Skip to main content

အတိတ်သမိုင်းက ဆိုးမွေကို မျက်မှောက်သမိုင်းတွင် မပါစေလို

နိုင်ငံတစ်နိုင်ငံဟု ဆိုလိုက်လျှင် အချုပ်အခြာအာဏာရှိရမည်။ အဘယ်ကြောင့်ဆိုသော် အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့သော် သမိုင်းကြောင်းတွင် အနာရှိခဲ့သည့် နိုင်ငံတစ်ခုဟု ဆိုရပေမည်။ အချုပ်အခြာယိုယွင်းခဲ့ပြီး ကိုလိုနီကျွန်ဘဝ ကျရောက်ခဲ့ဖူးသည့် သမိုင်းဟောင်းအနာက ဖျောက်မရ။ သူ့ကျွန်အဖြစ် နှစ် ၁၀၀ ကျော်ကြာ ရှင်သန်ခဲ့ကြရသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးအသက်ဝင်လာမှ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် တစ်က ပြန်စကြရသည်။

သူတစ်ပါး လက်ပါးစေဘ၀မှ ရုန်းထွက်ရာတွင် “သြဖွလွတ်လပ်ရေးရ ဟု လွယ်ကူခဲ့သည်မဟုတ်။ အသက်များစွာ၊ ဘဝများစွာ ပေးဆပ်ခဲ့ကြရသည်။ လွတ်လပ်ရေးနှင့်အတူ အနိဋ္ဌာရုံများစွာ ဖြတ်သန်း ခဲ့ရသည်ဆိုလျှင် မမှား။ လွတ်လပ်ရေးရခါစ နိုင်ငံ အတွင်း သူက ခေါင်းဆောင်၊ ငါကခေါင်းဆောင်နှင့် ဇာတ်ကွဲရင်း သူပုန်ထခဲ့ကြသည်။ ကျွန်ဘ၀ လွတ်စ ကျွန်ဘဝ ပြန်မကျရန်၊ ရရှိပြီး လွတ်လပ်ရေး အရှည် တည်တံ့ရန် တပ်မတော်က ကာကွယ်ခဲ့ရသည်။

သူတစ်လူ ငါတစ်မင်းဖြစ်နေပါက နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်မည်မဟုတ်။ သို့ပါသောကြောင့် နိုင်ငံ၏ အချုပ်အခြာ တည်တံ့ ခိုင်မြဲရေးကိုသာ ဦးတည်ခဲ့ကြရသည်။ ပြည်ပရန် အပြီး ပြည်တွင်းရန်အဖြစ် ရောင်စုံသူပုန်တို့ သောင်းကျန်းမှုများကို စစ်ဆင်ရေးအသွင်ဖြင့် တိုက်ခိုက်ခဲ့ရပြန်သည်။ ထိုအဖြစ်များသည် သမိုင်း ကြောင်းပေါ်က အမှန်တရားများ ဖြစ်သည်။

သမိုင်းကို မမေ့စေလို

သို့သော်သွေးစွန်းခဲ့သည့် သမိုင်းကြောင်းသည် နှစ်ခါပြန်ရန် မသင့်ပါ။ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေတွင် တောခိုသွားသည့် လူငယ်မနည်း။ သမိုင်းဟောင်းရှိခဲ့ဖူးသည့်အတွက် ရတက်မအေး ရပါ။ အတိတ်သမိုင်းတွင် ပြည်ဖျက်လုပ်ရပ်များကို မရပ်မနား လုပ်ခဲ့သူများသည် အချင်းချင်းပင် ဖြုတ်၊ ထုတ်၊ သတ်လမ်းစဉ်ကိုပါ ကျင့်သုံးခဲ့သည့် ဖြစ်ရပ် များသည် သမိုင်းမလှခဲ့ပါ။ သမိုင်းကို မမေ့စေလိုပါ။

ထို့ကြောင့် သမိုင်းဟောင်းကို ပြန်လည် လေ့လာသိရှိနိုင်မည့် ဗိုလ်မှူးချုပ်သန်းတင် (ငြိမ်း)၏ “ကိုယ်တွေ့ဖြစ်ရပ်များ စစ်ဆင်ရေးပြီး စစ်ဆင် ရေးမှ စာအုပ်ကို လေ့လာဖတ်ရှုစေလိုပါသည်။ ၂၀၀၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရ စာအုပ် ဖြစ်သည်။ ဤစာအုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့အစပြုခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် တပ်သား မောင်သန်းတင်အဖြစ် ပါဝင်မှုမှသည် တပ်မတော်တွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည့် စာရေးသူ ဗိုလ်မှူးချုပ်သန်းတင် (ငြိမ်း)၏ ကိုယ်တွေ့မှတ်တမ်းဖြစ်သည်။

ဘဝ၏အချိန်များ ကုန်ဆုံးပေးဆပ်

စာအုပ်ပါ အကြောင်းအရာများသည် တောထဲ တောင်ထဲ စစ်ဆင်ရေးပြီး စစ်ဆင်ရေးဖြင့် ဘဝ၏ အချိန်တော်တော်များများ ကုန်ဆုံးပေးဆပ်ခဲ့သည့် တပ်မတော်သားတစ်ဦး၏ဘ၀ဇာတ်လမ်း ဖြစ်သည်။ ရာထူးတာဝန်အဆင့်ဆင့် ထမ်းဆောင်ရင်း ရှမ်းရိုးမ ပေါ်မှရောင်စုံသောင်းကျန်းသူများ၊ ဧရာဝတီတိုင်းမှ ရောင်စုံသောင်းကျန်းသူများ၊ ပဲခူးရိုးမပေါ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ သောင်းကျန်းသူများကို ဖယ်ရှားတိုက်ခိုက်ခဲ့ရသည့် တပ်မတော်သားဘဝ အတွေ့အကြုံများကို စာဖတ်ပရိသတ်ထံ ချပြထား သည်။ စာရေးသူက သမိုင်းဟောင်း တစ်ကျော့မပြန် စေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်။

စာရေးသူ ဗိုလ်မှူးချုပ်သန်းတင် (ငြိမ်း)၏ ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် တပ်သားဘဝ အစမှာ ဤသို့ဖြစ်၏။ အသက် ၁၆ နှစ်အရွယ် စာရေးသူ မောင်သန်းတင်သည် နေရှင်နယ် အမျိုးသားအထက်တန်းကျောင်းတွင် ပညာ သင်ကြားနေစဉ်၁၉၄၂ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာ သည့်အခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ခေါင်းဆောင်ပြီး ဂျပန်တပ်များနှင့်အတူမြန်မာ နိုင်ငံအတွင်း ဝင်လာကြသည်။ ထိုအခါ ၎င်းသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလ ခေါင်းဆောင်သည့် တပ်မှဗိုလ်အောင်ကိုး တပ်ဖွဲ့တွင် တပ်သားအဖြစ် ဝင်ရောက်ကာ မြို့ရွာလုံခြုံရေးအတွက် ပေးအပ် သည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ရာ ဗိုလ်မှူးချုပ်သန်းတင် လည်း ဆက်လက်ပါဝင်ခဲ့သည်။ ထိုသို့ ပါဝင်ရင်း ပျဉ်းမနားသင်တန်းကျောင်းတွင် ရဲဘော်ဘဝ သင်တန်းတက်ပုံ၊ မင်္ဂလာဒုံတွင် ဗိုလ်သင်တန်း တက်ရောက်ရပုံ၊ မင်္ဂလာဒုံ ပထမအပတ် ဗိုလ်သင်တန်းကျောင်းဆင်းပုံတို့ဖြင့် စစ်ပညာရပ် ပြင်းပြင်းထန်ထန် သင်ကြားရမှု ကိုယ်တွေ့ အတွေ့အကြုံကို အစပျိုးရေးသားထားသည်။

လူငယ်များ၏ မျိုးချစ်စိတ်ကိုသိမြင်

၁၉၄၃ ခုနှစ် မတ် ၃၁ ရက်တွင် မင်္ဂလာဒုံ  ပထမအပတ် ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ပြုလုပ်ခဲ့ သည်။ သင်တန်းအပြီးတွင် ဗိုလ်မှူးချုပ်သန်းတင် အပါအဝင် သင်တန်းဆင်း အလုပ်သင်ဗိုလ်များသည် ရခိုင်ပြည်ရောက် တပ်ရင်း(၁) အဖြစ် တာဝန် ပေးအပ်ခံရသည်။ ဗိုလ်မှူးချုပ်သန်းတင် ပါဝင်သည့် တပ်ရင်း (၁) အဖွဲ့သည် အမ်းနှင့်တောင်ကုတ်လမ်းကို ကာကွယ်စောင့်ရှောက်ကာ တောင်ကုတ်နယ်မြေ အေးချမ်းသာယာရေး၊ လမ်းပန်းအဆက်အသွယ် ကောင်းမွန်ရေး၊ ရန်သူအင်္ဂလိပ်တို့၏ ထိုးစစ်ကို ကာကွယ်ရေးအတွက်လှုပ်ရှားမှုအတွေ့အကြုံများကို ဖတ်ရသည်မှာ ထိုခေတ်အခါက လူငယ်များ၏ မျိုးချစ်စိတ်ကို သိမြင်ရသည်။

ထိုသို့ ထမ်းဆောင်ရင်း ကင်းတန်းကြီးတံတား တိုက်ပွဲသည်သင်တန်းဆင်း အလုပ်သင်ဗိုလ်များ၏  ပထမဆုံး လက်တွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၎င်းအနေဖြင့်  ဘဝတွင် မေ့နိုင်စရာမရှိကြောင်း ဖော်ပြထားသည်။ ဗိုလ်မှူးချုပ်သန်းတင်သည် ရခိုင်ပြည်နယ်တွင် တစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၄၄ ခုနှစ် မေလတွင် သရက်ခရိုင် မြတ်ကိုင်းကျဉ်းရွာရှိ စက်မှု လက်မှု တပ်ရင်း (၂) သို့ ပြောင်းရွှေ့ရသည်။ ထိုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စဉ် ဖက်ဆစ် တော်လှန်ရေးအတွက် တာဝန်ရှိလာပြန်သည်။  ထိုအချိန်က ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် စစ်တိုင်းကြီး ၇ တိုင်း သတ်မှတ်ခဲ့သည်။ သရက်၊ အာလံ၊ မကွေး၊ မင်းဘူးတို့ကို တိုင်း ၇ အဖြစ် ဖွဲ့စည်းခဲ့သည်။ ဗိုလ်မှူးချုပ်သန်းတင်တို့ တပ်ရင်းသည် တိုင်း ၇ တွင် ပါဝင်လှုပ်ရှားမှုများကို တင်ပြထားသည်မှာ အားမာန်ပါပြီး မျိုးချစ်စိတ်ကို သိမြင်ခံစားရစေသည်။

ဖက်ဆစ်တို့အား ပါဝင်တိုက်ခိုက်ခဲ့ပုံ

တိုင်းစစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ စက်မှု လက်မှုတပ်ရင်း (၂) သည် ဖက်ဆစ်တော်လှန်ရေး အတွက် ပြင်ဆင်မှုလုပ်ငန်းများကို ၁၉၄၅ ခုနှစ် မတ် ၇ ရက်မှ စတင်ဆောင်ရွက်ရသည်။ ဖက်ဆစ်

တော်လှန်ရေးစတင်မည့် မတ်၂၇ ရက် (တော်လှန် ရေးနေ့)တွင် တပ်မတော်စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေး စစ်မိန့်ကို  ဖတ်ကြားကြေညာခဲ့ကြောင်း ဗိုလ်မှူးချုပ်သန်းတင် က ရေးသားဖော်ပြထားသည်။ ထိုအချိန် တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေရသည့် ဗိုလ်မှူးချုပ်သန်းတင် သည်ကျေးရွာလူထုများအား ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ပြီး ဖက်ဆစ်တို့အား ပါဝင်တိုက်ခိုက်ခဲ့ပုံကို စာအုပ်တွင် အသေးစိတ်ဖော်ပြထားသည်။

ဗိုလ်မှူးချုပ်သန်းတင်သည် တာဝန်များ ထမ်းဆောင်ရင်း နိုင်ငံအတွက် ဆုံးရှုံးဖွယ် အပြောင်း အလဲတစ်ခု ကြုံလာခဲ့သည့်အတွက် တာဝန်ရှိရာ သရက်မှရန်ကုန်သို့သွားရောက်ခဲ့သည့် အခြေအနေ ကိုတင်ပြထားသည်။ ဆုံးရှုံးဖွယ်အပြောင်းအလဲကား ၁၉၄၇ ခုနှစ်ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်များ လုပ်ကြံခံရခြင်းဖြစ်သည်။ ကျဆုံးသွားသည့် နိုင်ငံ့ခေါင်းဆောင်များ၏ နောက်ဆုံးအလေးပြု နှုတ်ဆက်ရင်း ခေါင်းဆောင် များအား နှမြောဝမ်းနည်းရသည့် ဗိုလ်မှူးချုပ် သန်းတင်၏ ခံစားချက်ကို စာအုပ်တွင် သိမြင်ရသည်။ ထိုအချိန်တွင် ၎င်းသည် သရက်ခရိုင် ပြည်သူ့ ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းပေးနေချိန် ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ် ရေးရခဲ့သည်။ လွတ်လပ်စ မြန်မာနိုင်ငံတွင် ရောင်စုံသောင်းကျန်းသူများသည် အကြောင်းအမျိုးမျိုးပြကာ လက်နက်ကိုင်တောခိုကြသည်။ အစိုးရနှင့် တပ်မတော်ကို တိုက်ကြသည်။ ဇာတ်ရှုပ်လာသည်။ ထို့ကြောင့် ဗိုလ်မှူးချုပ်သန်းတင်သည် တပ်ထဲ အမြန်ဆုံး ပြန်ဝင်မှဖြစ်မည်ဟု ဆုံးဖြတ်၍ သရက် ခရိုင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို သရက်ခရိုင် ပြည်သူ့စစ် ဒုတိယခေါင်းဆောင် ဗိုလ်ဦးစိန်ထံ လွှဲပြောင်းခဲ့သည်။ ဗိုလ်မှူးချုပ်သန်းတင်သည် လူကြီး များပေးအပ်သည့် တာဝန်များနှင့် လုပ်သင့်လုပ်ထိုက် သည့်တာဝန်များကို ထမ်းဆောင်ပြီးတပ်မတော်သို့ တပ်သားသစ်ဘဝဖြင့် ပြန်လည်ဝင်ခဲ့သည်။

တပ်မတော်ထဲ ဝင်ရောက်ပြီး ၁၉၄၉ ခုနှစ် ဩဂုတ် ၈ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ မေမြို့ ဗိုလ်သင်တန်းကျောင်း တက်ရောက်ခဲ့သည်။ သင်တန်းဆင်းပြီး တောင်ကြီးနှင့် လွိုင်ကော်မြို့ သိမ်းသည့် တိုက်ပွဲများတွင်ပါဝင်တာဝန်ထမ်းဆောင် ရပြန်သည်။ ထို့နောက် မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာ “မ သုံးလုံး နယ်မြေ စစ်ဆင်ရေးအတွက် တာဝန်ကျပြန်သည်။ ထိုအချိန် က မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာတို့တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားနေချိန်ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်တို့သည် “မသုံးလုံး နယ်မြေကျေးရွာများကို အခြေခံ၍ မြို့များသိမ်းရန် စစ်အဟုန်မြှင့်တင်နေချိန်ဖြစ်ပြီး အနီးကပ်ရင်ဆိုင်တိုက်ပွဲများ ပြုလုပ်နိုင်ရန် ရှားသားလှံစွပ်များကို တီထွင်ကာ တပ်မတော်ကို ရင်ဆိုင်ပြန်သည်။

တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ဗိုလ်မှူး ချုပ်သန်းတင်သည် ဗမာပြည်ကွန်မြူနစ်ပါတီ အကြောင်း လေ့လာရပြန်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှစ၍ ၁၉၄၉ ခုနှစ်၊ ၁၉၅၀ ပြည့်နှစ်တို့တွင် ပြည်၊ ပျဉ်းမနား စသော မြို့ကြီးများကို သိမ်းနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လက်နက်ကိုင်အာဏာသိမ်းရေး လုပ်ငန်းစဉ် ချမှတ်ကြွေးကြော်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် တစ်နိုင်ငံလုံး အဖျက်လုပ်ငန်း များကို လုပ်ကိုင်၍ လွတ်လပ်ခါစ နိုင်ငံတော်အား တစ်ဖန်ပြန်လည် ကျွန်ပြုမည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

၁၉၄၉ ခုနှစ် ကာလသည် သောင်းကျန်းသူများ မြို့ တချို့ကို “ယာယီသိမ်းပိုက်ထားသည့် အချိန် ကာလ၊ ရောင်စုံသူပုန်သောင်းကျန်းသူများနှင့် ရင်ဆိုင်နေရသည့် အချိန်ကာလ၊ နိုင်ငံခြားသတင်းစာ အချို့ကပင် ရန်ကုန်အစိုးရဟု ရေးသား ပြောဆို နေကြသည့်ကာလဖြစ်ပြီး ထိုကာလနိုင်ငံအတွင်း အခြေအနေကို ပေါ်လွင်အောင် အသေးစိတ် ဖော်ပြထားသည်။

စာအုပ်တွင် ဗိုလ်မှူးချုပ်သန်းတင်သည် သောင်းကျန်းသူများကို ချေမှုန်းတိုက်ခိုက်နေရ သော်လည်း စာပေကို ချစ်မြတ်နိုးသူဖြစ်သည်ကို တွေ့ရှိရသည်။ “မသုံးလုံးနယ်မြေအတွင်း စစ်ဆင် ရေးပြုလုပ်နေရသော်လည်း အားလပ်သည့်အခါ စာပေများ ဖတ်ရှုခဲ့သည်။ စာပေတော်တော်များများ ဖတ်ခဲ့ပြီး မြစ်သားအကျော့၏ စာပေများကို နှစ်သက်စွာ ဖတ်လေ့ရှိသည်။ ဖတ်ရှုရုံတင်မက “မြစ်သားအကျော့၏အိမ်သို့ အရောက်သွားတွေ့ဆုံပုံကို ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရန် သွားရောက်စဉ် ဗိုလ်မှူးချုပ် သန်းတင်သည် မြစ်သားအကျော့ ကလောင်ပိုင်ရှင် သျှောင်ထုံးနှင့် အဘိုးနှင့် တိုက်ရိုက်တွေ့ဆုံသော်လည်း ကလောင်ပိုင်ရှင်ဟုမထင်၊ မိဘဆွေမျိုးအမှတ်နှင့်သာ တွေ့ဆုံစကားပြောနေပြီး မြစ်သားအကျော့ကို မျှော်နေကာ အလွဲဖြစ်နေပုံ၊ အဘိုးက ကလောင်ပိုင်ရှင်မှာ မိမိဖြစ်ကြောင်း ဖွင့်ဟပြောဆိုမှသာ သိရှိခဲ့သည့် အဖြစ်အပျက်ကို တင်ပြထားသည်။

ထို့အတူ တာဝန်ထမ်းဆောင်ရင်း သေကံမရောက် သက်မပျောက် အဖြစ်အပျက် ကြုံခဲ့ရပုံကို လည်း ဖော်ပြထားသည်။ မြစ်သားမှ မိတ္ထီလာသို့ အစည်းအဝေးနှင့် တပ်ရင်း နှစ်ပတ်လည် အားကစား ပြိုင်ပွဲအတွက် သွားရောက်စဉ် သောင်းကျန်းသူများ၏ ချုံခိုတိုက်ခိုက်ခံရသည်။ ၎င်းသည် ကားစီးတိုင်း စာလည်း မဖတ်တတ်၊ ငိုက်လည်း မငိုက်တတ်ပါ။ သို့သော် သောင်းကျန်းသူများ ချုံခို မိုင်းခွဲတိုက်ခိုက်သည့် အချိန်တွင် အိပ်ငိုက်ကာ ခေါင်းငိုက်စိုက်ကျနေသည့်အတွက် ဝပ်ရှောင်နေသကဲ့သို့ဖြစ်ကာ မှန်စ တစ်စတောင် မထိမှန်ဘဲ ကံကောင်းခဲ့သည်။

ထိုအချိန်က သောင်းကျန်းသူများသည် ပြည်သူများ အသုံးပြုသော ကားလမ်း၊ တံတားလမ်း များတွင် မိုင်းများ အကွက်စေ့အောင် ထောင်ကြသည့်အတွက် ပြည်သူများ မိုင်းနင်းမိ၍ သေဆုံးမှု၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများကို ခဏခဏ ကြားသိ နေရချိန် ဖြစ်သည်။ စစ်ကြောင်းများ အထူးဂရုစိုက် ချီတက်နေရသော်လည်း ရဲဘော်များလည်း မိုင်းထိကာ သေဆုံးမှု၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများရှိခဲ့ သည့်အတွက် ဗကပတို့၏ အစတိုက်ခိုက်မှုများ သည် ထိရောက်ခဲ့သည်။ သို့သော် ဗကပတို့၏ လုပ်နည်းလုပ်ဟန်များကို ရဲဘော်များ သဘော ပေါက်လာသည့်အခါ၊ တပ်များက ပို၍ ဂရုတစိုက် ဆောင်ရွက်သည့်အခါ ထိရောက်မှုမရှိတော့။

(ဆက်လက်ဖော်ပြပါမည်)

စံထိပ်ထားနိုင်