် အကြမ်းဖက် သတ်ဖြတ်မှုများမှာ မယုံနိုင်လောက်အောင် ဆိုးရွားလွန်းလှပါသည်။ ။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသည် နိုင်ငံ့အရေး၊ အမျိုးသားရေး ကိစ္စဖြစ်ပါသည်။ တစ်နိုင်ငံလုံးရှိရောဂါကူးစက်ဖြစ်ပွားမှုများ၊ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်(၁၉) ရောဂါ ကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာသည့် ဇူလိုင်လ၁၂ရက်နေ့မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဦးစားပေး တင်သွင်းခွင့်ပြုပြီး အများပြည်သူ အလုပ်ပိတ်ရက်များတွင်လည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက် ရှိပါသည်။

အောက်ဆီဂျင် လိုအပ်ချက်များနှင့် ပတ်သက် ပြီး အရေးပေါ်ဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများမှ Liquid Oxygen များ တင်သွင်းခဲ့ပါသည်။ Oxygen Concentratorများ တင်သွင်းမှုကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လျင်မြန်စွာတင်သွင်း ခွင့်ပြုပေးလျက် ရှိပါသည်။ နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ ပုဂ္ဂလိကပိုင် Oxygen Plant များမှ ဆေးရုံသုံး အောက်ဆီဂျင် များရရှိရေး အင်အားပြည့်ထုတ်လုပ်ခြင်း၊ အသစ် တည်ဆောက်ခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လိုအပ်သော ဆေးရုံများ၌ပါ ဆေးရုံသုံး အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရန် ရေရှည်မျှော်မှန်း ဆောင်ရွက်နေကြောင်းလည်း သိရှိရပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသော အရည်အသွေးကောင်းမွန်၍ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးများ ဝယ်ယူကာ ဦးစားပေးအုပ်စုများ သတ်မှတ်ပြီး ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိပါသည်။ လက်ရှိဈေးကွက်အတွင်း ကာကွယ်ဆေး အတုအပများကို Online မှသော်လည်းကောင်း၊ အခြားနည်းလမ်းများ ဖြင့်သော်လည်းကောင်း ရောင်းချနေကြပြီး တရားဝင်တင်သွင်းလာသည့် ဆေးများမဟုတ်ဘဲ ဘေးအန္တရာယ်ဖြစ်ပွားနိုင်၍ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကိုသာ ထိုးနှံကြရမည် ဖြစ်ပါသည်။

မည်သူတစ်ဦးတစ်ယောက်မျှချန်လှပ်မည်မဟုတ်

ကာကွယ်ဆေးထိုးပြီးသူများအနေဖြင့် ရောဂါကူးစက်နိုင်ခြေရှိသော်လည်း အောက်ဆီဂျင်ရှူရခြင်း၊ ဆေးရုံတက်ရခြင်း စသည့်ဆိုးကျိုးများ နည်းပါးကြောင်း သိရှိရပါသည်။ တတိယလှိုင်းကာလတွင် အိမ်တစ်အိမ်၌ တစ်ယောက်ကူးစက်ပါက တစ်အိမ်လုံး ကူးစက်ခံရကာ သက်ကြီးရွယ်အိုများ ကူးစက်သေဆုံးပြီး အသက်ဆုံးရှုံးရသူအများစုသည် ကာကွယ်ဆေး မထိုးနှံရသေးသူများဖြစ်ကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၁ ဒသမ ၈သန်းခန့်ရှိပြီး လက်ရှိတွင် ဦးတည် အုပ်စုများဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိပါသည်။ နိုင်ငံတော် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွင် အားလုံးလွှမ်းခြုံမှုရရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်လှပ်ထားမည် မဟုတ်ပါ။

ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးအဆက်မပြတ် ထိုးနှံနိုင်ရန် အစိုးရက ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံမှ ကာကွယ်ဆေး လေးသန်း ဝယ်ယူရရှိခဲ့ပြီး ကာကွယ်ဆေး နှစ်သန်း လှူဒါန်းခဲ့ကြောင်း၊ ယခုလက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဦးစားပေးအုပ်စု ၁၂ စု ခွဲခြားပြီး ထိုးနှံပေး လျက်ရှိကြောင်း၊ ဆေးများအသုတ်လိုက် ရောက်ရှိလာမည်ဖြစ်ပြီး နောက်ထပ်ဆေး ၂၄ သန်း ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ထား ကြောင်းလည်း သိရှိရပါသည်။ ရုရှားနိုင်ငံမှ ကာကွယ်ဆေး နှစ်သန်းရောက်ရှိလာမည် ဖြစ်ပါသည်။ ယခုနှစ်အတွင်း ပြည်သူလူထု၏ ၅၀ ရာခိုင်နှုန်းကို ဆေးအပြီးထိုးနှံနိုင်ရေးနှင့် အခြေအနေပေးပါက ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်အောင် ကာကွယ်ဆေးထိုးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ စစ်ဘေးရှောင်စခန်း (IDP Camp)မှ ပြည်သူများကိုလည်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) အဖွဲ့များ ရှိရာနေရာက အကျုံးဝင်သောပြည်သူများ၊ ဘူးသီးတောင်၊ မောင်တောဒေသနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကိုလည်း ကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ပါသည်။

ဆေးဝါးများ လက်လီလက်ကားရောင်းချပေး

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် အခြေခံ စားသောက်ကုန်များကို ရွေ့လျားဈေးကား (Mobile Market) များဖြင့် လိုက်လံရောင်းချပေးခြင်း၊ ဆေးဝါးများ ဈေးနှုန်းမှန်ကန်စွာရရှိရေး တိုင်းဒေသ ကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဆေးဝါးများ လက်လီလက်ကားရောင်းချ ပေးလျက်ရှိပါသည်။

အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေပြီး ဩဂုတ်လဆန်းတွင် ထိုင်း၊ မလေးရှား၊ ဂျပန်တို့တွင်လည်း စံချိန်တင် ကူးစက်မှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရပါသည်။ ဩစတြေးလျတွင်လည်း ဩဂုတ်လကုန်အထိ တင်းကျပ်သော Lockdown စည်းမျဉ်းများ ချမှတ်မည်ဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်းတွင်လည်း Delta Virus ကူးစက်ပြန့်ပွားနေပါသည်။ ဗီယက်နမ်တွင်လည်း အဆိုးရွားဆုံးရင်ဆိုင်နေရ၍ ဟိုချီမင်းစီးတီး နှင့် တောင်ပိုင်းဒေသတစ်လျှောက် အခြားမြို့နှင့် ပြည်နယ် ၁၈ ခုတွင် တင်းကျပ်သည့်အသွားအလာ ကန့်သတ်မှုချမှတ်ခဲ့ကာ ဂျပန်တွင်လည်း ကိုဗစ်-၁၉ရောဂါကြောင့် အရေးပေါ်အခြေအနေ ကြေညာမှု ကို ဩဂုတ်လကုန်အထိ သက်တမ်းတိုးခဲ့ပါသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ဇူလိုင်လကုန်၌ ရောဂါ ကူးစက်ခံရသူနှင့် သေဆုံးသူစံချိန်တင်မြင့်တက်ခဲ့ပြီးဆေးရုံများတွင် ခုတင်နေရာ ပြတ်လပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရသည်။

သေဆုံးနိုင်ခြေ မြင့်တက်နိုင်

ကူးစက်မှုမြန်သည့် ကိုဗစ်-၁၉ ဗီဇပြောင်းပိုး Delta Virus သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိနေကြောင်း၊ ကမ္ဘာ့စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအဖြစ် WHO က သတ်မှတ်ကြေညာထားသော ဗိုင်းရပ်စ်လေးမျိုးထဲမှAlpha နှင့် Delta တို့သည် ရောဂါပိုးကူးစက်နိုင်မှု၊ ထပ်မံကူးစက်နိုင်မှု ပိုမိုမြင့်မားပြီး ရောဂါပြင်းထန်မှုအခြေအနေဖြင့် ဆေးရုံတက်ရောက်နိုင်ခြေနှင့်သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်လက် မြင့်တက်နေပြီး ဩဂုတ် ၂၄ ရက်နေ့က တစ်ရက်အတွင်း လူနာသစ် ၆၅၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၀၀၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ဆေးပညာရှင်များ၊ ဆရာဝန်၊ သူနာပြုများ၊ တာဝန်သိ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အခြားသက်ဆိုင်ရာဌာနများနှင့်အတူ ပရဟိတ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များကလည်း ပါဝင်ဆောင်ရွက် နေကြပါသည်။ PPE ဝတ်ရုံဖြူအောက်မှ ဖြူစင်သောစိတ်ထားနှင့် ပရဟိတအဖွဲ့ 32028:ąp:3028 Positive o$ɔąp:1 Contact Person များနှင့် ပတ်သက်ပြီး သယ်ယူပို့ဆောင်ပေး ခြင်း၊ သေဆုံးမှုနှုန်းများပြားချိန်တွင် Dead Body များအား ကူညီသယ်ဆောင် သင်္ဂြိုဟ်ပေးခြင်းများ၊ အောက်ဆီဂျင် လိုအပ်သူများကို အောက်ဆီဂျင် ရရှိအောင် ရှာဖွေဆောင်ရွက်ပေးခြင်းများကို ကူညီလုပ်ဆောင်ပေးနေကြသည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရ ပါသည်။

မိမိကစ၍ကာကွယ်ကြရမည်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသည် အမျိုးသားရေးပင်ဖြစ်၍ အားလုံးပူးပေါင်းပါဝင်ကာ မိမိကစ၍ ကာကွယ်ကြရမည် ဖြစ်ပါသည်။ ပြည်သူများကလည်း စည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ခဲ့ကြရာ ဩဂုတ်လတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှု ၂၅ ရာခိုင်နှုန်းအောက်လျော့ကျလာပြီး ဩဂုတ်လ ၂၆ ရက်နေ့တွင် ၂၁ ရာခိုင်နှုန်းရှိကြောင်း သိရ၍ ရာခိုင်နှုန်း ၂၀ ကျော် ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။ တာဝန်သိသူ၊ တာဝန်ရှိသူများက လက်တွဲဆောင်ရွက်ခဲ့၍ တတိယလှိုင်း၏ အမြင့်ဆုံးကာလ ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ၂၆ ရက်နေ့အထိ တစ်လတာအချိန်အတွင်း ရာခိုင်နှုန်းထက်ဝက်ခန့် လျှော့ချနိုင်ခဲ့ပြီး ဆက်လက်၍ ကူးစက်မှုသိသာစွာ လျော့နည်းလာစေရေး စုပေါင်းညီညွတ်စွာ ကြိုးစားလုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

နန္ဒာတိုး