Skip to main content

စာကြည့်တိုက်ပညာ၏ ဖခင် ဆရာကြီး ဒေါက်တာ စည်သူသော်ကောင်း

(ယမန်နေ့ မှအဆက်)

 

ကိုးကွယ်ယုံကြည်သည့် ဘာသာအယူဝါဒအမျိုးမျိုး ကွဲပြားကြသော ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီး ငြိမ်းချမ်း ရေးနှင့် ချစ်ကြည်ရေးကို ရှေးရှုလျက် သင့်မြတ်စွာ နေထိုင်ရေးကို ရည်မှန်း၍ အိန္ဒိယနိုင်ငံတွင် ရှေးက ထွန်းကားခဲ့သော နာလန္ဒတက္ကသိုလ်ကို ပြန်လည် တည်ထောင်ရန် အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ရွေးချယ်သော အကြံပေးပညာရှင်အဖွဲ့ တွင်၂၀၀၇ ခုနှစ်မှစ၍ဆောင်ရွက်လျက်ရှိသည်။

 

အင်္ဂလန်၊ အမေရိကန်၊ သြစတြေး လျ၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ စသည့်နိုင်ငံများတွင် မြန်မာစာပေ၊ စာကြည့်တိုက်နှင့် သုတပညာ၊ မြန်မာ့သမိုင်းနှင့် မြန်မာယဉ်ကျေးမှုဆိုင်ရာ သုတေသနစာတမ်းများစွာကို သွားရောက်ဖတ်ကြားခဲ့သည်။ မြန်မာ နှင့် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါး၊ စာတမ်း၊ စာအုပ်များ ပြုစုခဲ့သည်။

 

ဘုရင့်နောင် မင်းတရားကြီး အကြောင်းစာတမ်း (Accounts of King Bayinnaung's Life and Hanthawady Hsinbyu-mya-shin Ayedawbone a record of his Campaigns) နှင့် မြန်မာ့ စာပေဝေဖန်ရေး စစ်တမ်းအကျဉ်းချုပ် (Brief survey of Myanmar literary criticism) စသည့် စာတမ်းများနှင့် ၁၈ ရာစုက မဟာရတနာပုံတိုက်တော်စိုး ရာဇသင်္ကြန် အမတ်ကြီးရေးသည့် ဇင်းမယ်သမိုင်း ရာဇဝင်ပေစာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ်ထုတ်ဝေသော “Sithu Gamani Thingyan (Maha Yadanabon Tike Taw Sowe). Zinme Yazawin"  စာအုပ်တို့မှာ ထင်ရှားသည်။ ထို့ပြင် From the Librarian's Window, Aspects of Myanmar History and Culture, Myanmar Wonderland အစရှိသည့် စာအုပ်များမှာ ရေးသား ထုတ်ဝေပြီးဖြစ်သည်။ ထွန်းဖောင်ဒေး ရှင်းစာပေဆုကို ၂၀၀၉ ခုနှစ်တွင် မြန်မာ စာပေ၊ မြန်မာစာကြည့်တိုက်ပညာနှင့်

ပေပုရပိုက်အကြောင်း ရေးသားထား wa From the Librarian's Window စာအုပ်ဖြင့် လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် Aspects of Myanmar History And Culture စာအုပ်ဖြင့်လည်းကောင်း  ရရှိခဲ့သည်။ ယင်းစာအုပ်သည် ရန်ကုန်၊ ဘန်ကောက်၊ ပီနန်၊ စင်ကာပူ၊ အိုဆာကာနှင့် မီချီကန် စသည်တို့တွင် ကျင်းပသည့် နိုင်ငံတကာညှိနှိုင်းဆွေးနွေးပွဲများမှာ ဖတ်ကြားခဲ့သည့် စာတမ်းအချို့ကို စုစည်းထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ ယင်း စာအုပ်ထဲတွင် မြန်မာ့သမိုင်းဆိုင်ရာနှင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာဟူ၍ အခန်း နှစ်ခန်းခွဲကာ စာတမ်း ၁၀ စောင်ကို ထည့်သွင်းရေးသားထားသည်။ ယခုအခါ ဆရာကြီးသည် မြန်မာ့စာပေ ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် သမိုင်း ဆိုင်ရာ စာတမ်းပေါင်း ၅၀ ပါဝင်သည့် “Papers From My Shoulder Bag” စာအုပ်ကို ရေးသားထုတ်ဝေပြီး ဖြစ်ပါသည်။ ။

 

 

ဆရာကြီးနှင့် စာပေဗိမာန်ရေစက်

 

ဆရာကြီးနှင့် စာပေဗိမာန်ရင်းနှီးမှုကို ပြန်ပြောင်းတွက်စစ်လျှင် နှစ်ပေါင်း ၇၀ ခန့်ရှိခဲ့ပြီ ဖြစ်သည်။ ဆရာကြီး၏ဖခင် ပညာမင်းကြီး စည်သူဦးကောင်း သည် စာဖတ်ဝါသနာကြီးသူပီပီ စာဖတ်ခန်း၏ စာအုပ်စင်ကြီးတစ်ခုတွင် မြန်မာနိုင်ငံဘာ သာပြန်စာပေအသင်းနှင့် စာပေဗိမာန် စာအုပ်များ ပြည့်လျှံလျက်ရှိရာ စာဖတ်ဝါသနာပါသည့် ဆရာကြီးက အမြဲယူဖတ်ခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်နှင့် ရင်းနှီးခဲ့သည်ဟု ဆိုဖူးသည်။

 

ထိုစာအုပ်တိုင်းတွင် ပါရှိသည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသည့် ဆောင်ပုဒ်ကို အထူးသဘောကျသူဖြစ်သည်။ ဆရာကြီး၏ ဖခင်သည် ( ၁၉၅၁ ခုနှစ်မှာ ကွယ်လွန်သည့် ၁၉၅၇ ခုနှစ်အထိ ပညာမင်းကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖေက အထူးခင်မင်လေးစားသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဦးသိန်းဟန် (ဆရာဇော်ဂျီ) ကကျောင်းသုံးစာအုပ်ပြုစု ထုတ်ဝေရေးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဖခင်က ဆရာ ဦးသိန်းဟန် ရုံးခန်းသို့ မကြာခဏသွားသည်။

 

ထိုစဉ်က ပညာရေးဝန်ကြီးဌာနသည် စာပေဗိမာန်နှင့်ပူးပေါင်းပြီး လွတ်လပ်ရေး ရခါစ ကာလ တွင် အင်္ဂလိပ်ကိုလိုနီခေတ် က ပြဋ္ဌာန်းခဲ့သောကျောင်းသုံးစာအုပ်များ အစား ကျောင်းသုံးစာအုပ် အသစ်များကို စာပေဗိမာန်နှင့်ပူးပေါင်းပြီး ပြုစုထုတ်ဝေခဲ့သည်။ ထိုအချိန်က စာပေဗိမာန်၏ အုပ်ချုပ်ရေးမှူး ဦးစံထွားသည် ဦးကောင်း၏ မိတ်ဆွေဖြစ်သကဲ့သို့ မိခင်ချင်းလည်း ခင်မင်ရင်းနှီးကြသည်။ ဖခင် ဦးကောင်းကြောင့် ဆရာကြီး ဦးသော်ကောင်း၏  ဘဝတစ်လျှောက် လုံး စာပေဗိမာန်နှင့် ရင်းနှီးခဲ့သည်။

 

၁၉၅၁-၅၂ ခုနှစ်တွင် ဖခင်ဦးကောင်း ဦးဆောင်သည့် ပညာရေးလေ့လာရေး မစ်ရှင်အဖွဲ့နှင့်အတူ ရန်ကုန်တက္ကသိုလ်၏ စာကြည့်တိုက်မှူး ဆရာဦးသိန်းဟန်၊ စာပေဗိမာန် အုပ်ချုပ်ရေးမှူး ဆရာ ဦးစံထွားတို့လည်း လိုက်ပါပြီး အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများသို့ ခြောက်လကြာ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ပြည်သူလူထုအတွက် စာကောင်းပေမွန်များ ထုတ်ဝေနိုင်ရေး။ အထူးသဖြင့် မြန်မာ့စွယ်စုံကျမ်းများ ပြုစုရေးကိစ္စကို အလေးထား လေ့လာခဲ့ကြ သည်။ ဖခင်ဖြစ်သူနှင့် ဆရာရင်း ဦးသိန်းဟန် (ဆရာဇော်ဂျီ)နှင့် ဆရာဦးထင်ကြီး | (တက္ကသိုလ်ထင်ကြီး)တို့၏ တိုက်တွန်းတာဝန်ပေးချက်အရ ၁၉၆၄ ခုနှစ်ခန့်မှစ၍ စာပေဗိမာန်၏ လုပ်ဆောင်ချက်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဆရာကြီးသည် ဆရာကြီးဇော်ဂျီ၏ လက်ထောက်စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

 

ဆရာကြီးဇော်ဂျီ၏ တာဝန်ပေးလမ်းညွှန်မှုဖြင့် စာပေဗိမာန် စာကြည့်တိုက် သင်တန်းများကို လည်း ဆရာတိုက်စိုးနှင့်အတူ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် စာပေဗိမာန် ပြည်လမ်း၌ စာကြည့်တိုက် နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပြီး ယင်းဟောပြောချက်များကိုစာကြည့် တိုက်လုပ်ငန်းနှင့် စာကြည့်တိုက်လက်စွဲ စာအုပ်များ ပြုစုထုတ်ဝေခဲ့သည်။ ဆရာတိုက်စိုး၊ ဆရာမစမ်းစမ်းမေတို့နှင့်အတူ ဆရာကြီးဦးသော်ကောင်း ပြုစုထားသည့် မြန်မာစာပေ စာစုစာရင်းကို စာပေဗိမာန်က ၁၉၈၃ ခုနှစ်တွင် စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ နောက်ပိုင်း စာတည်းမှူးချုပ် ဆရာမဒေါ်အုန်းကြည် လက်ထက်တွင် “မြန်မာ့ရည်ညွှန်းစာအုပ်ဟူသည်' စာတမ်းကို ရေးသားတင်သွင်းခဲ့သည်။ ယင်းမှ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ (၁၉၈၇) တွင် ဆရာငြိမ်းကျော်နှင့်အတူ ရှေးခေတ်ဘာသာပြန်သဘောနှင့် အထောက်အကူကျမ်းများ” စာတမ်းကို ရေးသားဖတ်ကြားခဲ့သည်။ အဓိကမှာ အစောဆုံးဘာသာပြန်ကျမ်းများ၊ ဗုဒ္ဓ သာသနာ၊ ပါဠိစာပေမှ မြန်မာပြန်စာပေ များအကြောင်း ဖြစ်သည်။ ။

 

၁၉၈၇ ခုနှစ်တွင် စာပေဗိမာန်က မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်ကို စတင်ထုတ်ဝေခဲ့ရာ စွယ်စုံနှစ်ချုပ် ပြုစု ထုတ်ဝေရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ဥက္ကဋ္ဌမှာ ဆရာ ဦးမျိုးမင်း ဖြစ်သည်။ ထိုမှ ရည်ညွှန်း ကျမ်းစာပေ ပြုစုထုတ်ဝေရေးအဖွဲ့တွင် ပါဝင်လာခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ဆရာ ဦးမျိုးသန့် စာတည်းမှူးချုပ် ဖြစ်လာချိန် တွင် ဆရာကြီးသည် အမျိုးသားစာပေဆု အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ အမျိုးသားစာပေ စိစစ်ရွေးချယ်ရေးကော်မတီတွင် ဒုတိယ ဥက္ကဋ္ဌအဖြစ်နှစ်ပေါင်းများစွာ ဆောင်ရွက် ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ ၂၀၂၀ ပြည့်နှစ် အထိ ဥက္ကဋ္ဌတာဝန် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးအခြေအနေအရ စာပေ တာဝန်များကို ရပ်နားခဲ့ရသည်။

 

ဆရာကြီးသည် စာပေဗိမာန်က ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စွယ်စုံ ကျမ်းတွဲသစ်များ ပြန်လည်ထုတ်ဝေရေးနှင့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်များ ထုတ်ဝေရေးတို့တွင် စာတည်းအဖွဲ့၏ စာတည်းမှူးချုပ်အဖြစ် တက်ကြွစွာ ဦးဆောင်ပါဝင် ဆောင်ရွက်ခဲ့သည်။ စာပေဗိမာန်၏ စာပေလုပ်ငန်းဟူသမျှ တွင် ဆရာကြီး၏ အကြံဉာဏ်နှင့် ဦးဆောင်ကူညီမှုများ ပါဝင်ခဲ့သည်ချည်း ဖြစ်ပါသည်။

 

နိဂုံး

 

ဆရာကြီးသည် မိမိသက်တမ်း တစ်လျှောက် စာကြည့်တိုက်လောက၊ စာပေလောကတွင် စိတ်အားထက်သန်စွာ၊ စိတ်ပါဝင်စားစွာ ဝန်ဆောင်မှုပေးလျက် နှစ်ပေါင်း ၇၀ နီးပါး မြန်မာစာပေ အကျိုးကို ဆောင်ရွက်ခဲ့သူဖြစ်သည်။ ယခု အသက် (၈၄)နှစ် အရွယ်အထိ စာကြည့် တိုက်များဖွံ့ဖြိုးရေး၊ စာအုပ်များ လှူဒါန်းရေးနှင့် ရှေးဟောင်းပေ၊ ပုရပိုက်မှ စာကောင်းပေမွန် များကို ဒစ်ဂျစ်တယ်နည်း (Digitization) နှင့်ထိန်းသိမ်းဖြန့်ဝေရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက် ရှိသည်။ ဆရာကြီး၏ ဇနီးမှာ ဒေါ်ခင်သန်း (စာရင်းကိုင်ချုပ်ငြိမ်း) ဖြစ်ပြီး သားသမီးသုံးဦး ထွန်းကားခဲ့သည်။ ဦးမင်းသော်ကောင်း၊ ဒေါက်တာသန့်သော်ကောင်းနှင့် ဦးမြတ်သော်ကောင်းတို့ ဖြစ်သည်။ ယခုအခါ ဆရာကြီးသည် အမှတ် ၅၂ ဘီ၊ သံလွင်လမ်း၊ ရန်ကုန်မြို့တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။ ဆရာကြီး၏ အသက် ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ ဦးသော်ကောင်း ၇၅ နှစ်ပြည့် အထိမ်း အမှတ် မုဒိတာစာစု” စာအုပ်ကို ထုတ်ဝေ ခဲ့ပြီး အသက် နှစ် ၈ဝပြည့်အထိမ်းအမှတ် အဖြစ်လည်း “ဆရာကြီး ဦးသော်ကောင်း နှစ် ၈၀ ပြည့်စာစုများ” စာအုပ်ကို ထုတ်ဝေ ခဲ့ပြီးဖြစ်ပါသည်။ သို့ပါ၍ ဆရာကြီး အသက် ၁၀၀ တိုင်အောင် မိသားစုနှင့်အတူ သက်ရှည်ကျန်းမာစွာနေထိုင်ပြီး အသက်နှစ် ၁၀၀ ပြည့်အတွက် အမှတ်တရစာစု များ ဆက်လက် ထုတ်ဝေနိုင်ပါစေ ကြောင်းဆုတောင်းမေတ္တာပို့သပါသည်။

 

စာကြည့်တိုက်လုပ်ငန်းများ၊ မြန်မာစာပေ၊ မြန်မာသမိုင်းနှင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ သုတေသနပြုလုပ်ခြင်း၊ စာတမ်းများ ရေးသားခြင်း၊ အထက်ပါ ပညာရပ်နယ်ပယ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဆရာကြီးသည် စာကြည့်တိုက် တပည့်အပေါင်း တို့၏ ခိုနားရာအရိပ် သစ်ပင်ကောင်းကြီး ဖြစ်ပါကြောင်း ဂါရဝတရားရှေ့ထား၍ ဂုဏ်ပြု ရေးသား လိုက်ရပါသည်။

 

စာပေထဲကလူ၊ လူထဲကစာ

စာထဲမှာသူနေ

စာပေမှာ မွေ့လျော်၏။

စာစားကာ အာဟာရနဲ့

ဘဝမှာ စာကိုစွဲ

မြဲလှပါဘိ။

ဆရာသော်တဲ့

စာတော်က စာအဆင့်

မြင့်တဲ့ဂုဏ်ရည်။ ။

သူသိရာ စာအကြောင်းတွေက

စာအပေါင်းရယ် မွှေကာမွေ့

စေ့လို့စုံသည်။

စာပန်းကို သူသီ

စာဝတ်ရည် သူစား။

စာအပွင့်တွေနဲ့ ဖာဝင့်ကာ စာမြိုင်နန်းမှာဖြင့်

ကြိုင်လျှမ်း ရောင်စုံဖြာလို့

ရတနာ စာအသီးတွေနဲ့

ခိုင်ဖြိုးကာ စာဓလေ့ရယ်ကြောင့်

စာစေ့တွေ မြေလွှာထဲ

ကြဲဖြန့်တကား။ ။

စာအုပ်ပေမို့

စာအုပ်နဲ့သူမကွာ

သူ့ရင်မှာ စာအပြည့်။

ရှာကြံကာ ဖွေကာနှိုက်ပါလို့

စာဘဏ္ဍာ ရွှေရတနာသိုက်မှာ

ပျော်ပိုက်နေ၏။

(စာဘဏ္ဍာစိုး ဆရာ ဒေါက်တာသော်ကောင်း သို့) သူရဇော်

 

ပုံ့ပုံ့(စာပေဗိမာန်)