Skip to main content

ကမ္ဘာ့လူသားများနှင့် ကိုဗစ်ရောဂါပြဿနာကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ အလေးအနက်ထား စဉ်းစားအဖြေထုတ် ကုစားကြဖို့ အချိန်တန်ပြီ

လူ့လောကတွင် နေခဲ့ရသည့် သက်တမ်းအနှစ်ရှစ်ဆယ်ကျော်အတွင်း ကမ္ဘာ့ကပ် အသီးသီးကိုလည်း တွေ့ကြုံခဲ့ရဖူးပါသည်။ ဥပမာဂျပန်ခေတ်က ဝဲရောဂါ၊ ဒေသအလိုက် ကွက်ကျားဖြစ်သည့် ရောဂါဖြစ်သည်။ အလားတူ ပုလိပ်ရောဂါလည်း ဒေသအလိုက်၊ မြို့ပြအလိုက်၊ ကျေးရွာအလိုက်ကွက်၍ ဖြစ်ပွားခဲ့သဖြင့် ပုလိပ်ရောဂါဖြစ်သည့် ရွာကိုပစ်၍ ပြေးသဖြင့် အသက်ဘေးမှ လွတ်ဝေးခဲ့ကြသည်လည်း ရှိသည်။ ကျောက်ကြီးရောဂါ ဖြစ်စဉ်ကလည်း ကပ်ရောဂါဆိုသော်လည်း လူတိုင်းကို မကူးစက်ပါ။ အထူးသဖြင့် ကလေးများကို အကူးအစက်များပြီး သေကျေမှုများပါသည်။

ထိုသို့သော ဝဲရောဂါ၊ ပုလိပ်ရောဂါ၊ ကျောက်ရောဂါတို့ အားလုံး သည် ကုသရန်ဆေးဝါးရှိသည်။ ကုသ၍လည်း ရခဲ့သည့်အတွက် ကြောက်စရာရောဂါများဟု မဆိုနိုင်တော့ပါ။ မကြာသေးမီ ကာလက ပေါ်ပေါက်ခဲ့သည့် လူတွေကြောက်ပြီး ကုမရသည့်ရောဂါတစ်မျိုးမှာ အေအိုင်ဒီအက် (AIDS) ရောဂါကို ကုရာနတ္ထိဆေးမရှိဟု ဆိုကြသည်။ ဤရောဂါသည် တကယ်တော့ လူတိုင်းကြောက်စရာမလိုပါ။ စာရိတ္တ ချို့ယွင်းသူများသာ ဖြစ်ပွားတတ်သောရောဂါ ဖြစ်ပါသည်။ လူတချို့ မတော်တဆကူးစက်သည်ဆိုသော်လည်း အများအပြား မဟုတ်ပါ။ အနည်းစုသာ ဖြစ်ပါသည်။ ယခုတော့ အနေအထိုင်ဆင်ခြင်လျှင် ကုသ၍ရသောရောဂါဟုပင်အေအိုင်ဒီအက်ကို အသိအမှတ်ပြုလိုက်ကြပါသည်။

ရှေးယခင်အခါက ကမ္ဘာကို ဒုက္ခပေးခြိမ်းခြောက်ခဲ့သည့် ပထမကမ္ဘာစစ်ကြီး၊ ဒုတိယ ကမ္ဘာစစ်ကြီးများ အဏုမြူလက်နက်၊ ဟိုက်ဒရို ဂျင်လက်နက်နှင့် ကမ္ဘာ့ကပ်ရောဂါ အမျိုးမျိုးတို့သည် လောကကြီး တစ်ခုလုံးကို သိမ့်သိမ့်တုန်သွားအောင် မခြောက်လှန့်နိုင်ခဲ့ပါ။ သူတို့မှာ ဖြေလျှော့စရာအချက်များ ရှိခဲ့ပါသည်။

စစ်ကိုငြိမ်းချမ်းရေးရယူ၍ ပြေလည်နိုင်ခဲ့သည်။ ရောဂါကို ဆေးပညာရှင်များ၏ အစွမ်းအစဖြင့် ချေဖျက်နိုင်ခဲ့ပါသည်။

ယခုကာလတွင် ဖြစ်ပွားနေသော ကိုဗစ်- ၁၉ ရောဂါသည်သာ ကမ္ဘာကြီးတစ်ခုလုံးကို လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ရောဂါဖြစ်ပွားနှုန်းက တစ်နေ့တစ်မျိုးမရိုးရအောင် မြင့်မားနေသည်မှာ သူ့စွမ်းအားပင် ဖြစ်နေသည်။

ကိုဗစ်ကို ချီးကျူးစရာတစ်ခုတော့ ရှိနေပါသည်။ ယနေ့ခေတ် ကုလသမဂ္ဂအဖွဲ့ကြီးကဲ့သို့ ရန်ပုံငွေ များများတတ်နိုင်သည့်ဘက်ကို လည်း မလိုက်ပါ။ အင်အားကြီးသည်၊ အင်အားငယ်သည်။ နိုင်ငံကြီး သည်။ ငယ်သည်။ အုပ်စုတောင့်သည်။အုပ်စုအားနည်းသည်ကိုကြည့်ပြီး ဘယ်သူ့ဘက်မှ မျက်နှာမလိုက်ပါ။ ကိုဗစ်ကသူ့အကွက်ထဲဝင်လာလျှင် အကုန်စားမှာဖြစ်ပါသည်။

 

နေရာတကာတွင် လူတွင်ကျယ်လုပ် ဗိုလ်ကျချင်သည့် အမေရိကန်

 

သာဓကအားဖြင့် အမေရိကန်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်လက်နက်အင်အား စသော စူပါပါဝါ ကြီးသုံးခုကို ကိုင်ဆောင်ထား ပြီး နေရာတကာတွင် ငါသာလျှင် အတော်ဆုံး၊အတတ်ဆုံး၊ အင်အား အရှိဆုံး၊ ငါ့ကို မည်သူမျှ မပြိုင်နိုင်ပါဟူသော သဘောဖြင့် (I am American) ငါဟာ အမေရိကန်လူမျိုးဟူ၍အမြဲမပြတ် ဂုဏ်ယူဝင့်ကြွား ပြောဆိုနေထိုင်လေ့ရှိသည်။

ဤကဲ့သို့မာန်မာနတက်ကြွနေသော အမေရိကန်ကြီးသည်ပင်လျှင် ယနေ့ကာလအထိ ကိုဗစ်ကို နှိမ်နင်းနိုင်သော လက်နက်ပါဝါသူ့တွင် ရှိသည်ကို မတွေ့ရသေးပါ။ ကိုဗစ်ကိုတော့ အမေရိကန်လည်း မတွန်း လှန်နိုင်ဖြစ်နေပါသေးသည်။

 

ဒီမိုကရေစီနှင့် ကိုဗစ် ဘယ်သူ့ကိုပို ချစ်ကြမည်နည်း

 

အမေရိကန်အပါအဝင် အနောက်နိုင်ငံ အင်အားစုများသည် အရာရာတွင် ဒီမိုကရေစီဟု ဟစ်ကြွေးပြီး စည်းမဲ့ကမ်းမဲ့ လွတ်လပ်ချင်ကြသည်။ အနောက်ယဉ်ကျေးမှုအရ လွတ်လွတ်လပ်လပ် ပွတ်ချင် သပ်ချင် ရင်ချင်းထပ်၍ လွတ်လွတ်လပ်လပ်ကြီး နေချင်သလို နေပြ လိုက်ချင်ကြသေးသည်။ ၎င်းတို့ အစိုးရများက ကိုဗစ်ကာလဖြစ်သည့် အတွက် ကိုဗစ်ကို တွန်းလှန်နိုင်ရန် အိမ်ထဲမှာပင် စည်းနှင့်ကမ်းနှင့် နေထိုင်ကြရန်နှင့် ပျော်ပွဲကပွဲများ မပြုလုပ်ရန် လူစုလူဝေးနှင့် မနေ ထိုင်ကြရန် အမိန့်ထုတ်ပြန်သည့်အခါတွင်လည်း လိုက်နာခြင်းမရှိသည့် အပြင်လွတ်လပ်မှုကို ထိန်းချုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တစုတဝေးကြီး ဆန္ဒပြလိုက်ကြ သေးသည်။ ဤကဲ့သို့ ပြုလုပ်သည်ကို ဒီမိုကရေစီလိုလားပါသည်ဟု ဟစ်ကြွေးချင်ကြသည့် သူတို့တစ်တွေ အစိုးရများကလည်း အလျှော့ပေး လိုက်လျောကြသော်လည်း ကိုဗစ် ကတော့ သူသတ်မှတ်ထားသည့် စည်းကမ်းကိုကျော်လာလျှင် အင်အားကြီးသည်၊ ငယ်သည်၊ ဆင်းရဲသည်၊ ချမ်းသာသည်၊ ပညာတတ်သည်၊ ပညာမဲ့သည် မည်သူ့ကိုမျှ ချမ်းသာပေးမည် မဟုတ်ပါ။ သူသတ်မှတ်ထားသော စံချိန်စံညွှန်း စည်းကမ်းစနစ်အတိုင်းသာ အနိုင်ယူဝါးမျိုသွားသည်ကို တွေ့မြင်ရပါသည်။

 

အရာရာတိုင်းတွင် အနိုင်ယူဗိုလ်ကျ ပထမယူချင်သည့် အမေရိကန်သည် ကိုဗစ်ရောဂါပြန့်ပွားသေဆုံးမှုတွင်လည်း သူပင်ပထမရနေပါသေးသည်။ အမေရိကန်လူမျိုး ခြောက်သိန်းကျော် သေဆုံးပြီးသော်လည်း နိဂုံးချုပ်နိုင်ရန် နည်းလမ်းရှာမတွေ့သေးပါ။ ဆက်လက်အောင်ပွဲခံနေမည့်သဘောပင် ဖြစ်ပါသည်။

 

သဘာဝတရားကြီးက ကိုဗစ်ကို စေလွှတ်၍ လူသားတွေကို ပညာပေးပြီထင့်

ဤကဲ့သို့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်လာရသည့် အကြောင်း အရင်းများကို ဆန်းစစ်သုံး သပ်ဖော်ထုတ်မည်ဆိုပါက ယနေ့ ၂၁ ရာစုလောကလူသားများသည် အဓမ္မတရား လက်ကိုင်ထားပြီး မသမာမှု များကို အလွန်အကျွံပြုလုပ်လာကြသည်ကို အောက်ပါဖြစ်ရပ်များက သက်သေခံလျက်ရှိပါသည်။

 - အင်အားကြီးသော နိုင်ငံများက အင်အားနည်းသော နိုင်ငံများအပေါ် ပညာသားပါပါ ဗိုလ်ကျစိုးမိုး အနိုင်ကျင့်ခြင်း၊

- အင်အားကြီးမားသောအုပ်စုများက အင်အားငယ်သောအုပ်စု များအပေါ် အမြဲမပြတ် ခြိမ်းခြောက် အမြတ်ထုတ်ခြင်း၊

- နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ စစ်ရေးအင်အား အပြိုင်အဆိုင်တည်ဆောက်ကြပြီး အင်အား ချို့တဲ့သည့် နိုင်ငံများကို နည်းပရိယာယ်မျိုးစုံဖြင့် စည်းရုံးသိမ်းသွင်း၍ တပည့် အချင်းချင်းတိုက်ခိုက်စေပြီး လက်နက်ရောင်းချ အမြတ်ထုတ်ခြင်း။

နေ့ခေတ်လူသားများ၏ လောဘရမ္မက်စာရိတ္တချို့ယွင်းချက်များသည် ချမ်းသာမှ၊ ဆင်းရဲမှ မဟုတ်ပါ။ ဆင်းရဲသူရော၊ ချမ်းသာသူပါ သူ့နည်းသူ့ဟန်ဖြင့် လောဘတက်နေကြပါသည်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်သူက လူနည်းစုဖြစ်နေပါသည်။

ရိုးသားခြင်း၊ မရိုးသားခြင်း၊ စေတနာကောင်းခြင်း၊ မကောင်းခြင်း ကလည်း ဆင်းရဲချမ်းသာနှင့် မဆိုင်ပါ။ လူချမ်းသာသလောက် စိတ်ရင်းကောင်းသူများရှိသကဲ့သို့ လူဆင်းရဲသော်လည်း စိတ်ထား ဖြူစင်စေတနာကောင်းသူများလည်း တွေ့ရပါသည်။

သို့သော် လူတချို့သည် မရှိလို့လုပ်စားသော်လည်း ရိုးရိုးသားသားလုပ်ရမည်ကို တွန့်ဆုတ်ကြပါသည်။ မုသားမပါ လင်္ကာမချောဟုပြောဆိုပြီး လိမ်ညာပြောဆို ရောင်းဝယ်ရမှ ထမင်းဝသည် ထင်ကြပါ သည်။ မကောင်းသည့် ပစ္စည်းကိုကောင်းသည်ဟု ထင်မှတ်ရအောင် အတုတွေနှင့်ခြယ်မှုန်း၊ မမှည့်သည့်သစ်သီးကို မှည့်သယောင် ဆေးတို့၍မှည့်ခိုင်း၊ ဒေါ်လာဈေးတက်လို့ ကန်စွန်းရွက် ဈေးတက်ရပါသည်  ဆိုတာကရှိသေး၊ ရပ်ကွက်မီး လောင်သည့်အခါ ရပ်ကွက်တွင်းရှိ မီးထဲမပါသည့် ဓနိဆိုင်၊ဝါးဆိုင်က ဈေးမှန်ဖြင့်မရောင်း၊ ဈေးတင်အမြတ်ထုတ် မလုပ်သင့်တာတွေလုပ်နေ၊ ကြုံတာတွေ ပြောမယ်ဆိုရင် တစ်ပုံတစ်ပင်ကြီး ကုန်နိုင်မည်မထင်ပါ။ ဒီလိုစိတ်ဓာတ်မျိုးရှိနေသည့် ကမ္ဘာလူသားတွေဆီကို ကိုဗစ်လာတာ သိပ်တော့မဆန်းပါ။

 

ကိုဗစ်ကာလအတွင်းက စေတနာအခန်းများ

 

ကိုဗစ်ရောဂါကြောင့် ဒုက္ခရောက်သူတွေ အများအပြားရှိပါသည်။ တချို့ မိသားစုများဆိုလျှင် အဘိုးအဘွား မိသားစုအလိုက်သေကုန်ကြသဖြင့် ကလေးသူငယ်များချည်းသက်သက် မျက်စိသူငယ် နားသူငယ်ဖြင့် ကျန်ရစ်ခဲ့သည်များလည်း ရှိပါသည်။ ဤကဲ့သို့ အဖြစ်ဆိုးက ရှောင်ရှားနိုင်ရန်အတွက်ရှိမည့်စုငွေ အကုန်ခံ၍ ကြိုးစားခဲ့သည်ရှိရာ ဒါကိုပင် အခွင့်အရေးဟု တွက်ကာ လူသားမဆန် ရက်ရက်စက်စက် အမြတ်ထုတ်နေသည့် အဖြစ်မျိုးလည်း ရှိပါသည်။

လူနာရှင်ရောဂါသည်များက အသက်ဘေးအတွက် မဖြစ်မနေဝယ်ကြရမည်ကို သိသောအခါ ဝိသမလောဘသမားများသည် နှစ်သိန်း၊ သုံးသိန်းသာတန်သည့် အောက်ဆီဂျင်အိုးကိုသိ န်းလေးဆယ်၊ ငါးဆယ်၊ သိန်းနှစ်ရာ၊ သုံးရာဖြင့် ရောင်းစားကြသည်။

ဒီထက်ဆိုးသည်ကပရဟိတဆေးကုခန်း အယောင်ဆောင်ဖွင့်လှစ်ပြီး ဆယ်သိန်း၊ ဆယ့်ငါးသိန်းမှ သည် သိန်းငါးဆယ်ခြောက်ဆယ်အထိ လိမ်လည်ကုသသော်လည်း လူနာသေဆုံးသည့်အခါ တစ်ပြားတစ်ချပ်မှ ပြန်မရဘဲ ဖွတ်မရ ဓားမ ဆုံးဆိုသည့် ပုံမျိုးကြုံတွေ့ကြရသည်။

သူတစ်ပါးအပေါ်တွင် မတရားသဖြင့် အကျပ်ကိုင် အမြတ်ထုတ်သူများကို အားမကျပါနှင့် စကားပုံရှိပါသည်။ ဘုရားပစ္စည်းအဆိပ်သီး၊ သံဃာ့ပစ္စည်းအဆိပ်သီး၊ သူတော်ကောင်းပစ္စည်း အဆိပ်သီး၊ သုံးနည်းအလွန်ခက်ပါသည်။ ထိုမသန့်ရှင်းသောပစ္စည်းကို သုံးမိသူများသည် မကြာခင် တစ်နှစ် နှစ်နှစ်ခန့်ကြာသော် စီးပွားများပျက်၊ အိမ်ထောင်ပျက်၊ အမှုအခင်းဖြစ်၊ ထောင်ကျ စသဖြင့်ဘဝမကူးဘဲ ဤဘဝမှာပင် ခံသွားကြရသည့်ဖြစ်စဉ် အမြောက်အမြား တွေ့မြင်ခဲ့ဖူးပါသည်။

စိတ်ကောင်းစေတနာကောင်းသူများလည်းရှိပါသည်

မြန်မာနိုင်ငံတွင် စိတ်ဓာတ်ညံ့သူအချို့ကို တွေ့ကြရတတ်သော် လည်း စိတ်ထားကောင်း စေတနာကောင်းသူများလည်း အမြောက်အမြား ရှိပါသည်။ ကမ္ဘာမှာ ရှားမှရှားသည့် မြန်မာ့စိတ်ဓာတ်များကိုလည်း ကိုဗစ်ကာလတွင် ပိုမိုတွေ့မြင်ရပါသည်။

လိုအပ်သော ဆေးဝါးပစ္စည်း၊ အောက်ဆီဂျင်အိုးစသည်ကိုလည်း တစ်လုံးနှစ်လုံးမှ အလုံးတစ်ရာ၊ တစ်ထောင် လှူသူများရှိသကဲ့သို့ ငွေတစ်သိန်း၊ နှစ်သိန်းမှ သိန်းရာထောင် လှူဒါန်းကြသည့် အလှူရှင် အများအပြားလည်း ပေါ်ပေါက်ခဲ့သည်ကို တွေ့မြင်နေရသည်မှာလည်း မြန်မာတို့အတွက် အားတက်ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

တချို့ဆရာဝန်များ၊ သူနာပြုများနှင့် တကယ့်စေတနာမှန်သည့် ပရဟိတအဖွဲ့မျိုးဆိုလျှင် အသက်ကိုပင် ပဓာနမထားဘဲ ကိုဗစ်လူနာ များကို ပြုစုစောင့်ရှောက်ကယ်တင်နေကြသည်ကို တွေ့ရတော့ ဒါမှဒို့မြန်မာကွဟု ထအော်ချင်စိတ် ပေါ်ပေါက်မိပါသည်။ တချို့ ဆရာဝန်၊ သူနာပြုများသည် ကိုဗစ်လူနာများကို တမင်ရွေးချယ် လိုက်လံကုသပေးရင်းနှင့် အသက်ဆုံးရှုံးသွားကြသူများလည်း ရှိနေပါသည်။ တချို့ပရဟိတလူငယ်များဆိုလျှင် ဆွေမျိုးသားချင်းများပင် မကိုင်တွယ်ချင်သည့် ကိုဗစ်အလောင်းများကို အစမှအဆုံးအထိ စိတ်စေတနာကောင်းကောင်းဖြင့် ဆောင်ရွက်ပေးတာမြင်ရသောအခါ သူတို့အတွက် ကရုဏာများ သက်မိပါသည်။

 

ဂေဟစနစ်ပျက်စီးယိုယွင်းမှုနှင့် ကိုဗစ်ရောဂါ

 

အဆိုးနှင့်အကောင်း အကျိုးနှင့်အကြောင်း အပြန်အလှန်ထိန်းညှိ ပေးသည့် ဂေဟစနစ်သည် ကမ္ဘာကြီးတွင် လူသားများကြောင့် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပါသည်။

- သစ်တော၊ သစ်ပင်တွေ အလွန်အကျွံ ခုတ်ပစ်သည့်အခါ ရာသီ ဥတုထိန်းညှိပေးသည့် ဂေဟစနစ်ပျက်ကာ ရေကြီး၊မီးလောင်မှုများ မကြာခဏတွေ့ကြုံနေရသည်။

- သစ်တော၊ သစ်ပင်နှင့် တိရစ္ဆာန် အပြန်အလှန် ထိန်းပေးမှုကိုလည်း လူသားများက တိရစ္ဆာန်များအပေါ်မညှာမတာနည်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သစ်တောကို ထိန်းကျောင်း ပေးသည့် တိရစ္ဆာန်များ နည်းပါးလာရသည်။

နောက်ပိတ်ဆုံးမမြင်ရသည့် ဇီဝပိုးမွှားများကိုပင်မချန် စိုက်ပျိုးခင်းများ ပိုထွက်စေလို၍ ပိုးသတ်ဆေးများ မတန်မဆသုံးသည့်အတွက်ကောက်ပဲသီးနှံအထဲတွင် မူလရှိသည့် ပိုးကောင်များပါ ရောသေသွား သဖြင့် ယခင်ရှေးအခါကကဲ့သို့ ရှည်စွာ အထားမခံတော့ဘဲ မူလ အာဟာရသဘာဝဓာတ်များမှာလည်း လျော့ကျသွားရပါသည်။ ခေတ်မီပါသည်ဆိုသော လူသားများ၏ လောဘဇောဖြင့် အမျိုးမျိုး တီထွင်ကြံဆလုပ်ကြံမှုကြောင့် သဘာဝတရားကြီးသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာရပါသည်။

ကမ္ဘာလောကကြီးသည်လူ၊ တိရစ္ဆာန်၊ သစ်ပင်စသည့်လောကသားအားလုံး၏ မှီခိုအားထားရာ ဖြစ်သည်။ သတ္တဝါအားလုံးသည် မြေကြီးပေါ်မှာနေမြေကြီးပေါ်မှာပင် သေကြရသဖြင့် မြေကြီးသည် အားလုံး၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သည်။

မြေကြီး၏ အသက်သည်ပင်လျှင် ရေမြေတောတောင် သဘာဝတရားပေါ်တွင် မှီခိုအားထားနေရသည်ဖြစ်ရာ လူသားတို့သည် ကျေးဇူးတရားကို နားမလည်မသိတတ်ဘဲ သစ်တော၊ သစ်ပင်များကို အတိုင်းအဆမရှိ ဖျက်ဆီးပစ်ကြသည့်အပြင် သစ်တောသစ်ပင်များ ရှင်သန်ရေးအတွက် အထောက်အကူပြုပေးနေသည့်ကျေးငှက်တိရစ္ဆာန် ပေါင်းစုံကိုလည်း အကန့်အသတ်မရှိ သတ်ဖြတ်ဖျက်ဆီးနေကြသဖြင့် ဂေဟစနစ်များ ပျက်ပြားကာ ရာသီဥတုဖောက်ပြန်ခြင်း၊ ရေကြီး၊ မီးလောင်ခြင်းစသည်တို့အပြင် ကိုဗစ်ကဲ့သို့ ရောဂါဆန်းဖြစ်ပေါ်ကာကမ္ဘာကြီးတစ်ခုလုံး စိတ်သောကရောက်ရပြီး ကမ္ဘာ့အလှတရားများ ပျက်ပြားခဲ့ရပါသည်။

ကိုဗစ်ကို ကြောက်သင့်သည်လောက်သာ ကြောက်ပါ၊ အလွန် အကျွံကြောက်စရာတော့မလိုပါ။ ကိုဗစ်လည်း အနိစ္စသဘောဖြစ်သဖြင့် ရေရှည်မရပ်တည်နိုင်ပါ။ ကာလတစ်ခုရောက်လျှင် ပျောက်ကွယ်သွားရမည်ဖြစ်သဖြင့် လောလောဆယ် ကိုဗစ်ခေါ်ရာ လိုက်ပါမသွားရအောင် ကိုဗစ်ကို စနစ်တကျ တော်လှန်သွားကြရန်သာ အရေးကြီးသဖြင့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းများကို တစ်ဦးတစ်ယောက်မှသည် အားလုံးစည်းစည်းလုံးလုံးဖြင့် လိုက်နာဆောင်ရွက် သွားကြရန်သာ အရေးကြီးပါသည်။

အနှစ်ချုပ်သုံးသပ်ရပါလျှင် လူသားတို့၏လောဘ၊ ဒေါသ၊ မောဟ တရားများ တစ်စနှင့်တစ်စ ပြင်းထန်လာသဖြင့် သဘာဝတရားကြီးက လောကကြီးကို ကိုဗစ်လွှတ်၍ ပညာပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ကိုဗစ်ကပေးသော သင်ခန်းစာများကို အသိဉာဏ်ဖြင့် အထပ်ထပ် အဖန်ဖန် ဆင်ခြင်သုံးသပ်ပြီး လောကလူသားတို့သည် ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) လက်ကိုင်ထားပြီး ကမ္ဘာလောကကြီး ပြန်လည်ရှင်သန်နိုးထလာအောင် လူသားအားလုံးက ကြိုးပမ်းအားထုတ်သင့်ပြီဖြစ်ကြကြောင်း စေတနာကောင်းဖြင့် အကြံပြု တင်ပြအပ်ပါသည်။

 

မြင့်မောင်အေး (ရေစကြို)