Skip to main content

ကောင်းကင်ဘုံ တောင်ဘက်တံခါးပေါက်မှ ဖွံ့ဖြိုးရေးပန်းခင်းများ

(ယမန်နေ့မှအဆက်)
 
မြောင်ဇီး အမျိုးသမီးများ၏ ခေါင်းတွင် အနက်စအရှည် ဆယ်ကိုက်ကျော်ခန့်အား အထပ်ထပ်ဖြင့် လှပစွာခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းထားကြ၏။ ကော်လံအပြားကြီးပါသော အင်္ကျီ လက်ရှည်ဆင်မြန်း၏။ ထိုအင်္ကျီလက်တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ ၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင်တန်းများဖြင့် အလှဆင်ထားပြန်၏။ ထို့နောက် အပေါ်တွင် လက်ပြတ် ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာ စကပ်ကို ဝတ်ဆင်ပြီး စကပ်၏နောက်တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုးရှည်ကို ဆင်မြန်းကြလေသည်။
ရှေ့တွင် ရှေ့ ဖုံးအဖြစ် တစ်ထပ်ထပ်ဆင့်၍ ဆင်မြန်းကြသည်။ လက်တွင် ဆင်မြန်းထားသော အရောင်တန်းများအလိုက် ခါးတွင်လည်း ရောင်စုံ ကြိုးများကို အလှဆင်ချည်နှောင်ကြသည်။ ခြေပတ်အဖြူကိုလည်း ဆင်မြန်းထားပါသေးသည်။
 
မြောင်ဇီးလူမျိုး၏ ထူးခြားသည့် ဓလေ့များနှင့်အတူ မျက်နှာများ၏ နုပျိုမှုများဖြင့် ဖူးပွင့်ဝေဆာ နေကြသည်။ ကြည်လင်ရှင်းသန့် နေကြပါသည်။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းလှသည့် ' တိုင်းရင်းသူ တိုင်းရင်းသားများ ဖြစ်ကြပါသည်။
 
စာရေးသူတို့အဖွဲ့သည် လောက်ကိုင်မှကွမ်းလုံသို့ ဆက်သွယ်သည့် လမ်းကြောင်း နှစ်ကြောင်း အား စစ်ဆေးပြီးချိန်တွင်တော့ ညနေနေဝင် ရီရီအချိန်ဖြစ်နေပေပြီ။ ကောင်းကင်ကြီးက လိမ္မော်ရောင်ရင့်ရင့်မှ အနီဘက်သို့ ကူးလူကူးခင် အလင်းတန်းများက တိမ်စိုင်များကြားမှ ဖောက်ပြီး တောင်တန်းများ သစ်တောများပေါ် ကျရောက်နေကြ၏။
 
မြန်မာနိုင်ငံ၏ ရှုခင်းများကတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်အချိန် ရောက်ရောက် သူ့အချိန်နှင့်သူ လှပမှုများဖြင့် တန်ဖိုးမဖြတ်နိုင်ပေ။ လောက်ကိုင်ကို ပြန်ရောက်တော့ ညမှောင်နေပေပြီ။ ရောင်စုံမီးများကြားမှာ လောက်ကိုင် မြို့ကြီးက လှပလို့နေပေပြီ။ ။
 
လောက်ကိုင်မြို့သည် ၁၈၃၉ ခုနှစ်က စတင်ခဲ့ပြီး ယနေ့တိုင် နှစ်ပေါင်း ၁၈၂ နှစ်ခန့် သမိုင်းရှိသော မြို့တစ်မြို့ဖြစ်ပါ သည်။
 
မာလီရှုပင်များ ပေါက်ရောက်နေသော ဒေသဖြစ်၍ “မာလီပါး”ဟု စတင်အမည် တွင်ခဲ့ပြီး နောက်နောင်တွင်မှ ဆင့်ကိုင်လောက်ကိုင်ဟု အမျိုးမျိုးပြောင်းလဲ ခေါ်ဆိုခဲ့ကြကြောင်း သိရပါသည်။
 
“လောက်” မှာ “ဟောင်းနွမ်းသော” ဟု အဓိပ္ပာယ်ရပြီး “ကိုင်” မှာ “ဈေး”ကို ဆိုလိုပါသည်။ ပေါင်းစပ်လိုက်ပါက “ဈေးဟောင်း”ဟု အဓိပ္ပာယ်ရလေသည်။ ကိုးကန့်ဒေသကို ကိုးကန့် စော်ဘွားများ အုပ်ချုပ်ခဲ့စဉ်က “လောက်ကိုင်မြို့ "မှာ အိမ်ခြေ ၂၀ ခန့်သာရှိသော “ကျင်ယွီ ထန်” ဟု အမည်ရသည့် “ကိုးကန့်ရွာငယ်လေး”ဟု ဆို၏။ ကိုးကန့်စော်ဘွား “ယန်ကျင့်ဆွင်”က လောက်ကိုင်တွင် ငါးရက်တစ်ပတ်ဈေးနေ့ သတ်မှတ်ပေးခဲ့သဖြင့် စည်ကားမှု စတင်ဖြစ်ပေါ် ခဲ့သည် ဟု မှတ်တမ်းများက ဆိုခဲ့ကြပါသည်။
 
အန္ဒီ “ဈေးဟောင်း”မှ စတင်ခဲ့သော “လောက်ကိုင်”သည် ယနေ့ အချိန်တွင် အဆောက်အအုံများ၊ ကတ္တရာလမ်းမကြီးများ၊ စက်ရုံအလုပ်ရုံများ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်၊ | မိုတယ်များ၊ အပန်းဖြေနေရာများ၊ ဘဏ်များ၊ အရောင်းဆိုင်များ၊ ဈေးများဖြင့် ခေတ်မီဒေသ တစ်ခုအဖြစ် တိုးတက် ဖွံ့ဖြိုးခဲ့ပေပြီ။
 
ဤသို့သော ဖွံ့ဖြိုးတိုးတက်မှုများသည် “ငြိမ်းချမ်းရေးမျက်နှာစာ” များက စတင်သန္ဓေတည် ခဲ့ခြင်း ဖြစ်ပါသည်။
 
ဖွံ့ဖြိုးမှုပန်းခင်း၏ မြစ်ဖျားသည် ငြိမ်းချမ်းခြင်း မြေဆီမြေနှစ်စီးဆင်းမှုမှ အခြေခံခဲ့သည်မှာ ငြင်း၍မရနိုင်သော အမှန်တရားဖြစ်ပါသည်။
 
ဤမည်သော ကိုးကန့်ဒေသသည် ဗကပလက်အောက်သို့ အစောဆုံး ကျရောက်ခဲ့ရသောဒေသ ဖြစ်သကဲ့သို့ ဗကပကို အစောဆုံး ပြန်လည်တွန်းလှန် တိုက်ထုတ်ခဲ့သော ဒေသလည်း ဖြစ်ပါသည်။ စင်စစ်ကိုးကန့်အဖွဲ့သည် ၁၉၈၂ ခုနှစ်ခန့်မှစ၍ ဗကပအောက်မှ ခွဲထွက်ရန် တင်ကူးကြံရွယ်ချက်ရှိခဲ့ပြီးဖြစ်သည်။ ဗကပတို့သည် တိုက်ပွဲကြီးများ ဆင်နွှဲတိုင်း ကိုးကန့်၊ “၀” တိုင်းရင်းသားများကို ရှေ့တန်းမှတင်၍ အသေခံတိုက်ခိုင်းခဲ့ကြသည်။ ပွိုင့်- ၆၀၄၁ တောင်ကုန်း တိုက်ပွဲ ကြီးမှအစပြု၍ ကိုးကန့်တိုင်းရင်းသားတို့ အသက်ပေါင်းများစွာ စတေးခံခဲ့ကြရသည်။
 
၁၉၈၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စီစီဝမ် - တာပန်တိုက်ပွဲသည် ဗကပတို့ ဦးကျိုးခဲ့သော တိုက်ပွဲဖြစ်သည်။ မရှုမလှ ရှုံးနိမ့်ခဲ့ရပြီး စိတ်ဓာတ်အင်အား၊ လူအင်အားများစွာ ချည့်နဲ့ ယိမ်းယိုင်သွားစေခဲ့သည်။ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် များအနေဖြင့်လည်း ဗကပနှင့် ဆက်လက်၍ လက်တွဲနေလျှင် မိမိတိုင်းရင်းသားများ ယခုထက် ပိုမိုနှစ်နာဆုံးရှုံးပြီး အကျိုးမဲ့ မည်ကို သုံးသပ်လာခဲ့ကြသည်။
 
ကိုးကန့်အဖွဲ့သည် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ ဆက်သွယ်ပေးမှုကြောင့် ၁၉၈၇ ခုနှစ်မှ စတင်ပြီး တပ်မတော်က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးပြီး နောက် ကိုးကန့်တိုင်းရင်း သားခေါင်းဆောင်များသည် မိမိတို့အောက်ခြေ တပ်ဖွဲ့များ၏ သဘောတူညီချက်ဖြင့် ၁၂- ၃- ၈၉ ရက်နေ့တွင် ဗကပမှခွဲထွက်ကြောင်း ကြေညာခဲ့ပါသည်။
နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး လက်နက်နှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။ အမှောင်မှ အလင်းသို့ ကူးပြောင်းခဲ့ပေပြီ။ “ နိုင်ငံတော်က သံလွင်မြစ်အရှေ့ခြမ်း လောက်ကိုင်ဒေသကို ကိုးကန့်အထူး ဒေသ(၁)ကိုးကန့်ဒေသအဖြစ် သတ်မှတ်ပေးခဲ့ပြီး ပံ့ပိုးကူညီမှုများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အမြန်ဝင်ရောက် ဆောင်ရွက်ပေးခဲ့ပါသည်။
 
ရာနှုန်းပြည့် ငြိမ်းချမ်းရေးရရှိသည့် အခြေအနေတွင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လက်နက်ကိုင် ပဋိပက္ခများကြားမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဒေသအတွင်း ပြဿနာများ ရှိခဲ့ပါသည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့” ကို ၃၀-၃-၂၀၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဒေသ၏အုပ်ချုပ်ရေး၊ လူမှုရေးနှင့် စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ခဲ့ပေပြီ။
 
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် မူဝါဒ(၄)ရပ်၊ ရည်မှန်းချက် (၇)ရပ် ချမှတ်၍ တိုင်းဒေသကြီး နှစ်ခု၊ ပြည်နယ်ခုနှစ်ခု၊ ပြည်နယ်ခွဲနှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသခြောက်ခုတို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည်လည်း အပါအဝင်ဖြစ်ပါ သည်။
 
နယ်စပ်ရေးရာ ဝန်ကြီးဌာနမှာ ယနေ့အထိ ကိုးကန့်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ငြိမ်းချမ်းရေး ယူချိန်မှစတင်၍ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ကောင်းမွန်စေရေး အတွက် မြေလမ်း ၄၆၄ မိုင် ၁ ဖာလုံ၊ ဖြုန်းလမ်း နှစ်မိုင်၊ ကျောက်လမ်း ၃၆၆ မိုင် ၂ ဖာလုံ၊ ကတ္တရာ လမ်း ၁၁၈ မိုင် ၇ ဒသမ ၁၇၄ ဖာလုံ၊ ကတ္တရာ ထပ်ပိုးလွှာ လမ်း ၄ မိုင် ၅ ဖာလုံ၊ လမ်းပြင်/ထိန်း လုပ်ငန်း ၅၄၀ မိုင် ၂ ဒသမ ၁၅ ဖာလုံ တို့ကိုလည်းကောင်း၊ ကွန်ကရစ်တံတား (ကြီး/ငယ်) ၁၂၅၆ စင်း၊ Box Culvert၁၁၃ စင်း၊ ရေပြွန်၇၁စင်းတို့ကိုလည်းကောင်း၊ ရေရရှိရေးလုပ်ငန်းအတွက် ရေရရှိရေး လုပ်ငန်း ၂၅ ခုကို လည်းကောင်း၊ စွမ်းအင်လုပ်ငန်းအတွက် မီးသွယ်တန်းခြင်း လုပ်ငန်းသုံးခု၊ လျှပ်စစ်မီးရရှိရေး ငါးခုနှင့် ရေအားလျှပ်စစ်လုပ်ငန်းနှစ်ခု တို့ကိုလည်းကောင်း သာသနာရေး၊ ပညာရေးနှင့် အိမ်ရာလုပ်ငန်းများအတွက် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၊ အခြားသာသနိက အဆောက်အအုံ သုံးခုနှင့် ပြုပြင်မွမ်းမံ ခြင်းလုပ်ငန်းနှစ်ခု၊ အခြေခံပညာကျောင်း ၄၆ ကျောင်းနှင့် မြို့ တည်ဆောက်ရေး လုပ်ငန်းခုနစ်ခု၊ တန်ဖိုးနည်းအိမ်ရာ ၁၂၇ လုံး၊ ဝန်ထမ်းအိမ်ရာ (လုံးချင်း) လုပ်ငန်းတစ်ခု၊ နှစ်ခန်းတွဲဝန်ထမ်း အိမ်ရာခြောက်လုံးတို့ကို လည်းကောင်း၊ ကျန်းမာရေး လုပ်ငန်းအတွက် ဆေးပေးခန်းခုနှစ်ခန်း၊ ဆေးရုံခြောက်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနလေးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုတို့ကို လည်းကောင်း၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် စိုက်ပျိုးမြေ ဖော်ထုတ်ခြင်း ဧက ၂၀၀ နှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းငါးခုတို့ကို လည်းကောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် မွေးမြူရေး လုပ်ငန်းအတွက် ရုပ်သံထပ်ဆင့်လွှင့် စက်ရုံကိုးရုံ၊ စာတိုက် လေးခု၊ ကြေးနန်းလုပ်ငန်းသုံးခု၊ တယ်လီဖုန်းလုပ်ငန်း ၁၂ ခု၊ စာကြည့်တိုက်နှစ်ခုနှင့် မွေးမြူ ရေးခြံနှစ်ခြံတို့ကို လည်းကောင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သန်းပေါင်း ၂၀၅၇၃ ဒသမ ၅၁၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်ပါသည်။
 
သဘာဝတရားကြီးက ပျော်ရွှင်ခြင်း အလင်္ကာများ တသီတတန်း -ပေးအပ်ထားသော်လည်း လောက၌ ဆန့်ကျင်ဘက်တို့ ဒွန်တွဲလျက် တည်ရှိနေကြဆဲဖြစ်၏။ အနိမ့်အမြင့်၊ အတက် အဆင်း၊ အလင်း အမှောင်၊ အပူအအေး၊ အဖြူအမည်း၊ ပန်းပွင့်နှင့် မုန်တိုင်း၊ အနိုင်အရှုံး၊ ကိုးကွယ်ယုံကြည်မှုနှင့် သိပ္ပံပညာ၊ ငြိမ်းချမ်းခြင်း မငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်း၊ ဒုက္ခနှင့်သုခ စသည်တို့သည် တစ်ခုနှင့်တစ်ခု ခံစားချက်ချင်း မတူညီကြသလို အဓိပ္ပာယ် ချင်းလည်း ခြားနားနေကြသည်။
 
အမှန်တွေကို မမြင်နိုင်အောင် တားဆီးနေသည့်အရာများက နေရာတိုင်းမှာ ရှိနေကြပါသည်။ ။
 
မတူသည်များကို တူအောင်ညှိနှိုင်းကြပြီး ခြားနားမှုများကို ပေါင်းစည်းအောင် လုပ်နိုင်ကြ လျှင်ဖြင့် စစ်မှန်သည့် ချမ်းမြေ့ပျော်ရွှင်သော လောကကြီးကို ပြောင်းလဲ တည်ဆောက်နိုင်မည်ဟု ယုံကြည်မိပါသည်။ ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးခြင်းသည် တိုက်ရိုက်အချိုးကျ၏။
 
ဒေသများ ငြိမ်းချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ခြင်းများ ရှင်သန်လာမည် ဖြစ်ပါ၏။
 
ကိုးကန့်ဒေသကား ငြိမ်းချမ်းရေး ပန်းခင်းကြီးမှသည် ဖွံ့ဖြိုးရေးပန်းခင်းကြီးအဖြစ် ဆင့်ကဲ ဖြစ်စဉ်များကို ဖြတ်သန်းလျက် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပေပြီ..။ ။
 
ဝ ထ က လ သ (နတလ)