Skip to main content

ကိုဗစ်-၁၉ ၏ လှိုင်းများကို တားဆီးကြစို့

အဆိုးရွားဆုံး ကမ္ဘာ့ကပ်ရောဂါများ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး ကမ္ဘာ့ကပ်ရောဂါ (Pandemic Diseases) (၁၀)ကြိမ် ရှိခဲ့ကြောင်း သိရသည်။

ယင်းတို့မှာ-

(၁) HIV/AIDS- (၂၀၀၅-၂၀၁၂ ခုနှစ်)၊ သေဆုံးသူ ၃၆ သန်း။

(၂) Flu Pandemic- (၁၉၆၈ ခုနှစ်) သေဆုံးသူတစ်သန်း (တုပ်ကွေးရောဂါ)။

(၃) Asian Flu-အာရှတုပ်ကွေးရောဂါ (၁၉၅၆-၅၈ ခုနှစ်)၊ သေဆုံးသူ ၂ သန်း။

(၄) Flu Pandemic (၁၉၁၈ ခုနှစ်)၊ သေဆုံးသူသန်း ၂ဝ မှ သန်း ၅၀။

(၅) Sixth Cholera Pandemic- (၁၉၁၀-၁၉၁၁ ခုနှစ်) သေဆုံးသူ ၈ သိန်း(ကာလဝမ်းရောဂါ)။

(၆) Flu Pandemic-(၁၈၈၉-၁၈၉ဝပြည့်နှစ်)၊ သေဆုံးသူတစ်သန်း (တုပ်ကွေးရောဂါ)။

(၇) Third Cholera pandemic- (၁၈၅၂-၁၈၆ဝ ပြည့်နှစ်)၊ သေဆုံးသူတစ်သန်း(ကာလဝမ်းရောဂါ)။

(၈) The Black Death- (၁၃၄၆- ၁၃၅၃ ခုနှစ်)၊ သေဆုံးသူ ၇၅ သန်းမှ သန်း ၂၀၀ (ပလိပ်ရောဂါ)

(၉) Plague of Justinian- (၅၄၁- ၅၄၂ ခုနှစ်)၊ သေဆုံးသူ ၂၅သန်း(ပလိပ်ရောဂါ)။

(၁၀) Antonine Plague- (အေဒီ၁၆၅)၊ သေဆုံးသူ ၅သန်း (ပလိပ်ရောဂါဖြစ်နိုင်သည်) စသည်တို့ဖြစ်ကြောင်း သိရပါသည်။

လှိုင်းများဖြစ်ရသည့်အကြောင်းရင်း

၁၉၁၈ ခုနှစ်က ဖြစ်ပွားခဲ့သော စပိန်တုပ်ကွေးကပ်ရောဂါသည် သုံးကြိမ်(3 Waves)မျှ ပြန်ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံ တစ်ပုံ(သန်း ၅၀၀) ကျော် ကူးစက်ခံခဲ့ရပြီး သန်း ၅၀ ခန့် သေဆုံးခဲ့ ရပါသည်။ ပထမအကြိမ်ဖြစ်ပွားပြီး အရှိန်ကျသွားပြီးကာမှ ဒုတိယ အကြိမ်က ပိုမိုပြင်းထန်စွာ ဖြစ်ပွားပြန်ပါသည်။ တစ်ဖန် တတိယ အကြိမ်ပင် ထပ်ဖြစ်လိုက်ပါသေးသည်။

ထိုသို့ဖြစ်ပွားရခြင်းမှာ (၁) ပထမအကြိမ်ဖြစ်စဉ်က ကူးလူး ဆက်ဆံမှုများကို ရှောင်ကြဉ်ခဲ့ကြသော်လည်း ဖြေလျှော့မှု (Exit Stratergy)လုပ်လိုက်သောအခါ ပြန်လည်ထိတွေ့နီးကပ်လာကြ သဖြင့် ပြန်လည်ကူးစက်မှုဖြစ်လာခြင်း၊ (၂) ဆေးပညာအရ ကူးစက် ရောဂါပိုးတို့၏ သဘာဝတစ်ခုမှာ Gene Reassortment or Antigenic Shift ခေါ် ဗီဇသဘာဝပြောင်းသွားပြီး ဆက်လက်ကူးစက်တတ်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ

ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်လူနာများ၏ ဗိုင်းရပ်စ်နမူနာများကို လေ့လာရာ ၃၀ ရာခိုင်နှုန်းသည် D614G ဇီဝမျိုးဗီဇပြောင်းလဲသည်ကို တွေ့ရပြီး ယင်း သည် ယခင်ကထက် ကူးစက်နိုင်စွမ်း (Infectiousness) သိသာစွာ ပိုမိုမြန်ဆန်ကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ဆေးသုတေသန ပညာရှင်များ၏ လေ့လာမှုအရ Genomic Sequencing မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ခဲ့ရာ ဓာတ်ခွဲနမူနာ ၁၀ ခုအနက် D614G ဗီဇပြောင်းလဲမှုခြောက်ခု တွေ့ရကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ပိုး၏ မျိုးကွဲများကို အောက်ပါအတိုင်းတွေ့ရှိနိုင်ပါသည်။

Alpha B.1.1.7

ယူကေနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည်။ အခြားမျိုးကွဲများထက် ပိုမို ကူးစက်လွယ်သည်။ ပြင်းထန်သော ထိခိုက်မှုများ၊ သေဆုံးမှုများ ဖြစ်စေနိုင်သည်။

Beta B,1,351

တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိရသည်။ လျင်မြန်စွာ ကူးစက်နိုင်သည်။ အခြားမျိုးကွဲများထက် ပိုမိုပြင်းခြင်း၊ သေဆုံး စေခြင်းများ ဖြစ်စေနိုင်ကြောင်း မတွေ့ရှိရသေးပါ။

Gamma P.1

ဂျပန်နှင့် ဘရာဇီးနိုင်ငံတို့တွင် စတင်တွေ့ရသည်။ လျင်မြန်စွာ ကူးစက်စေနိုင်သည်။ အခြားမျိုးကွဲများထက် ပိုမိုပြင်းခြင်း၊ သေဆုံး စေခြင်းများ ဖြစ်စေနိုင်ကြောင်း မတွေ့ရှိရသေးပါ။

Delta B.1.617,2

အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိသည်။ ပိုမိုလျင်မြန်စွာ ကူးစက် စေနိုင်ပြီး ပြင်းထန်စေပါသည်။

Lambda C.37

ပီရူးနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် တွေ့ရှိသည်။ Delta ထက် ကူးစက်မှု ပိုမိုပြင်းထန်စေ နိုင်သည်။

ကပ်ရောဂါများနှင့် လှိုင်းများ

“ဆုတ်ရေကငင်းဝင်ရေကတွန်း” ဟုဆိုသည့်အတိုင်း ဝင်လာသည့် ရေလှိုင်းကလေးများက ကမ်းစပ်ပေါ်ကို တွန်းတင်လာသည်။ ထို ရေလှိုင်းကပြန်ဆုတ်သွားရာ အချို့က ယင်းနှင့်အတူ ရေထဲပါသွားကြ ရှာသည်။ အချို့ကမူ ကမ်းစပ်မှာ ကျန်ရစ်ကြသည်။ ထိုကဲ့သို့ပင် ကိုဗစ်- ၁၉ ဆိုသည့်ရေလှိုင်းများက အများသူငါတို့ကို ကူးစက်၊ အချို့က ကမ်းစပ်ပေါ်ကျန်ရစ်ခဲ့ကြသော်လည်း အချို့ ကမူ သူဆွဲခေါ် သွားရာသို့ ပါသွားကြရရှာပါသည်။ သူ၏ဆွဲခေါ်ရာသို့ ပါသွားကြရရှာ သူများတွင် အရွယ်ကောင်းများ၊ တန်ဖိုးရှိလူသားများစွာလည်း ပါသွား ကြရသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ကြုံခံစားရပါသည်။ ကိုဗစ်-၁၉ က လှိုင်းတံပိုးများသဖွယ် တစ်ခုပြီးတစ်ခု ရိုက်ခတ်နေပါသည်။ သူ၏ လှိုင်းတံပိုးများကား မနှစ်မြို့ဖွယ် အမှန်ပင်ဖြစ်သည်။

၁၈၈၉- ၁၈၉၂ ခုနှစ်များက ဥရောပနှင့် အမေရိကတိုက်တို့တွင် တုပ်ကွေးကပ်ရောဂါ Influenza outbreak ဖြစ်ပွားစဉ်က လှိုင်း (Wave) ဆိုသည့်အသုံးကို သုံးခဲ့သည်ဟု သိရသည်။ ပထမ စတင် ဖြစ်ပွားစဉ်တွင် သတင်းဌာနများက ဖြစ်ပွားမှုများကို မှတ်တမ်းတင်ခဲ့ ကြသည်။ ကူးစက်မှုများလာရာမှ တဖြည်းဖြည်း နည်းပါးသွားခဲ့ပြီး ကင်းရှင်းသွားပြီဟု ထင်ရလောက်သည့်အခြေအနေ ရောက်လာခဲ့ သည်။ ထို့နောက် တစ်ဖန်ခေါင်းထောင်လာကာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ကူးစက်လာခဲ့ပြန်သည်။ ယင်းကို ဒုတိယလှိုင်း (Second Wave) ဟု အမည်တပ်ခဲ့ရာမှ ကူးစက်ရောဂါကပ်ရောဂါများနှင့် ပတ်သက်ပြီး ထိုသို့ထပ်မံဖြစ်ပွားလာမှုများကို “လှိုင်း” (Wave) ဟု ခေါ်ဝေါ်လာခဲ့ကြသည်။

ကိုဗစ်- ၁၉ ၏ လှိုင်းများ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ယခု ကိုဗစ်- ၁၉ ကပ်ရောဂါ၏ ပထမလှိုင်း (First wave) ဆိုသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတို့ကို ထိန်းချုပ်နိုင်ပြီး ဖြစ်ပွားမှုလည်း သိသာစွာကျဆင်း သွားရသည့် အခြေအနေကိုဆိုလိုပြီး (Second wave) ဆိုသည်က အလားတူ ဗိုင်းရပ်စ်၏ ကူးစက်ပျံ့နှံ့မှုမှာ ထပ်မံဖြစ်ပွားလာပြီး အတိုင်းအတာတစ်ခုအထိ သိသာစွာဖြစ်ပွားလာမှုကို ဆိုလိုကြောင်း ဖော်ပြပါသည်။

ကိုဗစ်- ၁၉ ကပ်ရောဂါတွင် R-factor or R-naught (R သည် reproduction number မျိုးပွားကိန်း) ဖြစ်၍ လူတစ်ယောက်က တခြားသူတစ်ဦးထက်ပိုပြီး ကူးစက်စေပါက(R သည် 1 ထက်ပိုပါက) ယင်းကို epidemic (မူလနေရာမှ အခြားတစ်နေရာသို့ပျံ့နှံ့ခြင်း)၊ သို့မဟုတ် pandemic ကမ္ဘာပတ်ပျံ့နှံ့ခြင်း ဖြစ်နိုင်သည်ဟု သိရပါသည်။ ထိုသို့ဖြစ်ပွားမှုသည် ကာလအတိုင်းအတာတစ်ခုအထိ ကျမသွားဘဲ ဖြစ်နေပါက အထူးဂရုပြုရမည့် အခြေအနေဖြစ်သည်။ R သည် 1 ထက်လျော့သွားပါက အခြေအနေကို ထိန်းနိုင်ပြီဟုလည်း သိရပါသည်။ ထို့ပြင် ဖြစ်ပွားမှုကာလတာရှည်လေ၊ နောက်ထပ်လှိုင်း များထပ်ဖြစ်လာဖို့ အခြေအနေပေးလေလေဖြစ်သည်။ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ခြင်း၊ နောက်ထပ်ဖြစ်မလာစေဖို့ စနစ်တကျ စီမံခြင်းတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဆိုပါသည်။

အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို Spanish Flu Pandemic ၁၉၁၈- ၁၉၂ဝ ပြည့်နှစ် စပိန်တုပ်ကွေး ကပ်ရောဂါနှင့် နှိုင်းယှဉ်လေ့ ရှိကြသည်။ ကူးစက်ပြန့်ပွားပုံက ဆင်တူပြီး စပိန်တုပ်ကွေးမှာ လှိုင်းသုံးခု ရှိခဲ့သည်။ ၂၀၀၉- ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော H1N1 Swine Flu Pandemic(H1N1pdm05) သည်ပင် လှိုင်းနှစ်ခုရှိခဲ့သည်။ ဝက်များမှတစ်ဆင့် လူကိုကူးစက်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဇွန်လမှ ၂၀၁၀ ပြည့်နှစ် သြဂုတ်လအထိ ကြာမြင့်ခဲ့သည်။ အတည်ပြုလူနာ ၄၉၁၃၈၂ ဦး၊ သေဆုံးသူ ၂၈၄ဝဝ ရှိခဲ့သည်။

သို့သော် ကိုဗစ်- ၁၉ မှာ ပိုမိုပြင်းထန်ပါသည်။ ကမ္ဘာတစ်ဝန်း ပထမအကြိမ်(ပထမလှိုင်း)ထက် ဒုတိယလှိုင်းက ပိုမိုပြင်းထန်လှသည်။ အသက်ကြီးသူများ၊ ရောဂါအခံရှိသူများ ကူးစက်ခံရပါက အသက်ကို ကယ်တင်နိုင်ခွင့်မရကြသည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံဆိုလျှင် ပြင်းထန်စွာခံစားရသော နိုင်ငံဖြစ်ပြီး စတုတ္ထလှိုင်းအထိပင် တွေ့ကြုံ နိုင်သည်ဟု ယူဆကြသည်။ ယူကေနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လကုန်ပိုင်းက ကိုဗစ်-၁၉ စတင်ကူးစက်ခံရကြောင်းသိရပြီး မတ်လ ၂၃ ရက်တွင် lock down လုပ်ခဲ့သည်။ ယူကေနိုင်ငံမှာ လှိုင်းသုံးခု တွေ့ကြုံရသည်။ ထိုပထမလှိုင်းအပြီး ဒုတိယလှိုင်းတွင် ကူးစက်ခံရသူ အများစုတို့မှာ အလယ်အလတ်ပြင်းထန်မှုသာ ခံစားကြရသည်။ တတိယလှိုင်းတွင်မူ ပြင်းထန်ခဲ့ပြီး အမျိုးသမီးများ၊ လူငယ်များ၊ အာဖရိကနွယ်ဖွား အသားမည်းသူများ၊ အာရှနွယ်ဖွားနှင့် လူနည်းစု လူမျိုးစုများ အဖြစ်များသည်ကို တွေ့ရသည်။

ကူးစက်ခံရပြီး ပြန်လည်နာလန်ထူဖို့ အချိန်ကာလလည်း အတော် ကြာမြင့်သည်။ စီးပွားရေးအရ များစွာထိခိုက် ခဲ့ရသလိုစာသင်ကျောင်း များပိတ်ရသဖြင့် ပညာရေးအရလည်း နစ်နာမှုများရှိခဲ့သည်။

ကိုဗစ်-၁၉ ၏ ကူးစက်ပြန့်ပွားမှု၊ ထိခိုက်နစ်နာစေမှုများမှာ တစ်နေရာ နှင့်တစ်နေရာ ကွဲပြားနေတတ်သလို လှိုင်းများအသွင်ပြန်လည်ဖြစ်ပွား နေမှုများကလည်း ကွာခြားနေလေ့ရှိသည်ဟု သိရသည်။ ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဥရောပဒေသ၌ ယခုနှစ် ဆောင်းဦး ရာသီတွင် လှိုင်းအသစ်တစ်ခု တွေ့ကြုံရဖွယ်ရှိကြောင်း သတိပေးထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဥရောပဆိုင်ရာ အကြီးအကဲ ဖြစ်သူ Dr. Hans Kluge ကလည်း ကြိုတင်ကာကွယ်စီစဉ်မှုများ ဆောင်ရွက်ထားကြရန်နှင့် ထိုလှိုင်းအသစ်နှင့် တွေ့ကြုံရပါက ဆေးရုံ တက်ကုသရမှုများ၊ သေဆုံးရမှုများနှင့် တွေ့ကြုံရနိုင်သည်ဟု ဇွန်လ ၁ ရက်က ကိုပင်ဟေဂင်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။ ဗီဇပြောင်းပိုးသစ်များ၊ ကာကွယ်ဆေးထိုးမှုဆိုင်ရာ လိုအပ်ချက်များ မပြည့်မီသေးမှုများနှင့် လူတန်းစားအမျိုးမျိုး လူစုလူဝေး ရောနှောမှုများ (social mixing) စသည့်အခြေအနေသုံးခုကြောင့် ဥရောပသာမက ကမ္ဘာ့နိုင်ငံအသီးသီး အတွက် ရင်လေးစိတ်ပူပင်စရာ ဖြစ်နေကြောင်းလည်း ၎င်းကဆိုသည်။

ဥရောပတွင် ခရီးသွားလာမှုများ၊ လူစုလူဝေးလုပ်မှုများ၊ လူမှုရေးအရ တားမြစ်မှုများ လျော့ရဲလာမှုများကြောင့် ကူးစက်မှု ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟုလည်း သိရသည်။ ယခုနှစ် သြဂုတ်လသည် ဥရောပတိုက်အတွက် ဒယ်လ်တာဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ပိုး (Delta dominant) က ထူးခြားစွာ တိုက်ခိုက်လာနိုင်သည်။ ဥရောပတိုက်၏ လူပေါင်း ၆၃ ရာခိုင်နှုန်းတို့သည် ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမ အကြိမ်ကို မထိုးရသေးဘဲ စောင့်ဆိုင်းရလျက်ရှိကြကြောင်း၊ ကာကွယ်ဆေးကို အမြန်ထိုးကြရန်လိုအပ်ကြောင်း၊ နှစ်ကြိမ်အပြည့်ထိုးနှံကြဖို့လိုကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြုထားသော ကာကွယ်ဆေးများသည် delta ပိုးကို ခုခံနိုင်ကြောင်း၊ ပြင်းထန်သောရောဂါ ဖြစ်ပွားမှုလည်း မဖြစ်စေနိုင်ကြောင်း၊ ဥရောပလူထုကို ကာကွယ်ဆေး ထိုးပေးမှုမှာ ၂၄ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း စသည်ဖြင့်လည်း သိရပါသည်။

ကိုဗစ်လှိုင်းအသစ်များကို ကာကွယ်ကြစို့

ထိုသို့ဆောင်ရွက်ရန်မှာ အထွေအထူးမဟုတ်ဘဲရှိပြီးသား၊ သိရှိပြီး သား social measures စသည့် လူတိုင်းလိုက်နာကျင့်သုံးရမည့် အချက်များကို တိကျစွာလိုက်နာခြင်းဖြင့် လူတိုင်းကိုယ်စီက မိမိက အစ ကာကွယ်ကြဖို့သာ ဖြစ်သည်။

ခပ်ခွာခွာနေခြင်း အလေ့အထ အိမ်မှာပဲနေပါ။ ဖြစ်နိုင်သရွေ့ အိမ်ကနေပဲ အလုပ်လုပ်ပါ။ မိသားစု စုစုဝေးဝေးနေပါ။ အသက်ကြီးသူများ၊ ရောဂါအခံရှိသူများ၊ ကလေး ငယ်များ အိမ်ပြင်မထွက်ကြပါစေနှင့်။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ ခွာနေပါ၊ မျက်နှာနှင့် နှာခေါင်းစည်းတပ်ပါ၊ လူစုလူဝေးရှောင်ပါ။

ကောင်းသော သန့်ရှင်းရေးအလေ့အထ

မကြာခဏလက်ဆေးပါ။ ဆပ်ပြာနှင့် စက္ကန့်၂၀ကြာ လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း၊ နှာချေချောင်းဆိုးပြီးတိုင်း၊ မျက်နှာနှင့် နှာခေါင်းကို ထိတွေ့ကိုင်တွယ်မိပြီးတိုင်း လက်ဆေးပါ။ ဆပ်ပြာနှင့် လက်မဆေးနိုင်ပါက အရက်ပြန် ၆၀ ရာခိုင်နှုန်းပါသော လက်သန့် ဆေးရည်ဖြင့် ဆေးကြောပါ။

ဖျားနာနေလျှင်

မိမိကိုယ်တိုင်က နေထိုင်မကောင်းပါက အခြားသူများနှင့် ဝေးဝေး မှာနေပါ။ သီးသန့်ခွဲနေပါ။ ခွဲအိပ်ပါ။ အသုံးအဆောင်များ သီးသန့်သုံးပါ။ မျက်နှာနှင့် နှာခေါင်းစည်းတပ်ပါ၊ ဆေးကုသရန်မှလွဲ၍ အိမ်ပြင်မထွက် ပါနှင့်။ ဆေးရုံဆေးခန်းများသို့ မိမိသဘောနှင့် မသွားသင့်ဘဲ ချိန်းဆို ခေါ်ငင်ပြီးမှသာ သွားပါ။

ကာကွယ်ဆေးထိုးပါ

အသက်ကြီးသူများ၊ ရောဂါအခံရှိသူများအား ဦးစားပေး၍ ထိုးနေ ပါသည်။ လူမှုရေး၊ ကျန်းမာရေးစောင့်ရှောက်သူများ၊ အများပြည်သူ များနှင့် ဆက်ဆံထိတွေ့နေရသူများ အထူးအားဖြင့် ထိုးသင့်ပါသည်။

ကိုဗစ်-၁၉ ရောဂါကြောင့်ကမ္ဘာတစ်ဝန်းလုံးတွင်ယခုအချိန်အထိ ကူးစက်ခံရသူပေါင်းသန်း ၂၀၀ ကျော်ရှိနေပြီး သေဆုံးသူပေါင်း လေးသန်းခန့်ရှိနေပြီဟု သိရသည်။ သို့ဖြစ်၍ ကိုဗစ်- ၁၉ ကပ်ရောဂါ ကြီး၏ကြောက်မက်ဖွယ်လှိုင်းတံပိုးများကို လူတိုင်းတာဝန်သိသိဖြင့် တားဆီးကြပြီး အဆုံးထိအောင် မောင်းနှင်ထုတ်ဖို့ ညီညာကြဖို့ တိုက်တွန်းအပ်ပါသည်။ ။

ကိုးကား

(၁) BMJ British Medical Journal

(၂) CDC(Variants)

(၃) Science Focus(18.8.21)

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)