လူငယ်တွေနိုင်ငံရေးအသုံးချခံမဖြစ်ဖို့ဆိုရင်
CRPH နဲ့ NUGတို့ဟာ တော်လှန်ရေးအမည်ခံပြီး တိုက်ခိုက်မှုတွေဟာ တော်လှန်ရေး အသွင်ကနေ အကြမ်းဖက်လုပ်ရပ်အသွင်ကိုသိသိသာသာ ပြောင်းလဲလာတာကိုတွေ့ရပါ တယ်။ ဒီတော့တော်လှန်ရေးဆိုတာဘာလဲ၊ အကြမ်းဖက်လုပ်ရပ်ဆိုတာ ဘာလဲဆိုတာ ခွဲခြားကြည့်ဖို့ လိုလာပါတယ်။ ဘာကြောင့်လဲဆိုတော့ NUG ဟာ တော်လှန်ရေးဆိုတဲ့ မှိုင်းတိုက်ပြီး လူငယ်တွေကို အသုံးချလာလို့ပဲဖြစ်ပါတယ်။ တော်လှန်ရေးနဲ့ အကြမ်းဖက်လုပ် ရပ်ကိုလေနဲ့ဝမ်းမကွဲတာကြောင့် ပြောင်းပြန်အကျိုးသက်ရောက်လာနိုင်ပါတယ်။ အသုံးချလိုသူတွေက ကျိုးကြောင်းမဆီလျော် တဲ့ မျှော်လင့်ချက်တွေ၊ မက်လုံးတွေပေးပြီး
တော်လှန်ရေးလို့ ဆိုနေပေမယ့် လက်တွေ့ဖြစ်နေတာကတော့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်လာတာဟာ အသုံးချခံနေရတဲ့ လူငယ်တွေအတွက်ရော၊ အပြစ်မဲ့ပြည်သူတွေကိုပါ များစွာထိခိုက်စေပါတယ်။ ဒီအတွက် ရေရှည်မှာဖြစ်လာနိုင်တဲ့ နာကြည်းမှုနဲ့ လက်စားချေမှု အကျိုးဆက်တွေကို ကြိုတင်မျှော်တွေးထားဖို့ဖြစ်ပါတယ်။ နိုင်ငံအတွက်ရေရှည် ဖြစ်လာနိုင် တဲ့အကျိုးဆက်တွေကို မျက်ကွယ်ပြုပြီး လတ်တလောဖြစ်ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဆင်ကန်းတောတိုးလုပ်ဆောင်နေတာဟာ ပစ္စုပ္ပန်မကြောက်၊ သံသရာမကြောက် လုပ်ရပ်တွေပဲဖြစ်ပါ တယ်။
ပြဿနာတစ်ရပ် ဖြေရှင်းနည်းမှာ ဖြစ်ချင်တာတွေ၊ အတ္တတွေ၊ စိတ်ခံစားချက်တွေ၊ သူတစ်ပါးရဲ့ ကြိုးကိုင်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေနဲ့ ဖြေရှင်းလို့ အဖြေမှန်ရဖို့ မလွယ်ကူပါဘူး။ ပြဿနာ တစ်ရပ်ဖြေရှင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်မှာ ပြဿနာကို ပြေလည်စေဖို့၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပြဿနာကို ပိုမို ဆိုးရွားလာစေပြီဆိုရင်၊ ပဋိပက္ခကို ပိုမိုနက်ရှိုင်း စေနေပြီဆိုရင် အဲဒီဖြေရှင်းနည်းလမ်းမှာ လွဲမှားမှုတွေရှိနေနိုင်ပါပြီ။
ဖြေရှင်းဖို့နည်းလမ်းများစွာရှိ
ပြဿနာတစ်ရပ်ကို ထိထိရောက်ရောက် ဖြေရှင်းဖို့နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီထဲမှာမှ ထိရောက်မှန်ကန်တဲ့ ပြဿနာဖြေရှင်းနည်းမှာယေဘုယျအားဖြင့် အဆင့်ခုနစ်ဆင့် လိုအပ် ပါတယ်။ ပြဿနာကို သတ်မှတ်ဖော်ထုတ်ခြင်း၊ ဖြစ်နေတဲ့ပြဿနာကို ပိုင်းခြားသုံးသပ်ခြင်း၊ ပြဿနာကို ပုံဖော်ခြင်း၊ ပြဿနာဖြစ်ရတဲ့ အရင်းခံ အကြောင်းတရားတွေကို ရှာဖွေခြင်း၊ အခြားဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို စဉ်းစားခြင်း၊ ဖြေရှင်းမှုကို အကောင်အထည်ဖော်ခြင်း၊ ထွက်လာတဲ့ အကျိုးဆက်တွေကို အကဲဖြတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။အဲဒီဖြေရှင်းမှု အဆင့်တိုင်းဟာ အရေးကြီးပါတယ်။ အချက်အလက်အခြေပြု ဖြေရှင်းနည်း ဖြစ်ဖို့ လိုပါတယ်။ ပြဿနာရဲ့ အရင်းခံအကြောင်း တရားတွေကို မှန်မှန်ကန်ကန်ချဉ်းကပ်ရှာ ဖွေနိုင်မှ ပြဿနာဖြေရှင်းဖို့နည်းလမ်းကို ရွေးချယ်နိုင်မှာပါ။ ဖြေရှင်းမှုအဆင့်တိုင်းမှာ အချက်အလက် မစုံလင်တာ၊ စိတ်ခံစားချက်တွေပါဝင်တာ၊ ပြင်ပလွှမ်းမိုးမှု ရှိနေတာတွေဟာ ပြဿနာကို ပိုင်းခြားသုံးသပ်ရာမှာ ဖြစ်စေ၊ နည်းလမ်းရွေးချယ်ရာမှာဖြစ်စေ လွဲမှားစေ ပါလိမ့်မယ်။ အဲဒီလိုလွဲမှားသွားမယ်ဆိုရင် နောက်ဆက်တွဲ အဆင့်တွေမှာလည်း ဆက်လက်ပြီး လွဲမှား သွားမှာပါ။
ပဋိပက္ခဆိုတာ ရှိတတ်ကြစမြဲ
လူတစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား နိုင်ငံရေးအယူအဆ၊ သဘောထားကွဲပြား မှုရှိတတ်ကြတာမို့ ပဋိပက္ခဆိုတာရှိတတ်ကြစမြဲပါ၊ ပဋိပက္ခရှိတာထက်ဖြစ်လာတဲ့ ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်အောင် ဘယ်လိုဖြေရှင်းမလဲဆိုတာက ပိုလို့အရေးကြီး ပါတယ်။ ပြဿနာတစ်ရပ်ကို ဖြေရှင်းနေတာလား၊ ပြဿနာတွေကိုထပ်ပြီး မီးမွှေးနေတာလားဆိုတဲ့ အဘက်ဘက်က ရေတိုရေရှည် အကျိုးဆက်တွေကို ထည့်သွင်း စဉ်းစားကြရမှာပါ။ ဒီသဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ဆိုပြီး စာသင်ကျောင်းတွေကို မီးရှို့၊ သံဃာတွေကို သတ်ဖြတ်၊ ဓမ္မာရုံတွေကို ဗုံးခွဲ တိုက်ခိုက်၊ ကိုယ်နဲ့ သဘောထား မတူသူတွေကို သတ်ဖြတ်၊ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်၊ လစ်ဟာတဲ့နေရာ ဗုံးခွဲဆိုတဲ့ နည်းလမ်းတွေဟာ အထက်မှာဆိုခဲ့တဲ့ တော်လှန်ရေးလုပ်ရပ်လား၊ အကြမ်းဖက်လုပ်ရပ်လား၊ မှန်ကန်တဲ့ပြဿနာ ဖြေရှင်းခြင်းနည်းလမ်းလားဆိုတာ ခွဲခြားဆင်ခြင်ကြရပါလိမ့်မယ်။
နိုင်ငံရေးသိပ္ပံမှာ တော်လှန်ရေးဆိုတာ နိုင်ငံ ရေးဆိုင်ရာ မကျေနပ်မှုတွေ ဒါမှမဟုတ် အများ အားဖြင့် (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖိနှိပ်မှုလို့ ယူဆတဲ့အတွက်ကြောင့် အစိုးရကို လူထုက ဆန့်ကျင်တော်လှန်တဲ့အခါ ဖြစ်ပေါ်လာတဲ့ နိုင်ငံ ရေးအာဏာနှင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းအတွင်းမှာ အခြေခံကနေဖြစ်ဖြစ်၊ တချို့တစ်ဝက် ဖြစ်ဖြစ် ရုတ်တရက် ပြောင်းလဲမှုလို့ ဆိုပါတယ်။ Oxford Learners Dictionaries မှာတော့တော်လှန် ရေးကို ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးစနစ်တစ်ရပ် ပြောင်းလဲဖို့အတွက် အထူးသဖြင့် အင်အားသုံးပြီးလူထု အများစုရဲ့ အောင်မြင်သောကြိုးပမ်းမှုကို တော်လှန်ရေးလို့ဖွင့်ဆိုထားပါတယ်။ အင်အားသုံး ခြင်းဆိုရာမှာ အကြမ်းဖက်တဲ့နည်းလမ်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။
အကြမ်းဖက်မှုဆိုသည်မှာ
အကြမ်းဖက်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ တစ်ပြေးညီတိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံ မှာ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ(၂၀၁၄) ပုဒ်မ၃၊ ပုဒ်မခွဲ(ခ)မှာတော့ အကြမ်းဖက်မှုဆိုသည်မှာ ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)ရဲ့ ပုဒ်မခွဲငယ် (၁၃)မှာ အများပြည်သူ အတွင်း ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အ စည်းတစ်ခုခုအား ဥပဒေနှင့်မညီသည့်လုပ်ရပ်တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်း တို့ကိုရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲ ဖြစ်နေသည့်အခြေအနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်းမရှိသည့် အခြားသူ တစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်း အထန် နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများလို့ ဖွင့်ဆိုပါတယ်။
ဒီတော့ လက်ရှိဖြစ်နေတဲ့ အစိုးရကို ဆန့်ကျင် တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက် အတွက် ဦးတည်လုပ်ဆောင်နေတာထက် အပြစ်မဲ့ပြည်သူ တွေအပေါ် အကြမ်းဖက်တိုက် ခိုက်နေခြင်းလို့ ဥပဒေအရ သတ်မှတ်ရမှာပါ။ ဒီလိုအကြမ်းဖက်လုပ်ရပ် တွေမှာ လူငယ်တွေ အသုံးချဖို့ လူငယ်တွေအကြား အမုန်းတရားတွေရိုက်သွင်း၊ မျှော်လင့်ချက်တွေပေး၊ ငွေနဲ့ စည်းရုံး၊ အကြောက်တရားနဲ့ ဖိအားပေး လုပ်ဆောင်နေတာဟာ လူငယ်တွေရဲ့ ဘဝတွေ၊ အနာဂတ်တွေကို ဖျက်ဆီးနေခြင်းသာ ဖြစ်ပါတယ်။ ( အကြမ်းဖက်လုပ်ရပ်တွေကို စီမံနေသူတွေကတော့ အန္တရာယ်ကင်းတဲ့နေရာတွေကပဲ ဦးဆောင်နေတာ ဟာလည်း ယင်းတို့ရဲ့ နောက်ကွယ်က ရည်ရွယ်ချက် ကို ခန့်မှန်းဖို့ လိုပါလိမ့်မယ်။လူငယ်တွေ အနေနဲ့လည်း အမှားအမှန်၊ အကောင်းအဆိုး၊ ဖြစ်သင့် မဖြစ်သင့်၊ လုပ်သင့်မလုပ်သင့် ကိုယ်တိုင် ချင့်ချိန်ဆုံးဖြတ်ကြရမှာပါ။ နိုင်ငံရေးဆိုတာ လှည့်ကွက်များလှပါတယ်။ နိုင်ငံ ရေးထောက်ခံမှုရဖို့အတွက် ကောင်းတာပဲပြောပြီး မကောင်းတာတွေကို ဖုံးကွယ်ထားတတ်တဲ့ နိုင်ငံရေး လှည့်ဖြားမှုတွေကို သိမြင်ဖို့လိုပါမယ်။ ဒါမှ နိုင်ငံရေးမာယာတွေကြားမှာ လူငယ်တွေ အနေနဲ့ ထိုးကျွေးမခံရဖို့ သတိပြုဆင်ခြင်နိုင်မှာပါ။ လူငယ်တွေ ကိုယ့်နိုင်ငံအရေးကို စိတ်ဝင်စားတာဟာ ကောင်းတဲ့လက္ခဏာလို့ ပြောနိုင်ပေမယ့် နိုင်ငံရေးမှာ အသုံးချခံနေရတာကတော့ ကောင်းတဲ့လက္ခဏာ လို့ပြောလို့မရ ပါ ဘူး။ အထူးသဖြင့်တက်ကြွလှုပ်ရှား နေကြတဲ့လူငယ်တွေကို Genz လို့ဆိုပြီး မြှောက်ပင့် မှိုင်းတိုက် ဆွဲဆောင်နေတာ တွေ့ရပါတယ်။
အခုသတ်မှတ်ပြောဆိုနေတဲ့ Generation သတ်မှတ်တာဟာ ကာလအပိုင်းအခြားနဲ့ သတ်မှတ် ထားတာ အားလုံးအသိပါ။ ဥပမာအားဖြင့် Baby Boomerဆို ၁၉၄၆ မှ ၁၉၆၄ အတွင်း မွေးဖွားသူတွေ ကို ခေါ်တာပါ။ ၁၉၆၅ မှ ၁၉၈၁ အကြား မွေးသူတွေ ကိုတော့ Generation X တွေလို့ သတ်မှတ်ပါတယ်။ Generation Y တွေဟာ ၁၉၈၂ နဲ့ ၁၉၉၄ အကြား မွေးသူတွေဖြစ်ပါတယ်။ Gen Z တွေကတော့ ၁၉၉၅ နဲ့ ၂၀၁၀ အကြား မွေးဖွားသူတွေ ဖြစ်ပါတယ်။ တိုးတက်တဲ့ နည်းပညာခေတ်မှာ မွေးဖွားလာသူတွေ လည်းဖြစ်ပါတယ်။
Gen Z နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ
သတိပြုသင့်တာက အဲဒီသတ်မှတ်ချက် တွေဟာ ခေတ်ကာလအချိန်အပိုင်းအခြားအရ သတ်မှတ်ခဲ့တာပါ။ ဒီတော့ Gen Z ဆိုတိုင်း အားလုံး ကို တစ်ပြေးညီလို့ဆိုလို့မရနိုင်ပါဘူး။ ဥပမာအားဖြင့် အမေရိကန်မှာ မွေးဖွားကြီးပြင်းလာတဲ့ Gen Z နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအောက်မှာ မွေးဖွား ကြီးပြင်းလာတဲ့ Genzရဲ့ အရည်အသွေးအခြေအနေ တူနိုင်ပါ့မလား။ ဒီလိုပြောလို့ ကိုယ့်နိုင်ငံက Gen Z တွေကို နှိမ့်ချလိုတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ မတူညီနိုင်တဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားနိုင် ဖို့ပါ။ အမေရိကန်မှာမွေးတဲ့ Genz ဟာ မိသားစုပြုစု ပျိုးထောင်မှု၊ ပညာရေးအခြေအနေ၊ ဒီမိုကရေစီ အလေ့အထစတဲ့ အခြေအနေအောက်မှာ ကြီးပြင်းကျင်လည်ခဲ့ရတာပါ။ ရန်ကုန်က Gen Z အရည် အသွေးနဲ့ တောနယ်က Gen Z အရည်အသွေး မတူနိုင်သလိုပါပဲ။ လူငယ်တစ်ဦးမှာရှိတတ်ကြတဲ့ ပင်ကိုဗီဇအရည်အသွေးချင်း တူနေတောင်မှ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် မတူတဲ့အတွက် အသိအမြင်၊ ပညာရေး၊ လေ့လာဆည်းပူးနိုင်မှု၊ အတွေ့ အကြုံဆိုတာတွေက မတူနိုင်ပါဘူး။
ဒါပေမယ့် အခုလိုအချိန်ကျမှ လူငယ်တွေကို Gen Zတွေလို့ မြှောက်ပင့်ပြီး အကြမ်းဖက်လုပ်ရပ်တွေမှာ ရှေ့တန်းတင်လာကြတာက အငှားဗိုက်နဲ့ ဓားထိုးခံခိုင်းနေ သလိုပါပဲ။ လူငယ်တွေကို နေရာ ပေးတယ်ဆိုရင် ကိုယ်အာဏာရစဉ်က Gen Z တွေကို ဘယ်လောက်အထိ နေရာပေးခဲ့လဲ။ ဘယ်လောက် ပြုစုပျိုးထောင်ခဲ့လဲဆိုတာ ပြန်စဉ်းစားကြဖို့ လိုပါလိမ့်မယ်။ အကြမ်းဖက် တိုက်ခိုက်ချိန်ကြမှ Gen Z တွေကို ရှေ့တန်းတင် တာဟာ ရိုးသားတဲ့နိုင်ငံရေး ဟုတ်၊ မဟုတ် စဉ်းစား စရာပါ။ လူငယ်တွေ နိုင်ငံရေးကို ပါဝင်ခဲ့တာ၊ ဦးဆောင်ခဲ့တာ မြန်မာနိုင်ငံမှာ အထင်အရှားရှိပြီးသားပါ အခြားသူမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသားဘဝ အသက် ၂၀ လောက်မှာပဲ နိုင်ငံ ရေးကို စတင်လုပ်ကိုင်နေပါပြီ။ သူတို့ခေတ် သူတို့ အခြေအနေအရလည်း ပါဝင်ပါတယ်။ ဒီနေ့ခေတ်လိုဆို Gen Z အရွယ်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့တော်လှန်တိုက်ခိုက်ခဲ့တာ ကမ္ဘာမှာနေမဝင် အင်ပါယာကို ထူထောင်ခဲ့တဲ့ နယ်ချဲ့အင်္ဂလိပ်ကိုပါ။ နယ်ချဲ့ကို ရနိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ တော်လှန် တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဒီကနေ့လို ကိုယ့်နိုင်ငံအတွင်းမှာ၊ ကိုယ့်နိုင်ငံသားအချင်း ချင်းအပေါ် အကြမ်းဖက်နည်းတွေနဲ့ မလုပ်ခဲ့ပါဘူး။ နိုင်ငံရေးမှာ အသုံးချခံ မဖြစ်ခဲ့ပါဘူး။ နိုင်ငံရေးကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ smart power ကို သုံးပြသွားခဲ့ပါတယ်။ အဲဒီလို သုံးနိုင်အောင်လည်း ပြည်တွင်း ပြည်ပနိုင်ငံရေးဝမ်းစာပြည့်ဝခဲ့ ပါတယ်။ဒီတော့ လူငယ်တွေအနေနဲ့ နိုင်ငံမှာလက်ရှိ ဖြစ်နေတဲ့နိုင်ငံရေးအကျပ်အတည်း တွေကို ဖြေရှင်းဖို့ကြိုးစားကြရာမှာ ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်း ကြမလဲဆိုတာ ကိုယ်တိုင်ဝေဖန်စဉ်းစားကြဖို့ လိုပါတယ်။ ရိုးသားတဲ့ နိုင်ငံရေးလား၊ မရိုးသားတဲ့ နိုင်ငံရေးလားဆိုတာ သူတစ်ပါးပြောတာထက် ကိုယ်တိုင်သိရှိမှ သူတစ်ပါး ကြိုးဆွဲခံရတာ၊ အသုံးချခံရတာကိုရှောင်ရှားနိုင်ပါလိမ့်မယ်။ မတူညီတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲတာတွေ ကို သခင်စိုးခေါင်းဆောင်တဲ့ ကွန်မြူနစ်ပါတီ (ဗမာပြည်) ကြွေးကြော်သလို သေရဲတာ အလံနီ၊ သတ်ရဲတာ အလံနီလို့ ဆိုလို့မရပါဘူး။ အဲဒါဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး၊ အစွန်းရောက် မိုက်ရူးရဲ ဆန်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဒီမိုကရေစီကိုလိုလားလို့ လုပ်ဆောင်တာဆိုရင် ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာ သင့်ပါတယ်။
ဒီမိုကရေစီစနစ်ဟာ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အခြေအနေများ မပါဝင်ဘဲ မတူကွဲပြားမှုတွေကို စီမံခန့်ခွဲတဲ့စနစ်တစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဟာ ပဋိပက္ခကို စီမံခန့်ခွဲခြင်း (managing) နဲ့ အစီအစဉ်ကျနစေခြင်း (Processing) အတွက် စနစ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပါမောက္ခ Adam Przeworski ကဆိုဖူးသည်။ ကြီးကြီးမားမား မားမားရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပုံသေကားကျနည်းလမ်းသတ်မှတ်ချက်ထက် မိမိ နိုင်ငံ၊ မိမိလူမျိုးအခြေအနေ၊ ပဋိပက္ခဇာစ်မြစ်၊ နိုင်ငံရေးအသိရေချိန်၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ စတဲ့ အခြေခံအကြောင်းတရားပေါ် မူတည်ပြီး ( ဖြေရှင်းကြဖို့ လိုပါတယ်။
ဒီလိုအခြေအနေမှာ လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာ အသုံးချခံမဖြစ်ဖို့ဆိုရင် ဖြစ်နေတဲ့ ပြဿနာတစ်ရပ်ကို ဘယ်လိုထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေကြရမှာပါ။ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမှန်မှ ပြဿနာပြေ လည်မှာပါ။ ဖြေရှင်းတဲ့နည်းလမ်း မှားယွင်းတာနဲ့အမျှ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ မိမိကိုယ်တိုင်အတွက်ရော၊ အပြစ်မဲ့ပြည်သူ အတွက်ပါ အတောမသတ်နိုင် ဖြစ်သွားနိုင်တာကို ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်နေပါပြီ။ ။
မျိုးငြိမ်းငယ်