အောက်ဆီဂျင်စက် (Oxygen Concentrator) အသုံးပြုခြင်း
အောက်ဆီဂျင်ဓာတ်ကို လူနှင့် သက်ရှိသတ္တဝါများ အသက်ရှင်သန်ရေးအတွက် မဖြစ်မနေလိုအပ်သည်။ ခန္ဓာကိုယ်အတွင်းရှိသင့်သည့် အောက်ဆီဂျင်ပမာဏထက် ကျဆင်းသွားပါက လူ့အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ ရင်ကျပ်ပန်းနာရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးရောဂါများ စသည်တို့တွင် အောက်ဆီဂျင်ပမာဏ ကျဆင်းသွားတတ်သည်။ အထူးသဖြင့် ယခုအခါ ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကူးစက် ကပ်ရောဂါကြောင့် အောက်ဆီဂျင် သိသာစွာကျဆင်းတတ်သည်ကို တွေ့နိုင်သည်။
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုးတို့သည် အဆုတ် ထဲရှိ လေအိတ်ကလေးများကို ပြင်းထန်စွာဖျက်ဆီး ပစ်ရာ ခန္ဓာကိုယ်အတွက်အောက်ဆီဂျင်ဓာတ် မရရှိတော့ဘဲကျဆင်းသွားခြင်းဖြစ်သည်။ အောက်ဆီဂျင်ဓာတ် ကျဆင်းသည်ကို အချိန်မီသိရှိပါက ပြင်ပမှ အမြန်ဆုံး ပြန်လည်ဖြည့်တင်းခြင်းဖြင့် အသက် ဇီဝကို ထိန်းထားနိုင်ပြီး အခြားလိုအပ်သည်များကို အလျင်အမြန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြင်ပမှအောက်ဆီဂျင်ဓာတ်ကို အမြန် ဖြည့်တင်းပေးရန် အတွက် အောက်ဆီဂျင်ဆလင်ဒါအိုးဖြင့် အောက်ဆီ ဂျင်ဓာတ်ငွေ့ကို ရှူရှိုက်စေခြင်းဖြင့်လည်းကောင်း၊ အောက်ဆီဂျင် ကွန်စင်ထရေတာ Oxygen Concen-tratorcat ခေါ် အောက်ဆီဂျင်စက်ဖြင့် Liquid oxygen အောက်ဆီဂျင်ဓာတ်ငွေ့ အရည်ရှူစေခြင်း ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်သည်။ ။
ဆလင်ဒါအိုးဖြင့်ရှူရာတွင် အိုးထဲရှိ ဓာတ်ငွေ့ ကုန်သည်နှင့် အမြန်လဲလှယ်ပေးရန်လိုအပ်ပါသည်။ အောက်ဆီဂျင်အရည် ဆိုသည်က အောက်ဆီဂျင် ဓာတ်ငွေ့ကို အပူချိန် (-183 degree Centegrate သို့မဟုတ် 297 degree Fahrenheit) အထိ အေးအောင် ပြောင်းလဲခြင်းဖြင့် အရည်ပုံစံဖြစ်နေစေခြင်း ဖြစ်သည်။ ဓာတ်ငွေ့အရည် တစ်လီတာတွင် ဓာတ် ငွေ့ ၈၆ဝ လီတာ ပါဝင်ပါသည်။ အသုံးပြုလိုပါက အပူချိန်ကို ပြောင်းလဲခြင်းဖြင့် အငွေ့ဖြစ်စေကာ သုံးစွဲရသည်။ အသုံးများသည်မှာ အောက်ဆီဂျင် ကွန်စင်ထရေတာစက်ဖြစ်ပြီး လေထဲရှိ အောက်ဆီ ဂျင်ဓာတ်ငွေ့ကို စစ်ယူ၍ မိမိထံပေးပို့ခြင်းဖြစ်သဖြင့် အချိန်များစွာ တစ်ဆက်တည်း ၉ နာရီခန့်အထိ အသုံးပြုနိုင်သည်။ အောက်ဆီဂျင်အိုး လဲလှယ်ရန် မလိုအပ်ပါ။
သို့သော် ထိုစက်ကို စနစ်တကျသုံးရန် လိုအပ်ပါသည်။ စနစ်တကျ မသုံးတတ်ပါက အောက်ဆီဂျင် အဆိပ်သင့်ခြင်း (oxygen toxicity) အပါအဝင် အခြားပြဿနာများ ဖြစ်သွားနိုင်ပါသည်။ လူ့ပတ်ဝန်းကျင်ရှိ လေထုထဲတွင် အောက်ဆီဂျင်ဓာတ် ၂၁ ရာခိုင်နှုန်း ခန့်ရှိနေရာ လိုအပ်သည်ထက်ပိုများသော အောက်ဆီ ဂျင်ဓာတ်များက အဆုတ်များကို ပျက်စီးစေတတ်ပါ သည်။ လိုအပ်သည့်အောက်ဆီဂျင်ဓာတ် မရပါလည်း hypoxia ခေါ် အောက်ဆီဂျင် လျော့နည်းမှုကြောင့် ဦးနှောက်၊ နှလုံးနှင့် အခြားအင်္ဂါများ လျင်မြန်စွာပျက်စီး အသက်ဆုံးနိုင်သည်။ ထိုစက်သည် လေထဲရှိ အောက်ဆီဂျင်ကိုသာ စစ်ယူပြီး နိုက်ထရိုဂျင်ဓာတ်ကို စစ်ထုတ်ပစ်ပါသည်။
သွေးအတွင်းရှိ အောက်ဆီဂျင်ဓာတ်
လူ့ခန္ဓာကိုယ်အတွက် သွေးအတွင်း အောက်ဆီ ဂျင်ဓာတ် ပမာဏသည် ပုံမှန်အားဖြင့် 75-100 millimetres (mm Hg) ရှိရသည်။ ထို blood oxygen level သည် 60 mm Hg ထက် လျော့နည်းသွားပါက oxygen supplementation ခေါ် ဓာတ်ငွေ့ပေး ခြင်းကို ဆောင်ရွက်ရန် အထူးလိုအပ်သည်။
အောက်ဆီဂျင်ဓာတ်ကျဆင်းသွားပါက မျက်နှာ၊ နှုတ်ခမ်းနှင့် လက်သည်း၊ ခြေသည်းများ ပြာနှမ်းလာ ခြင်း၊ အသက်ရှူခက်ခဲလာခြင်း၊ ချောင်းဆိုးလာခြင်း၊ ဂဏာမငြိမ်ဖြစ် နေထိုင်ရခက်လာခြင်း၊ ရင်ဘတ် ထဲမှာတင်းကျပ်လာခြင်း၊ နာကျင်လာခြင်း၊ ရင်တုန်လာခြင်း၊ သွေးခုန်နှုန်းမြန်လာခြင်းစသည်တို့ ဖြစ် လာတတ်သည်။ အချို့မှာမူ မည်သည့်ခံစားရမှုမှ မပြဘဲ သွေးထဲမှာသာ ကျဆင်းနေသည်ကို တွေ့ရ တတ်သည်လည်း ရှိသည်။
သွေးအတွင်း အောက်ဆီဂျင်ဓာတ် ကျဆင်းမှု များကို ရင်ကျပ်ပန်းနာ၊ နှလုံးရောဂါ၊ နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များ၊ ကင်ဆာရောဂါများ၊ အဆိပ်သင့်မှုများ၊ ဦးခေါင်း ထိခိုက်ခံရမှုများ၊ အကြီးစားခွဲစိတ်မှု ခံရမှုများ၊ ပြင်းထန်သော ကိုယ်တွင်းအင်္ဂါ ပျက်စီးမှုများနှင့် အထူးသဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးက အဆုတ် လေပြွန်လေးများကိုဖျက်ဆီးလိုက်၍ အောက်ဆီဂျင် ဓာတ်မဝင်တော့ဘဲကျဆင်းသွားခြင်း စသည့်အခြေ အနေများတွင် တွေ့ရလေ့ရှိသည်။
သွေးအတွင်းရှိ အောက်ဆီဂျင်ပမာဏကို Pulse oximeter ဖြင့် တိုင်းတာနိုင်သည်။ ထိုပမာဏ po2 သည် အနည်းဆုံး ၉၅ ရာခိုင်နှုန်း ရှိရမည်ဖြစ်ပြီး အများဆုံး ၁၀၀ ရာခိုင်နှုန်းနှင့်အထက် မရှိသင့်ပါ။ သွေးအတွင်း အောက်ဆီဂျင်ဓာတ် လိုအပ်သည် ထက် ပိုများသွားသည်လည်း ရှိတတ်ကာ ယင်းကို အောက်ဆီဂျင်အဆိပ်သင့်ခြင်း (oxygen toxicity) ဟု ခေါ်ပါသည်။ ထိုသို့ဖြစ်ပါက ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်း၊ အသက်ရှူခက်ခဲလာခြင်း၊ ရင်ဘတ်အောင့်လာခြင်း၊ မျက်နှာနှင့် လက်များတွင် muscle twitching ခေါ် ကြွက်သားများ တွန့်လိမ် အကြောဆွဲလာခြင်း၊ မူးဝေလာခြင်း၊ မျက်စိကြည့် မကောင်းဖြစ်လာခြင်း၊ ပျို့အန်လာခြင်း စသည်တို့ ဖြစ်လာတတ်ပါသည်။ (အောက်ဆီဂျင်ဓာတ်ငွေ့ ပေးခါစတွင်လည်း ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ချောင်းဆိုးခြင်း စသည်တို့ကို ခံစားရတတ်ကြောင်း သိရသည်)။
အောက်ဆီဂျင်စက်အသုံးပြုခြင်းနှင့် သတိပြုစရာများ
အောက်ဆီဂျင်စက်ကို အသုံးပြုပါက စက်အနီး တစ်ပေမှ နှစ်ပေအတွင်း ရှင်းလင်းနေရပါမည်။ စက်ကို ပိတ်ဆို့ဟန့်တားစေမည့် မည်သည့်အရာမျှ မရှိစေရပါ။ စက်ရှိ humidification bottle ရေငွေ့ ပုလင်းကို စနစ်တကျ တပ်ဆင်ရပါမည်။ Oxygen flow rate အောက်ဆီဂျင်ဓာတ်ငွေ့ စီးဆင်းမှုသည် သတ်မှတ်ထားသည့်အတိုင်း ရှိနေရပါမည်။ 2-3 Litres per minute ထက် များပါက လိုအပ်သလို ချိန်ညှိရပါမည်။ ထို့ကြောင့် ကျွမ်းကျင်သူတို့နှင့်သာ စတင် တပ်ဆင်ဆောင်ရွက်သင့်ပါသည်။ Humidification bottle, oxygen adaptor တို့ကို စနစ်တကျ တပ်ဆင်ရပါမည်။
Inlet filter ခေါ်လေအဝင်စစ်ကို အမြဲစစ်ဆေး သန့်ရှင်းနေစေရပါမည်။ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် ဆေးကြောသန့်စင်ပြီး မသုံးမီ ခြောက် သွေ့နေစေရပါမည်။ စက်ကို မသုံးမီ ၁၅ မိနစ်မှ ၂ဝ မိနစ်ခန့် ဖွင့်ထားပေးသင့်သည်။ လေလည်ပတ်မှု မှန်နေစေရန် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်ရသည့်အတွက် လျှပ်စစ်ဓာတ်အားပြတ် လပ်မှုမရှိစေရန် သတိပြုရပါမည်။ စက်အလုပ်လုပ် နေပါကလေဝင်သည့်အသံကို ကြားနေရပါလိမ့်မည်။ လေထိန်းခလုပ် (Litre control knob) သည် litres per minute or levels of 1, 2, 3 စသည်ဖြင့် ရှိနေရမည်ဖြစ်သဖြင့် ကျွမ်းကျင်သူတို့ကို စစ်ဆေးစေသင့်ပါသည်။ လေပိုက် လိမ်နေခြင်း၊ ခေါက်နေခြင်း မရှိစေရပါ။ Nasal cannula နှာခေါင်းလေပိုက်ကို သုံးပါက လေဝင်ကောင်းစေဖို့ စနစ်တကျ တပ်ဆင်ရပါမည်။
လေဝင်လေထွက်ကောင်းရာတွင်ထားရပါမည်။ ဆေးလိပ်မသောက်ရပါ။ အမိုးတစ်ခုတည်းအောက် ဆေးလိပ်မသောက်ရပါ။ အနီးတွင် မီးလောင်လွယ်သော ပစ္စည်းများ၊ ခြင်ဆေးခွေ၊ မီးဖိုစသည်များ ၊ လုံးဝမထားရပါ။ စက်အနီးတွင် ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များ မရှိနေစေသင့်ပါ။ သူနာပြု၊ မိသားစုဝင် စသည့် နားလည်သူတစ်ဦးဦး အနီးတွင် အမြဲရှိနေသင့်ပါသည်။
အရေးကြီးသည်မှာ မိမိသဘောနှင့် စက်ကို အတိုးအလျှော့လုပ်ခြင်း၊ စက်ကို ကလိခြင်းများ မလုပ်ရန်ဖြစ်သည်။ လိုအပ်ပါက ဆရာဝန်၊ စက် ကျွမ်းကျင်သူတို့ကို အသိပေးပါ။
သတိပြုရန်
အောက်ဆီဂျင်စက်သုံးခြင်းကြောင့် အောက်ပါ အချက်များ ဖြစ်တတ်သည်ကို သတိပြုပါ။
(၁) အရေပြား ခြောက်သွေ့ ယားယံခြင်းနှင့် နှာခေါင်းခြောက်သွေ့ခြင်း။ (ထို့ကြောင့် AYR Saline Nasal Mist, AYR Nasal Gel စသည်တို့ သုံးနိုင်သည်။ ရေသောက်ပေးသင့်ပါသည်။)
(၂) မီးလောင်လွယ်ပါသည်။ အထူးသတိပြုပါ။
(၃) အောက်စီဂျင်အဆိပ်သင့်ခြင်း ဖြစ်တတ်ပါသည်။
ကိုဗစ်-၁၉ တတိယလှိုင်းဟု ခေါ်ရမည့် ယခု ကာလတွင် ဖြစ်ပွားမှု၊ ကူးစက်မှု များပြားလှသည်။ အထူးသဖြင့် Delta variant B.1.617.2 ခေါ် ဗီဇပြောင်းပိုးက အင်အား ပိုပြင်းနေပါသည်။ ထို့ပြင် Delta Plus or Delta-AY.1 variant ဆိုသည်က ဗိုင်းရပ်စ်ပိုးမျက်နှာပြင်ရှိ အတက်လေးများ(spikes) ၏ ပရိုတင်း K417N mutation ဗီဇပြောင်းလဲပြီး ပိုးတစ်မျိုး ဖြစ်လာပြန်သည်ဟု သိရသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး(WHO)၏ လေ့လာချက်အရ Delta variant o was Alpha variant cons ကူးစက်နိုင်မှု ၅၅ ရာခိုင်နှုန်း ပိုများနိုင်သည်ဟု သိရသည်။
Alpha variant သည် ကိုဗစ်-၁၉ ရောဂါကို စတင်ဖြစ်ပွားစေသည့် ဟန်မြို့မှဗိုင်းရပ်စ်ပိုးထက် ၅၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်သည်ဟုလည်း ဆို သည်။ ထို Delta ပိုးသည် အထူးဂရုပြုရမည့်ပိုး ဖြစ် သည်။ ယခုသုံးနေသော ကာကွယ်ဆေးတို့သည် ပိုးများကို ခုခံနိုင်စွမ်း ရှိနေသည်။ ကာကွယ်ဆေး အပြည့်ထိုးထားပြီးသူတို့တွင် ကာကွယ်နိုင်အားကောင်းသည်ဟုလည်း WHO ကဆိုကြောင်း သိရ သည်။
မည်သို့ဆိုစေ ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကမ္ဘာ တစ်ဝန်း ကပ်ရောဂါကြီးတစ်ခုအဖြစ် တွေ့မြင်နေရပေပြီ။ ရောဂါကာကွယ်ရေးအတွက် လူသားအားလုံး လက်တွဲဆောင်ရွက်ကြဖို့ ဖြစ်သည်။
ဆေးပစ္စည်းဆိုင်များတွင် လူအများတိုးဝှေ့ပြီး အောက်ဆီဂျင်အိုးများ၊ စက်များကို ဝယ်ယူနေကြ သည်ကို တွေ့မြင်နေရပေသည်။ စနစ်တကျသုံးဖို့၊ သတိထားသုံးကြဖို့၊ စိုးရိမ်စိတ်မများကြဖို့ လိုအပ် ပေသည်။ ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် လက်ဆေးခြင်း၊ မက်စ်နှစ်ထပ်တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား၍နေခြင်း၊ တတ်နိုင်သမျှ အိမ်မှာနေခြင်း၊ လူစုလူဝေးမလုပ်ခြင်းနှင့် ရောဂါကာကွယ်ကုသရေးအတွက် ကိုယ်ချင်းစာ စိတ်များဖြင့် လူအချင်းချင်း ကူညီဆောင်ရွက်ကြဖို့သာ ဖြစ်ပေသည်။ ။
ကိုးကား (၁) Indian Express, 09 July 2021.
(၂) The American Thoracic Society. Oxygen
Therapy. April 2016.
(၃) Kevin T. Collopy, BA. FP-C, et. al. EMS
World. Oxygen Toxicity. January 2012.
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)