Skip to main content

သံသရာကြွေးပါမယ့် လုပ်ရပ်တွေကိုပါ ကျူးလွန်လာတဲ့ အကြမ်းဖက်သမားများ

လူမှုမီဒီယာတွေ တွင်တွင်ကျယ်ကျယ်သုံးလာတော့ ကောင်းကျိုးရှိသလို ဆိုးကျိုးကလည်း ကပ်ပါလာတယ်။ ဒေသနီးဝေး ကွာခြားချက်မရှိဘဲ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆက်သွယ်နိုင်တဲ့ ကောင်းကျိုး မျိုးရှိပါရဲ့။ သို့ပေငြား ဆိုးကျိုးအနေနဲ့ လူမှုမီဒီယာတွေ အထူးသဖြင့် ဖေ့စ်ဘွတ်မှာ အဆဲတစ်လိုင်းက ကြီးစိုးနေတယ်။ မကောင်းတဲ့အကျင့်ဆိုတာ ကူးစက်လွယ်တာမို့ ထင်ပါရဲ့။ သူတစ်ပါးနဲ့ အမြင်မတူတဲ့၊ သဘောထားမတူတဲ့ ကိုယ့်ထင်မြင်ချက်ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဖော်ပြရင်း ဖေ့စ်ဘွတ်တင်တာတစ်မျိုး၊ Live လွှင့်တာတစ်မျိုးနဲ့ ခေတ်မီနေသယောင်။

မယဉ်ကျေးတဲ့ အလေ့အကျင့်

တစ်ဦးတစ်ယောက်ချင်းရဲ့ မကောင်းတဲ့ အလေ့အကျင့်ဟာ တခြားသူတွေကို ကူးစက်ပြီး အလေ့အထဖြစ်လာတတ်ပါတယ်။ မြန်မာဆိုတာ ယဉ်ကျေးတဲ့လူမျိုးပေမို့ မယဉ်ကျေးတဲ့ အလေ့ အကျင့်ကို တစ်ဦးချင်းအလိုက် သိမြင်ရှောင်ရှား ကြရမှာပါ။ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဆဲရေး တိုင်းထွာနားမခံသာတဲ့စကား ပြောဆိုမှုကို ရှောင်ရှားတာဟာ ကျင့်ဝတ်တစ်ခုဆိုတာ မမေ့လျော့သင့်ပါ။ တစ်ဖက်သား မကျေနပ်စေတဲ့ စကားမျိုးမှန်သမျှဟာ ဆဲရေးတဲ့အထဲမှာ ပါဝင်ပါတယ်။

“လျှာမ”မဖြစ်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ နှုတ်ထွက်စကားတိုင်းအတွက် လျှာကို အသုံးပြုရပါတယ်။ ကောင်းတဲ့စကားဆိုရာဝယ် လျှာကို အသုံးပြုကြသလို မကောင်းတာဆိုတော့ လည်း ဒီလျှာကိုပဲ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီလိုမကောင်းတဲ့စကားတွေ ဆိုတတ်တာကို လျှာမလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဓားဆိုတာ အရာဝတ္ထုတွေ ဖြတ်တောက်ဖို့ သုံးသလို လျှာနားမ ပုံစံနဲ့ မကောင်းတဲ့စကားတွေဆိုရင်း ကိုယ့်ဘာသာ မထိခိုက်စေဖို့ ဖြစ်ပါတယ်။

လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ အမြင်သဘောထား မတူညီတာတွေ ရှိပါတယ်။ နိုင်ငံရေးခံယူချက်ဆိုတာ ကိုယ်စိတ် ဆန္ဒရှိတဲ့အတိုင်း ရပ်တည်လို့ရပါတယ်။ ဒီလိုပဲ သူတစ်ပါးရဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ NUG နဲ့ သူရဲ့ စေစားရာ PDF အဖွဲ့တွေဟာ ဒီမိုကရေစီလို့ ကြွေးကြော်နေ ပေမယ့် အမြင်မတူသူတွေအပေါ် ဥပဒေမဲ့လုပ်ရပ် တွေ ကျူးလွန်ပြီး နိုင်ငံရေးယုံကြည်ချက်ကို သက်သေပြနေပါတယ်။

သံဃာတော်များကိုပါ ပြောဆိုဝေဖန်

ဒီလိုမတူညီတာတွေ အခြေပြုပြီး ပြောဆိုငြင်းခုံရင်း သံဃာတော်အရှင်သူမြတ်တွေကိုပါ ငြိမ်းချမ်းမှု မရှိတဲ့စကားတွေနဲ့ ပြောဆိုဝေဖန်တာတွေဟာ မကြည်ဖြူရုံတင်မဟုတ်၊ ဆဲရေးတိုင်းထွာတဲ့အပြင် ကာယကံမြောက် မကောင်းမှုတွေကိုပါ ကျူးလွန် ခဲ့ပါတယ်။ ဒီလို ပြစ်မှားစော်ကားတဲ့အထဲ မြင့်မြတ် တဲ့ ရဟန်းသံဃာတွေပါတဲ့အခါ ရေဝတီဟာ သူ့နှုတ်ထွက်စကား ကြမ်းတမ်းမှုအတွက် ဒိဋ္ဌဓမ္မ ဝေဒနိယအကုသိုလ် အကျိုးပေးတော့ အရှင် လတ်လတ်ငရဲရောက်တဲ့အထိ ကံကြွေးကို ခံစားခဲ့ရ တာကို ဖတ်ရှုဖူးပါတယ်။

သံသရာအထိပါမယ့် အကုသိုလ်ကံ

အခုခေတ်မှာလည်း သံဃာတော်အရှင်မြတ်တွေ မှန်းသိသော်လည်း သိရက်နဲ့ပင် ပြစ်တင်ပြောဆိုမှု တွေဟာ သံသရာအထိပါမယ့် အကုသိုလ်ကံတွေ လုပ်နေကြတာ ဖြစ်ပါတယ်။ မင်းကင်းမြို့နယ် ကျေးရွာတချို့က သံဃာတော်တွေကို PDF တွေက လူမှုကွန်ရက်တွေကတစ်ဆင့် သူလျှိုဒလန်အဖြစ် စွပ်စွဲတာ၊ ခြိမ်းခြောက်တာရှိတဲ့အတွက် ဝါတွင်း ကာလမှာ ကိုယ့်ကျောင်းကို ဝါမဆိုရဘဲ တခြား တစ်မြို့တစ်ရွာမှာ တိမ်းရှောင်နေရတာတွေရှိတယ် လို့ သိရပါတယ်။ ဒီလို စွပ်စွဲပြစ်တင်ပြောဆိုရုံတင် မကဘဲ ဆရာတော်တွေကို ကာယကံမြောက် အကြောင်းမဲ့သတ်ဖြတ်တဲ့အကြောင်း ကြားသိရတဲ့ အတွက် ဝမ်းနည်းစရာပါပဲ။

ဩဂုတ် ၁၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် သံပေါက်ကျေးရွာအုပ်စု လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော် ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဂျူးကောဝံသ (၇၄)နှစ်၊ ဝါတော် (၅၄) ဝါကို သတင်းပေး ဒလန်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ PDF တွေက တူမီးသေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူတယ်လို့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကလည်း PDF အကြမ်း ဖက်အဖွဲ့က မင်းကင်းမြို့နယ် ပင်တင်း(တောင်) ကျေးရွာက ကျောင်းထိုင်ဆရာတော် သုမင်္ဂလ သက်တော်(၆၃)နှစ်၊ ဝါတော် (၄၃) ဝါကို ကနီမြို့နယ် မိချောင်းကျေးရွာအနီးမှာ သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်သူတွေဟာ သံသရာအထိပါမယ့် အကုသိုလ်ကံတွေကို ကျူးလွန်နေကြပြီ ဖြစ်ပါ တယ်။ ကိုယ့်နိုင်ငံနဲ့လူမျိုးကို ကျေးဇူးပြုဖို့ ကြိုးစား ရာမှာ မှန်ကန်တဲ့၊ အကုသိုလ်ကင်းတဲ့လုပ်ရပ်တွေ ဖြစ်ဖို့လိုပါတယ်။ အပြုနဲ့အဖျက်ကို သိရှိကြရမှာ ဖြစ်ပါတယ်။ အမှန်၊ အရှိ ဖြစ်တည်မှု မဟုတ်တဲ့ စိတ်ကူးယဉ်နိုင်ငံရေးကို ယုံကြည်ပြီး အသိမှား၊ အမြင်မှားနဲ့ လက်ရှိဘဝတင်မဟုတ်ဘဲ သံသရာပါ မကောင်းတဲ့လုပ်ရပ်တွေ ရပ်တန့်ဖို့လိုအပ်နေပါပြီ။ ဖြိုဖျက်ခြင်းတွေ၊ သတ်ဖြတ်ခြင်းတွေနဲ့ အကြမ်း ဖက်မှုကျူးလွန်သူတွေဟာ ပြုတဲ့ကံကို ပြန်လည် ခံစားကြရမှာပါ။

အမြင့်ဆုံးအကုသိုလ်ကံ

ရတနာသုံးပါးတွင်ပါဝင်တဲ့ သံဃာကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ်ဘဲ အကြမ်းဖက် သတ်ဖြတ်တာတွေဟာ အကုသိုလ် ကံကို အမြင့်ဆုံးကျူးလွန်နေတာ ဖြစ်ပါတယ်။ “သတိမမူ ဂူမမြင်” ဆိုသလို သတိတရား၊ အသိ တရား မလွတ်စေလိုပါ။ အမြင်မှားပြီး အမှား မမြင်စေလိုပါ။ အုပ်စုဖွဲ့ အကြမ်းဖက်ဝါဒဆိုတာ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာကို အသိ၊ သတိ ရှိကြဖို့လိုပါတယ်။ နိုင်ငံရေးမသမာသူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလို့ ဗန်းပြပြီး အဖျက်အမှောင့် အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်စေတာဖြစ်ပါတယ်။ နိုင်ငံရေးအကျိုး အမြတ်ရဖို့အတွက် ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ရာဖြစ်တဲ့ ရတနာသုံးပါးပါ သံဃာတော်တွေကို ပြစ်မှားကျူးလွန် စေတာဟာ ကံကြီးထိုက်မှာ မြေကြီးလက်ခတ်မလွဲပါပဲ။

နိုင်ငံရေးအရ အသာစီးလိုချင်တဲ့အတွက် သံသရာအထိ မကောင်းမယ့် လုပ်ရပ်တွေအထိ ကျူးလွန်စေတဲ့ NUG ရဲ့ ဩဇာအောက်က ရုန်းထွက်ဖို့ အချိန်တန်ပါပြီ။ အွန်လိုင်းပေါ်ကနေ ဆွယ်တရားတွေ ရဲရဲတောက်ဆိုရင်း NUG က ဘေးလွတ်ရာမှာပဲ ရှိနေတာကို သတိပြုပါ။ NUG ရဲ့ ဩဇာအောက်က လူငယ်တွေမှာတော့ အသက်တွေ၊ အနာဂတ်တွေ ပေးရတာတွေ များလှပါပြီ။ NUG က ဗုံးခွဲ၊ မီးရှို့၊ လူသတ် အကြမ်းဖက်ခြင်းတွေ ပြည်တွင်းမှာ ကျူးလွန်စေတဲ့အတွက် ရဟန်းရှင်လူ ပြည်သူအပေါင်းမှာ စိုးတထိတ်ထိတ်နဲ့သာ။

ကိုယ့်ကျင့်တရားကို တန်ဖိုးထား လူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးနေကြတာလို့ ဆိုကြသလို ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ဘယ်သူမပြု မိမိမှုသာ။ ဒါကြောင့် ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်ပါစေနဲ့။ ကံငါးပါးကို စောင့်ထိန်းတဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ကြပါစေ။ မီးရှို့၊ လူသတ်တဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ချက်မမှားစေဘဲ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေလို့သာ ဆန္ဒပြုရေးသားလိုက်ရပါတယ်။ ။

မေဝင့်ရှိန်