Skip to main content

ဗိုင်းရပ်စ်ကို တောမီးလိုဆက်လက်ပျံ့နှံ့ခွင့်ပေးမယ်ဆိုရင် သန်းနဲ့ချီတဲ့လူသားတွေအန္တရာယ်ရှိလာနိုင်

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ဖို့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ နှစ်ပတ်ကြာ အလုံပိတ် ကန့်သတ်ပိတ်ဆို့မှုကို မကြာသေးမီက ချမှတ်အကောင်အထည်ဖော်လိုက်သလို ၂၀၂၁ ခုနှစ်ကုန်မှာ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးဖို့ ကြေညာခဲ့ပါတယ်။ နောက်နှစ် မတ်လမှာ နိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်း ချက်ထားဆောင်ရွက်လျက်ရှိပါတယ်။

ဗီယက်နမ်နိုင်ငံမှာ လူလေးသန်းခန့် ကာကွယ်ဆေးထိုးပြီး

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဟာ မရှိမဖြစ်လိုအပ်သလို ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ အရေးပါတဲ့ ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ဖို့လည်း အရေးပါလှပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြခဲ့ပါ တယ်။

လူပေါင်း သန်း ၁၀၀ လောက် နေထိုင်တဲ့နိုင်ငံမှာ ဧပြီလအထိ ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ဟာ ၃၀၀၀ အောက်သာရှိခဲ့ပါတယ်။ ဇူလိုင် ၉ ရက်မှာတော့ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြု ကူးစက်ဖြစ်ပွားသူပေါင်း ၂၄၈၁၀ ရှိလာခဲ့သလို ၁၀၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှာ လူလေးသန်းခန့် ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်ပါတယ်။ အဲဒီထဲကမှ လူပေါင်း ၂၄၀၀၀၀ ဟာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးပြီ ဖြစ်ပါတယ်။ ဒါဟာ လူဦးရေရဲ့ ၀ ဒသမ ၂၅ ရာခိုင်နှုန်းရှိပါတယ်။

နှစ်ဦးထက်လူစုလူဝေးလုပ်ခြင်းကို လုံးဝတားမြစ်

ဟိုချီမင်းမြို့ခံ ကိုးသန်းလောက်ဟာ နှစ်ဦးထက်ပို၍ လူစုလူဝေးလုပ်ခြင်းကို လုံးဝတားမြစ်လိုက်ပါတယ်။ ဒါ့အပြင် အစားအစာဝယ်ခြင်းနဲ့ ဆေးဝယ်ခြင်း ကဲ့သို့သော အရေးပေါ်ကိစ္စမှလွဲ၍ နောက်ထပ် သီတင်းပတ်နှစ်ပတ်နေအိမ် ပြင်ပထွက်ခြင်းကိုလည်း တားမြစ်ထားပါတယ်။

ဖီဂျီနိုင်ငံ

တစ်ချိန်တည်းမှာပဲ ဖီဂျီဝန်ကြီးချုပ် ဖရန့်ခ်ဘိုင်နီမာရာမာက တောင်ပစိဖိတ်နိုင်ငံဟာ ဒေသခံများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ထူးခြားတဲ့ နည်းလမ်းတစ်ခုကို စီမံထားပါတယ်။ ဒါကတော့ ကာကွယ်ဆေးမထိုးရင် အလုပ်မလုပ်ရတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဟာ ဘေးကင်းစိတ်ချရပြီး အခုတော့ ဒါဟာ အစိုးရရဲ့ မူဝါဒ တစ်ရပ်ဖြစ်လာကာ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ အကောင်အထည်ဖော်လျက်ရှိပါတယ်။

ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်ရ

လူဦးရေ ၉၀၀၀၀၀ လောက်ရှိတဲ့ ဖီဂျီနိုင်ငံဟာ ဧပြီလကတည်းက ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်နေရပါတယ်။

ဧပြီလမတိုင်ခင်က ဖီဂျီနိုင်ငံမှာ ဘယ်လို ကိုဗစ်-၁၉ ဗိုင်းရပ်စ်မှ ကူးစက်ဖြစ်ပွားခြင်းမရှိသေးပါဘူး။ ဇူလိုင် ၉ ရက်မှာတော့ ဖီဂျီနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုကူးစက်ဖြစ်ပွားသူ ၈၆၆၁ ဦး ရှိလာပြီး သေဆုံးသူကလည်း ၄၈ ဦးအထိ ရောက်ရှိလာတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြ ထားပါ တယ်။

အလုပ်မှ ထုတ်ပယ်ခြင်းခံရမည်

ဝန်ကြီးချုပ်က ပြည်သူ့ဝန်ထမ်းများ အားလုံး သြဂုတ် ၁၅ ရက်မတိုင်မီ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးပါက အလုပ်မှ အတင်းအကျပ်အနားယူခိုင်းမည်ဖြစ်ကြောင်းနဲ့ နိုဝင်ဘာ ၁ ရက်မှာ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးပါက အလုပ်မှထုတ်ပယ်ခြင်းခံရမည် ဖြစ်ကြောင်း ပြောပါတယ်။

ပုဂ္ဂလိကကဏ္ဍ အလုပ်သမားများ အနေဖြင့်လည်း သြဂုတ် ၁ ရက်နေ့ မတိုင်မီ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့လိုကြောင်းနဲ့ မထိုးရသေးပါက ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီကိုလည်း ပိတ်သိမ်းဖို့ ခြိမ်းခြောက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

အခုချိန်ထိတော့ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၃၈၀၀၀၀ ရှိလာပြီဖြစ်တယ်လို့ ဂျွန်ဟော့ ကင်းတက္ကသိုလ်ရဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးခြေရာခံမှုဆိုင်ရာ အချက်အလက်က ဖော်ပြ ထားပါတယ်။

ဂျပန်နိုင်ငံ ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက အိုလံပစ်အားကစားပြိုင်ပွဲကြီးကို တင်းကျပ်တဲ့ ကိုဗစ်-၁၉ အရေးပေါ် အခြေအနေအောက်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ပြောကြားလိုက်သော်လည်း ပွဲကြည့်ပရိသတ်တွေကို တော့ တားဆီးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ်ရဲ့ အခြေအနေကို ထည့်သွင်းတွက်ချက်ရင်း နိုင်ငံတစ်ဝန်း နောက်တစ်ဖန် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုများကိုလည်း ထိန်းချုပ်နိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးကို နောက်တစ်ဆင့်မြှင့်တင်ဖို့လိုတယ်လို့ ဆူဂါက ပြောပါတယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းထားမယ်

အိုလံပစ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်က ဒီနှစ်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်လာတဲ့အတွက် ရွှေ့ဆိုင်းထားပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ကိုဗစ်-၁၉ ဆက်စပ်သေဆုံးသူ လေးသန်းကျော်ရှိလာပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို တောမီးလို ဆက်လက်ပျံ့နှံ့ခွင့်ပေးမယ် ဆိုရင်တော့ သန်းချီတဲ့လူသားတွေ ပိုပြီး အန္တရာယ်ရှိလာနိုင် တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်က သတိပေးပြောကြားလိုက်ပါတယ်။

ထွန်းကျော်

ကိုးကား (အေအက်ဖ်ပီ)