အလှည့်ကျလာလိမ့်မယ်
ချစ်စွာသော တူမောင် ရွှင်လန်းချမ်းမြေ့ပါစေ ...
တစ်ခါတုန်းကပါ။ တော်တော်တော့ ကြာပါပြီ။ နေရာတစ်နေရာမှာ မြေတူးတာ ကျောက်စာတစ်ချပ် ပေါ်လာပါတယ်။ ဒါနဲ့ ဦးဦးရဲ့ မိတ်ဆွေက သူနဲ့ ရင်းနှီးခင်မင်တဲ့ ရှေးဟောင်းသုတေသနဌာန၊ သုတေသနအရာရှိကိုခေါ်ပြီး ပြပါတယ်။ ဦးဦးရဲ့ မိတ်ဆွေ အပါအဝင် သာမန်လူတွေကတော့ လွန်ခဲ့တဲ့ အနှစ် ၇၀၀ - ၈ဝဝ က မြန်မာစာနဲ့ ရေးထားတဲ့ မြန်မာကျောက်စာကို အဓိပ္ပာယ်ပေါက်အောင် မဖတ်တတ်ကြဘူးပေါ့။ သုတေသန အရာရှိကတော့ ဝါကျတစ်ကြောင်းဖတ်လိုက် အဓိပ္ပာယ်ရှင်းပြလိုက်နဲ့ သူ့အဖို့ကတော့ ချောလို့၊
ရှောရှောရှူရှူပဲ။ လွယ်လွယ်ကူကူနဲ့ ထမင်းစားရေသောက်ပေါ့ဗျာ။ ။
“ဘုရင်ရေးထိုးတဲ့ ကျောက်စာလား” “မဟုတ်ပါဘူး၊ သူဌေးတစ်ဦး ရေးထိုးခဲ့တာပါ” “ဘုရင်ရေး တာ မဟုတ်မှန်း သေချာလား” “သေချာပါတယ်။ ဘယ်သူရေးထိုးတယ်ဆိုတာ တိတိကျကျ ဖော်ပြထားတာပဲ” “သူဌေးကဘာကြောင့် ကျောက်စာထိုးတာလဲ” “နောင်လာနောက်သားတွေ သိရှိကြစေဖို့လေ” “သူက သာမန်သူဌေးပဲလား” “အတော်အတန်တော့ ချမ်းသာပုံရတယ်” “ဘာကြောင့်လဲ”
“ဒီပုဂ္ဂိုလ်က ဘုရား၊ ကျောင်း၊ တန်ဆောင်း၊ ကန်ဇရပ်နဲ့ ဓမ္မသီတို့ကိုလှူဒါန်းခဲ့ဖူးပါတယ်ဆိုတော့ စေတနာ သဒ္ဓါတရား ထက်သန်လည်း ထက်သန်ပုံ ရတယ်။ ပစ္စည်းဥစ္စာလည်း ကြွယ်ဝပုံရတယ်။ ကြွယ်ဝပြည့်စုံမှ အထက်ပါ အမျိုးမျိုးသော ကုသိုလ်ဒါနတွေ လုပ်နိုင်ကြမှာကိုး ” “ဘယ်ခေတ်က ဖြစ်မလဲ” “ပုဂံခေတ်နှောင်းလို့ ယူဆရတယ်” “ဘာကြောင့်လဲ” “အကြောင်းအချက် ခိုင်လုံတဲ့ သက်သေပြစရာ တွေကတော့အများကြီးပဲ။ သို့ပေမယ့် ထင်ရှား သိသာတာက စာအရေးအသား ရေးဟန်နဲ့ ကျိန်စာပေါ့”
“ရေးဟန်က ..” “ပုဂံခေတ်ဦး အရေးအသားထက် ပုဂံခေတ် နှောင်းပိုင်းမှာ မြန်မာစကားပြေက ပိုမိုပြေပြစ် ချောမွေ့တယ်။ ဝေါဟာရလည်း ပိုမိုကျယ်ပြန့်စွာ သုံးနှုန်းတယ်။ ဒါက ခွဲခြားနိုင် စေတဲ့ အချက်ပဲ” “ကျိန်စာကကော ဘာကွာသလဲ”
“ပုဂံခေတ်ရှေးဦးပိုင်းမှာ ကျိန်စာတွေကို ရက်ရက်စက်စက်နဲ့ ခက်ခက်ထန်ထန် ရေးထိုးလေ့ ရှိခဲ့တယ်။ တဖြည်းဖြည်းနဲ့ နောက်ပိုင်းရေးထိုးတဲ့ ကျောက်စာတွေ ရောက်လာလေလေ၊ ပြေပြစ် သိမ်မွေ့လာလေလေ၊ ကြမ်းတမ်းဆိုးရွားတဲ့ ကျိန်စာတိုက်ခြင်းတွေ နည်းသွားတယ်။ နောက်ပိုင်း မှာ မပါတော့ဘူး။ လူတွေက ဗုဒ္ဓဝါဒကြောင့် သိမ်မွေ့လာတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီကျောက်စာမှာလည်း သူ့ရဲ့ ကုသိုလ်အဆောက် အအုံကို ဖျက်ဆီးသူဟာ လာမည့် အရိမေတ္တယျ ဘုရားကိုမဖူးရစေ ဆိုတာလောက်ပဲ ကျိန်စာပါတော့တယ်။ ရှည်ရှည်လျားလျား ပြင်းပြင်း ထန်ထန် ပုဂံခေတ်ဦး စောစောပိုင်းကာလလို ရေးထားတာ မပါတော့ဘူး။ ဒါတွေဟာ မြင်သာတဲ့ အချက်တွေပါပဲ " အစရှိသည်ဖြင့် ကျောက်စာတစ်ချပ်ကို ဖတ်ပြီး အကျယ်သုံး သပ်ချက်၊ ကောက်ချက်တွေကို ဖော်ထုတ်ပြလိုက်တာ အများကြီးပါပဲ။ ကျွမ်းကျင်နှံ့စပ်တဲ့ ပညာရှိ ပညာရှင် ပီသပါပေတယ်။ အံ့ဩချီးမွမ်းလောက်ပေတယ်။
ဦးဦးရဲ့ သူငယ်ချင်းနဲ့ ဦးဦးတို့သာလျှင် သူ့ကို ပညာရှင်အဖြစ် ကျွမ်းကျင်မှုကို ချီးကျူးတာ မဟုတ်ဘူး။ သက်ဆိုင်ရာ အကြီးအကဲများကလည်း မသိတာ၊ မရှင်းတာရှိရင်ခေါ်မေး၊ မေးတဲ့အခါတိုင်း ဖိုးရာဇာလို လိပ်ပတ်လည်အောင် ရှင်းလင်းတင်ပြ တတ်တာ တွေ့ရလို့၊ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရယ်လို့ ရာထူးသုံးဆင့် ကို တစ်နှစ်အတွင်း ဆင့်ကာဆင့်ကာ ချီးမြှင့်ခဲ့တာပဲ။ သည့်အရင်က ရာထူး တိုးပြီး ချီးမြှောက်မခံရသေးပေမယ့် သူ့ရဲ့သုတေသနအလုပ်၊ ရှာဖွေထိန်းသိမ်းမှုအလုပ်၊ လေ့လာ ဆည်းပူးမှု အလုပ်တွေကိုတော့ နှစ်ပေါင်း သုံးဆယ်လောက် တကုပ်ကုပ်နဲ့ အားထုတ်ပြီး လုပ်နေတာပဲ။ ။
နှစ်ပေါင်း သုံးဆယ်လုံးလုံး မိမိအလုပ်တာဝန်ကို စူးစူးစိုက်စိုက် စွဲစွဲနှစ်နှစ် ကြိုးစားတယ်၊ ရာထူး တက်တက် မတက်တက် အရေးမထားပါဘူး။ ရာထူးမတက်လို့လည်း စိတ်မပျက်ဘူး။ ရာထူးမျှော်ပြီးလည်း စိတ်ဓာတ်မကျခဲ့ဘူး။ ကိုယ့်အလုပ်ထဲမှာ ဝါသနာပါပြီး ကျေနပ်ပျော်ရွှင် နေတာပါ။ အိန္ဒိယ၊ သီရိလင်္ကာ၊ ဂျပန် စတဲ့နိုင်ငံများကိုလည်း ပညာသင်သွားခဲ့ဖူးပါတယ်။ သူများဆီက ကောင်းနိုးရာရာ ပညာရပ်တွေကို တတ်အောင်သင်ခဲ့ပါတယ်။ နိုင်ငံခြားနဲ့စာရင် မြန်မာတို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုဟာ ဂုဏ်ယူစရာအများကြီး မဟုတ်လား။ ရှေးဟောင်း သုတေသန ပညာဆိုတာ လိုက်စားရင် အများကြီး နက်နဲခက်ခဲတာပေါ့။ ဘဝတစ်ခုလုံး နှစ်မြှုပ်ပြီး ဆည်းပူးတော့ သူ့ပညာက အံ့ဩရလောက်အောင် ထူးချွန်လာတာပေါ့။ အဆင်းရဲခံ ခဲ့တာတွေ များစွာပဲ။ အငတ်ခံရပေမယ့် ပျော်ပျော်ပဲ။
အခက်အခဲအကျပ်အတည်း တွေ့ရပေမယ့် လည်း ဇွဲနဲ့ စိတ်ရှည်သည်းခံခဲ့တာပဲ။
အဲဒီခံနိုင်ရည်တွေကြောင့် ယခုအခါ အဆင့်မြင့် အရာရှိကြီး ဖြစ်လာပါပြီ။ ဒုတိယညွှန်ကြားရေး -မှူးချုပ် ဦးအောင်ကြိုင်။ စာရေးဆရာ မင်းဘူး -အောင်ကြိုင်။ ။
ချစ်စွာသောတူမောင် ..
လောကကြီးမှာ လူတွေ ကြုံတွေ့နေရတဲ့ အခြေအနေ အရပ်ရပ်ကို အမျိုးအစားခွဲကြည့်ရင် အဓိက နှစ်မျိုးပဲ တွေ့ကြရမယ် မောင်ရေ -
(၁) အဆင်ပြေသော အခြေအနေနဲ့
(၂) အဆင်မပြေသော အခြေအနေ။
အဆင်ပြေရင် ကျေနပ်ပြီး ဒူးနှန့်မနေနဲ့။ အဆင်မပြေတဲ့ အလှည့်ကြုံလာရင် ခုသာခံသာ ဖြစ်အောင် ကြိုတင်ပြင်ဆင်ထား၊ စုဆောင်းထား၊ သိုမှီးထား၊ ကောင်းရာကောင်းမှုများများပြု။
အဆင်မပြေရင် မကျေမနပ် ဒေါပွမနေနဲ့။ အဆင်ပြေတဲ့ အလှည့်က ရောက်ဦးမှာ။ အဆင် မပြေတာကို ယောနိသော မနသီကာရနှင့် နှလုံးသွင်းပြီး စိတ်ရှည်သည်းခံ၊ အပြုံးမပျက် ခံယူတတ်အောင်နေ။ အရိပ်ကို နေပူကစောင့် ရတယ်ဆိုတာ နားလည်လက်ခံရပေမယ် .............။
ဟိုတစ်နေ့က ဦးဦးဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ “သုံးပေါက်ချွန်းနဲ့ အခြားဝတ္ထုတိုများ” ရာပြည့် စာအုပ်တိုက်မှ ထုတ်ဝေတဲ့စာအုပ်ကို ဖတ်ကြည့် မိတယ်။ အရေးအသားကောင်းခြင်းဆိုတာ ဒါမျိုးတွေပဲလို့ လက်ဖျားတခါခါနဲ့ ဖတ်ရင်းဖတ်ရင်း အရသာတွေ့လိုက်တာကွယ်။ ဆရာ ရွှေဥဒေါင်းနဲ့ ဆရာသော်တာဆွေတို့ရဲ့ စာတွေများ ဖတ်မိရင် မဆုံးမချင်း လက်ကမချချင်အောင် ဆွဲခေါ်သွား နိုင်ကြတာကိုး။ အားကျစရာ သိပ်ကောင်းတာပဲ။ ဒါ့အပြင် တရားရစရာ ကောင်းပုံလည်း ကြည့်ဦး၊ ဆရာကြီးရွှေဥဒေါင်း “ရတနာပုံ” ဝတ္ထုကို ရေးစဉ်အခါက စားပွဲကုလားထိုင်တောင် မရှိလောက်အောင် ဆင်းရဲချို့တဲ့တဲ့အချိန်။ စာရေး ဆရာဖြစ်စကာလမို့ ကျွန်းသေတ္တာကြီးပေါ်မှာ ထိုင်ပြီးဝတ္ထုရှည်ကြီးကို တကုပ်ကုပ်နဲ့ အစအဆုံး ရေးရရှာပါတဲ့။
အဲဒီဝတ္ထုစာအုပ်ဟာ “အိစ်လင်း ” ဆိုတာကို မှီငြမ်းပြီး ရေးတဲ့အမှီးဝတ္ထုပါ။ ဒါပေမယ့် မြန်မာ့ ရေမြေသဘာဝ၊ မြန်မာတွေရဲ့ ဓလေ့စရိုက်နဲ့ ဆီလျော်အောင် ဖန်တီးနိုင်ခဲ့လေတော့ မြန်မာ
စာဖတ်ပရိသတ်အကြားမှာ တအားအောင်မြင်မှု ရသွားတယ်။ ဝတ္ထုတစ်ပုဒ်ကို ကျောင်းသုံး ဖတ်စာ ပြဋ္ဌာန်းရတဲ့အထိ အရေးအသားဟာ စွဲငြိစရာ ဖြစ်သွားခဲ့ပါသတဲ့။ အေဝမ်းတင်မောင် ပါဝင်ပြီး ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း ဟိုးလေးတကျော် အောင်မြင်ပြန်တာပဲ။ ရတနာပုံ ဝတ္ထုစန်းတက်ပုံကတော့ ပြောမနေနဲ့တော့။ အေးဗျ။ သူ့ကိုရေးရတဲ့ စာရေးဆရာများက မွဲမွဲကုပ်ကုပ် စုတ်ချာချာနဲ့ အဆင်းရဲ အပင်ပန်းခံပြီး ရေးရရှာတာပါ။
အောင်မြင်မှုတွေ ထွန်းပေါက်ခြင်းနဲ့ ကျော်ကြား ခြင်းတွေဟာ အဆင်းရဲခံခြင်း၊ စူးစူးစိုက်စိုက် အားထုတ်ခြင်း၊ မိမိအားသန်ရာကို ဇွဲရှိရှိနဲ့ ထပ်ခါထပ်ခါ အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားခြင်း တို့ရဲ့ အကျိုးရလဒ်သာလျှင် ဖြစ်ပါတယ်။ စာအုပ်တွေ အများကြီးဖတ် အများကြီးမှတ်သားပြီး လတွေ၊ နှစ်တွေကြာညောင်း ရင့်ကျက်ပြီးမှသာ စာရေးကောင်းတဲ့ စာရေးဆရာ၊ ဝတ္ထုရေးဆရာ ဆိုတာ ဖြစ်လာရတာကိုး။
နိဂုံးချုပ်ကြပါစို့။ ။ အဆင်မပြေမှုနဲ့ ဆင်းရဲခက်ခဲမှုတွေ၊ ပင်ပန်း ကျပ်တည်းမှုတွေကို ဣန္ဒြေရရ ရဲရဲဝံ့ဝံ့ ဖြတ်သန်း ကျော်လွှားစမ်းပါ တူမောင်း၊ လုပ်စရာရှိတာကို ဇွဲရှိရှိ လုပ်နေလိုက်ပါ။ အောင်ပွဲအလှည့်ဟာ တူမောင့်အတွက် ဆိုက်ရောက်လာမှာ မလွဲသေချာပါပဲ။
ချစ်စွာသော
ချစ်နိုင်(စိတ်ပညာ)
မြင်သာမဂ္ဂဇင်း
စက်တင်ဘာ၊ ၂၀၀၂ ခုနှစ်