လမ်းကြောင်းမှန်ပေါ်လှမ်းခဲ့ပါ
မပြောတော့မပြောချင်ဘူး။ ဒါပေမယ့် ပြောရတော့မယ်။ ပြောမှဖြစ်မှာကိုး။ မပြောပြန်ရင်လည်း သူတို့ပြောတာကအမှန်တွေလိုလို။ သူတို့ကိုယ်သူတို့ ခြောက်ပြစ်ကင်း သဲလည်းစင် လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး တစ်နေကုန်ပဲ ထိုင်ရှိခိုးကန်တော့ရတော့မလိုလို သူတော်ကောင်းကြီးတွေလို့ ထင်နေရ။ တစ်ဖြည်းဖြည်းတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိလာကြပြီ။ အနူတောမှာ လူချော လုပ်ခဲ့ကြ တာလည်း ကြာပြီကိုး။ နည်းနည်းတော့ ပြောချင်လာမိလို့ပါ။
ကျနော့အတွက်ကတော့ CRPH တို့ NUG တို့ သူတို့က မွေးဖွားလာတဲ့ PDF တို့ အားလုံးဟာ အကြမ်းဖက်သမားတွေဆိုတာကို လုံးဝယုံကြည်ထားတယ်။ လက်ခံထားတယ်။ ပြောတာတစ်မျိုး လုပ်တာတစ်ခြား၊ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယားကားယားဆိုတာ သူတို့ပဲ။ ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားတွေ။ ပြောရရင်နိုင်ငံနဲ့ ပြည်သူတွေအတွက် အန္တရာယ်ကြီးမားတဲ့ ရန်သူတွေပဲ။ ခုတော့ သူခိုးကလူဟစ် စကားတွေထွက်လာကြတယ်။
အဲဒီအကြမ်းဖက်ခေါင်းဆောင်တွေက ပြောလာတယ်။ ခု တပ်မတော်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံမှာ Covid-19 ရောဂါဟာ ထိန်းချုပ်လို့မရတော့ဘဲ လျင်မြန်စွာကူးစက်မှုနှုန်း မြင့်တက် နေတယ်တဲ့။ မြန်မာနိုင်ငံဟာလည်း လျင်မြန်စွာ ပျက်စီးကျရှုံးသောနိုင်ငံအဖြစ်သို့ ရောက်လာပြီး ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးဝန်ဆောင်မှုများနဲ့ အခြားအခြေခံဝန်ဆောင်မှုများ အပါအဝင် တိုင်းပြည်ရဲ့ စီးပွားရေးလျင်မြန်စွာ ကျဆင်းနေပါတယ်တဲ့။ စားနပ်ရိက္ခာ မဖူလုံမှု သိသိသာသာ မြင့်တက်လာခြင်း၊ အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများ နေ့ရောညပါ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး ယခုအချိန်ကာလဟာ မြန်မာ့သမိုင်းတွင် အမှောင်မိုက်ဆုံးကာလ ဖြစ်ပါတယ်တဲ့။ တစ်ခြား စွပ်စွဲတာတွေလည်း အများကြီးပါ။ ဒီနေ့တော့ ဒီလောက်ကိုပဲ သုံးသပ်ကြည့်ကြရအောင်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေခြင်းရဲ့ တရားခံအစစ်က ဘယ်သူတွေတုံး။ ရောဂါမဖြစ်ဖို့ ပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းနဲ့ ဖြစ်လာရင် ကုသခြင်းကို လုပ်ရမှာ ဘယ်သူတွေလဲ။ အဓိက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ တစ်ဦးချင်း ကာကွယ်ထိန်းသိမ်းရမှာနဲ့ ပြည်သူလူထုက ပူးပေါင်းပါဝင်ရမှာက တစ်ပိုင်းပါ။ မှန်ပါတယ်။ ဒါပေမဲ့ အဓိကကျတာက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေရှိမှ၊ ပါဝင်ကြမှ ဆေးရုံ ဆေးခန်းတွေ ဖွင့်နိုင်မှ ဖြစ်မှာလေ။ ကုသစောင့်ရှောက်မှုပေးနိုင်ကြရမယ်လေ။
အစိုးရဆေးရုံ၊ ဆေးခန်းတွေဟာ ပြည်သူလူထုအများစုရဲ့ အသက်
ပြည်သူလူထုအများစုအတွက်၊ အခြေခံလူတန်းစားတွေအတွက်၊ နိုင်ငံ့ဝန်ထမ်းမိသားစုတွေ အတွက် ကျန်းမာရေးကိစ္စ အဓိကအားကိုးရတာက ပြည်သူ့ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ကျန်းမာရေး ဌာနခွဲတွေနဲ့ အဲဒီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေပါ။ ငွေကုန်ကြေးကျများတဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေဆိုတာကတော့ အခြေခံ လူတန်းစားတွေအတွက် အလှမ်းဝေးပါတယ်။ ပြောရရင် အစိုးရဆေးရုံ ဆေးခန်းတွေဟာ ပြည်သူ လူထုအများစုရဲ့ အသက်ပါပဲ။
ကျနော်တို့နိုင်ငံမှာ ကိုဗစ်စဖြစ်စဉ်ကတည်းက အချိန်ကာလတစ်ခုထိ ကိုဗစ်ကာကွယ် ကုသရေးတွေမှာ စိတ်ပါလက်ပါ ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ အများကြီးရှိခဲ့ပါတယ်။ အထိုက်အလျောက် ကူးစက်မှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲဒီကာလ လုပ်ဆောင်ခဲ့မှုတွေကို ကျေးဇူးတင်မိခဲ့ပါတယ်။ ကျေးဇူးတင်စရာကောင်းခဲ့လို့ ကျေးဇူးတင်တယ်လို့ ရေးတာပါ။
ဒါပေမယ့်လည်း အမှန်တရားအတွက် ပြောင်းလဲခဲ့ရတဲ့ နိုင်ငံရေးအချိုးအကွေ့မှာ အဲဒီလုပ်ကိုင်နေကြသူတွေ တော်တော်များများဟာ သဘောထား မမှန်ကြတော့ဘူး။ နိုင်ငံနဲ့ ပြည်သူလူထုတွေကို သစ္စာဖောက်ခဲ့ကြတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ခဲ့ကြတယ်။ တည်ဆဲဥပဒေတွေကို ကျူးလွန်ခဲ့ကြပြီး မိမိတို့စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့ကြတယ်။ မိမိတို့ရဲ့ အဓိကတာဝန်တွေ မကျေကြတော့ဘူး။
ပြည်သူလူထုကို ကျန်းမာရေး ကာကွယ်စောင့်ရှောက်ပြုစု ကုသရမယ့် နိုင်ငံ့ဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ သူတို့အလုပ်ကို မလုပ်ကြတော့ဘူး။ ပြည်သူ့ကျန်းမာရေးကို လစ်လျူရှုကြတယ်။ လူနာတွေကို ဥပေက္ခာပြုလာကြတယ်။ ပြောရရင် CDM လုပ်ကြတာပေါ့ဗျာ။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကြီး
ပြည်သူအတွက် ဝန်ဆောင်ကုသပေးချင်ကြတဲ့၊ တာဝန်ကျေချင်ကြတဲ့၊ မေတ္တာ စေတနာ ရှိကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကိုလည်း CDM မလုပ်လုပ်အောင် စည်းရုံးဆွဲဆောင် လာကြတယ်။ နောက်ဆုံး ခြိမ်းခြောက်အကြမ်းဖက် ရန်မူလာကြတယ်။ ငါနဲ့မတူ ငါ့ရန်သူ လုပ်လာ ကြတယ်။ အသက်အန္တရာယ်ပေးတဲ့အထိ လုပ်လာကြတယ်။ အများကြားမှာ အရှက်တကွဲ အကျိုးနည်းဖြစ်စေပြီး လူစုလူဝေးနဲ့ အန္တရာယ်ပေးနိုင်စေဖို့ Social Punishment လုပ်လာကြတယ်။ ဒီလိုနဲ့ ဆေးရုံ ဆေးခန်းတွေပိတ်ထားရတဲ့အဆင့်ရောက်တဲ့အထိ ကျန်းမာရေးဝန်ထမ်းတွေ CDM ဖြစ်သွားကြတယ်။ ပြည်သူ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကြီး တစ်ခုလုံး ရပ်ဆိုင်းလု နီးပါး ဖြစ်သွားရတယ်။ ပြည်သူလူထုဒုက္ခရောက်ကြရတယ်ပေါ့ဗျာ။
နိုင်ငံတော်အစိုးရဆေးရုံဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ နိုင်ငံ့ဝန်ထမ်းတွေပါ။ ဒါ့ကြောင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊ မိမိအား ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊ ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း စတဲ့ နိုင်ငံ့ဝန်ထမ်း တာဝန်တွေကို အဓိက လိုက်နာစောင့်ထိန်းကြဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ သူတို့ပျက်ကွက်ကြတယ်။ မပျက်ကွက်ချင် သူကို ပျက်ကွက်အောင် လုပ်ကြတယ်။ စောင့်ထိန်းလိုက်နာချင်သူတွေကို ဖောက်ဖျက်အောင် နည်းမျိုးစုံသုံးပြီး စည်းရုံးသိမ်းသွင်းခဲ့ကြတယ်။ ဒါက ဝန်ထမ်းကောင်းတွေကို စိတ်ဓာတ်ပျက်ပြား အောင် ဖျက်ဆီးတာပဲ။
နောက်တစ်ခုက ကျင့်ဝတ်ဖောက်ဖျက်တာ။ ဆရာဝန်ဆိုတာ ဆရာဝန်ကျင့်ဝတ်များကို လိုက်နာပါမယ်လို့ ပဋိညာဉ်ခံပြီးမှ ဆရာဝန်ဖြစ်တာလို့ ကျနော်နားလည်ထားပါတယ်။ အဲဒီကျင့်ဝတ် တွေထဲမှာ လူနာတွေကို ဆေးကုသပေးရမယ်၊ ပြည်သူ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရမယ်ဆိုတာ အဓိကဖြစ်မှာပါ။ ခုအဲဒီအဓိက ကျင့်ဝတ်ကို ဖောက်ဖျက်ကြလို့ CDM လုပ်ပြီး ဆေးမကုကြတော့ဘူး။ ပြည်သူ့ကျန်းမာရေးကို ဂရုမစိုက်ကြတော့ဘူး။ လူနာတွေကို ပစ်ပယ် လာကြတယ်။
ပြည်သူ့အကျိုးကို ရှေ့တန်းတင်ခဲ့
အဲဒီလို ဆရာဝန်တွေ၊ သူနာပြုတွေ မရှိတော့တဲ့ အချိန်မှာ ပိတ်ထားတဲ့ ဆေးရုံတွေမှာ ပြည်သူလူထု ဒုက္ခကို ဖြေရှင်းပေးဖို့၊ ကုသပေးဖို့ တပ်မတော်က ဆရာဝန်တွေ၊ သူနာပြုတွေ တတ်နိုင်သမျှ မျှဝေစေလွှတ်ပြီး ဆေးရုံတွေ အရေးပေါ် ပြန်လည်ဖွင့်နိုင်အောင် ကြိုးစားခဲ့တယ်။ ကုသပေးခဲ့တယ်။ အားလုံးအသိပါပဲ။ တပ်မတော် ဆေးရုံများမှာလည်း ပြည်သူလူထုကို နေ့ညမပြတ် လက်ခံကုသပေးခဲ့တယ်။ တပ်မတော်တာဝန်စယူခဲ့တဲ့ အချိန်ကစပြီး ယခုအချိန်ထိ ငါးလကျော်ကာလအတွင်းမှာ ပြင်ပလူနာပေါင်း သုံးသိန်းနီးပါး၊ အတွင်းလူနာ ရှစ်သောင်းနီးပါး ကုသပေးခဲ့ပါတယ်။ အဲဒီလူနာတွေထဲက အကြီးစားခွဲစိတ်မှု (၁၂၄၉၀)၊ အသေးစား ခွဲစိတ်မှု (၆၆၄၃)၊ ကလေးမီးဖွားခွဲစိတ်ပေးမှု (၆၃၄၄) ဦးနဲ့ (၈၉၈၄) ဦးကို ရိုးရိုးမွေးဖွားပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါတွေဟာ အဲဒီတာဝန်ပျက်ကွက်တဲ့၊ ကျင့်ဝတ်ဖောက်ဖျက်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နေရာမှာ တပ်မတော်က ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနဲ့ အစားထိုးပြီး ပြည်သူကို ကျန်းမာရေး စောင့်ရှောက်ခဲ့တဲ့ သာဓကတွေပါပဲ။ တစ်နည်းအားဖြင့်တော့ တပ်မတော်ရဲ့ စေတနာနဲ့ အနစ်နာခံပြီး ပြည်သူ့အကျိုးကို ရှေ့တန်းတင်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေပါပဲ။
အဲဒီတော့ ဖြစ်ခဲ့တာတွေ အစအဆုံး ရေးနေရရင်လည်း စာရှည်ရုံသာ ရှိမှာပါ။ ဒါ့ကြောင့် အကြမ်းဖက်အဖွဲ့တွေ ဖြစ်ကြတဲ့ CRPH, NUG တို့တွေ စွပ်စွဲတဲ့အတိုင်း Covid-19 ရောဂါ ထိန်းချုပ်ရတာ ခက်လာတယ်၊ လျင်မြန်စွာ ကူးစက်လာနေတယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အဲဒါ တပ်မတော်ကြောင့်မဟုတ်ဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးကို အဓိကထား ဦးစားပေး လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ CDM လုပ်ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကြောင့်သာ ကိုဗစ်ကာကွယ်ရေးကို ခုလို ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်လွှားနေရတာ ဖြစ်ပါတယ်။ ဒါဆိုရင် တရားခံအစစ်ဟာ ဘယ်သူလဲဆိုတာ ပေါ်လွင်လောက်ပါပြီ။
မြန်မာနိုင်ငံရဲ့ကျန်းမာရေးယန္တရားကြီး ပြိုလဲသွားအောင်၊ ရပ်တန့်သွားအောင် လုပ်ခဲ့တာ၊ ကျန်းမာရေး စောင့်ရှောက်ကုသမှုမခံရလို့ ရောဂါတမျိုးမျိုးနဲ့ သေဆုံးသွားကြတဲ့လူနာတွေနဲ့ ကိုဗစ် ရောဂါကူးစက်ခံကြရတာ၊ ဆရာဝန် သူနာပြုတွေ မလုံလောက်တာ၊ ဆေးရုံဆေးခန်းတွေ ပိတ်ထား ရတာ အားလုံးရဲ့ တရားခံဟာ အဲဒီအကြမ်းဖက်သမားတွေပါပဲ။
ဒါကိုမသိချင်ယောင်ဆောင်ပြီး ဟိုပြောဒီပြော ပြောမနေကြပါနဲ့။ ဟိုစွပ်စွဲ ဒီစွပ်စွဲ မလုပ်ကြ ပါနဲ့။ ကိုယ်လုပ်ခဲ့တဲ့အမှား ကိုယ်တာဝန်ယူကြပါ။ မှားရင် မှားတာကို ဝန်ခံလိုက်ကြပါ။ ခု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လည်ဖိတ်ခေါ်နေပါတယ်။ စေတနာကို နားလည်ပါ။ မှားရင် မှားမှန်းသိကြပါ။ လေလှိုင်းပေါ်မှာ ကြီးကြီးကျယ်ကျယ် မဟုတ်မဟတ် ပြောနေကြတဲ့ အဲဒီ အကြမ်းဖက်ခေါင်းဆောင်ဆိုတဲ့လူတွေ နားလည်ကြပါ။ လူသားဆန်ကြပါ။ ကျင့်ဝတ်နဲ့ ညီနိုင် ကြပါစေ။
နောက်တစ်ခု ပြောချင်သေးတယ်။ ခင်ဗျားတို့ စွပ်စွဲတာတစ်ခု။ ပညာရေး နိမ့်ကျနေတယ်တဲ့ လား။ ပြောမှ ပြောတတ်ကြပလေ။ ပလီပလာတွေ ပတ်ချွဲနှပ်ချွဲ မပြောကြပါနဲ့။ သခင်အားရ ကျွန်ပါးဝ သူများအလိုကျ ပါးစပ်တွေ မဟကြပါနဲ့။ ထိန်းထိန်းသိမ်းသိမ်း စဉ်းစဉ်းစားစား ပြောကြရင် ကောင်းမယ်ထင်ပါတယ်။
တစ်နိုင်ငံလုံးဖြစ်ရပ်တွေက သက်သေ
ကျောင်းတွေပိတ်ခဲ့ရတာက ကိုဗစ်အစကတည်းကပါ။ တပ်မတော်က တာဝန်ယူပြီး တဲ့နောက် ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်းကျောင်းတွေ မဖွင့်ဖြစ်အောင်၊ ဆရာ၊ ဆရာမတွေ ကျောင်းမလာအောင်၊ စာမသင်အောင်၊ ကျောင်းသူ ကျောင်းသားတွေ ကျောင်းလာမတက်အောင် လုပ်ခဲ့ကြတာ ဘယ်သူတွေလဲ။ ဘယ်သူတွေက ခေါင်းဆောင်ခဲ့ကြတာလဲ။ ပညာသင်ကြားရေး ပျက်ပြားစေဖို့နဲ့ ကလေးတွေ ပညာမဲ့ဖြစ်အောင် ကြိုးစားနေကြတာ ဘယ်သူတွေလဲ။ တစ်နိုင်ငံလုံးဖြစ်ရပ်တွေက သက်သေအထင်အရှားပဲ။ ဟိုပြော ဒီပြော လျှောက်ပြောမနေကြပါနဲ့။
အချုပ်ပြောရရင် ကျောင်းဆောင်တွေကို မီးရှို့တာ၊ မိုင်းခွဲတာ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေ ရဲ့ အထောက်အပံ့နဲ့ ညွှန်ကြားချက်အတိုင်း အပြစ်မဲ့တဲ့ပြည်သူတွေ၊ လူငယ်တွေကို ငွေပေးပြီး ခိုင်းနေတာ အားလုံးအသိပါ။ ဆရာ ဆရာမတွေ ကျောင်းကိုမလာဖို့၊ စာမသင်ဖို့ တားဆီးပိတ်ပင်တာ၊ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တားမြစ်တာ ခင်ဗျားတို့ပဲလေ။ ဆရာ၊ ဆရာမတွေကို Social Punishment တွေလုပ်၊ အာစရိယဂုဏ်ကို မထောက်ညှာ၊ ခေါင်းတုံးတုံး လေးကွက်ကြားရိတ်၊ နောက်ဆုံး မပြစ်မဲ့ ဆရာ ဆရာမတွေကို သတ်ဖြတ်တာအဆုံး ခင်ဗျားတို့ စီမံကွပ်ကဲလုပ်ခဲ့ကြတာ မဟုတ်လား။
သားသမီးချင်း ကိုယ်ချင်းမစာတဲ့ အတ္တသမားတွေ
ပြီးတော့ ကျောင်းသားတွေ ကျောင်းမတက်နဲ့ ကျောင်းပျက်၊ စစ်ကျွန်ပညာရေး မလိုမရှိ၊ ဘယ်သူဘယ်ဝါလာမှ ကျောင်းတက်မယ်၊ ဘယ်အစိုးရလာမှ ကျောင်းတက်မယ် စတဲ့ ဆောင်ပုဒ်တွေ၊ ဗီနိုင်းတွေနဲ့ ကျောင်းသားတွေ ကျောင်းမတက်အောင် လုပ်တာလဲ အဲဒီ CRPH နဲ့ NUG ခေါင်းဆောင်တွေရဲ့ အစီအမံပဲ။ ကလေးတွေကို ကျောင်းမတက်အောင် ခြိမ်းခြောက်ရုံမက မူလတန်းကလေးတွေကိုတောင် လမ်းပေါ်တင်၊ ဆန္ဒပြ၊ ဆူပူအောင်ခိုင်းတဲ့သူတွေက အဲဒီ အကြမ်းဖက်သမားတွေပဲ။ သားသမီးချင်းကိုယ်ချင်းမစာတဲ့ အတ္တသမားတွေရဲ့ အကြမ်းဖက်မှုတွေပဲ မဟုတ်ပါလား။
အဲဒီတော့ ဒီပညာရေးကိစ္စ မှန်မှန်ကန်ကန် သုံးသပ်ကြည့်ရင် လက်ရှိ တပ်မတော်အစိုးရက ကျောင်းတွေဖွင့်ဖို့ ကြိုးစားတယ်။ အကြမ်းဖက်သမားတွေက ကျောင်းတွေ မဖွင့်နိုင်အောင် လုပ်ကြတယ်။ နိုင်ငံတော်က ကျောင်းဆောင်တွေ တည်ဆောက်၊ ပြုပြင်တယ်၊ Covid စည်းကမ်းနဲ့အညီကျောင်းတက်နိုင်အောင် စီစဉ်တယ်။ အကြမ်းဖက်သမားတွေက ကျောင်းဆောင် တွေ မီးရှို့တယ်၊ ဗုံးဖောက်တယ်၊ ဖျက်ဆီးတယ်။
နိုင်ငံတော်က ဆရာ ဆရာမတွေ၊ ကျောင်းသားတွေ၊ မိဘတွေ၊ ကျောင်းအဆောက်အဦတွေ လုံခြုံအောင် တပ်မတော်၊ ရဲ၊ ပြည်သူလူထု၊ မိဘတွေနဲ့ ကူညီစောင့်ရှောက်တယ်။ အကြမ်းဖက် အဖွဲ့တွေက အဲဒီအဖွဲ့တွေကို တိုက်ခိုက်တယ်၊ ဗုံးခွဲတယ်၊ သတ်တယ်၊ မီးရှို့တယ်။ ကျနော် ရေးပြနေတာတွေက ထင်ရာမြင်ရာ မဟုတ်ဘူးနော်။ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက် တွေအရပဲ ပြောတာ။ တာဝန်ယူထားတဲ့သူတွေက ကောင်းအောင်လုပ်ပေးနေတယ်။ အဖျက်သမား တွေက ပျက်အောင် ဖျက်နေကြတယ်။ တာဝန်ရှိသူတွေက အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတယ်။ အကြမ်းဖက်သမားတွေက သူတို့ပြောတဲ့အတိုင်း ကျရှုံးနိုင်ငံဖြစ်အောင် ကြိုးစား ဖျက်ဆီးနေကြတယ်။
ဒါလည်း ကိုဗစ်လိုပဲဗျာ။ ပြောရရင် အရှည်ကြီးပါ။ ဒီနေရာမှာ တစ်ခုသတိထားမိတယ်။ ခု ခင်ဗျားတို့ စွပ်စွဲတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ ဆိုပါတော့။ ဒီနေ့ထိ CDM မှာ များတာကလည်း ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ အများစုလို့ သိရပါတယ်။ တကယ်တော့ ဆရာဝန်တွေ၊ ကျောင်းဆရာ ဆရာမတွေဆိုတာ စာတွေသင်၊ ဘွဲ့တွေရ၊ ပညာတတ်လို့ လက်ခံထားကြသူတွေပဲ။ စာတတ်ကြတာကတော့ သေချာတယ်။ ငြင်းမရဘူး။ အာစရိယဂိုဏ်းဝင် တွေပဲ။ လေးစားစရာ ကောင်းတယ်။
ဉာဏ်ပညာအတွေးအခေါ်လေးနဲ့ပါ လုပ်ကြစေချင်
ဒါပေမဲ့ တစ်ချို့လုပ်နေကြတာက အမှားတွေဖြစ်နေပြီး မှားတာကို မှားမှန်းမသိသလို နိုင်ငံရော ပြည်သူပါ ဒုက္ခရောက်အောင် လုပ်နေကြတာ မြင်ရတော့ စာတတ်တာနဲ့ ပညာတတ်တာ မတူဘူးလို့ ထင်မိတယ်။ ပညာက ပိုကျယ်ပြန့်တယ်။ ပညာက ပိုအရေးပါတယ်။ ပညာရှိကြဖို့ လိုတယ်လို့ တွေးမိတယ်။ ကျနော်ဆိုလိုတာအားလုံးကို မဟုတ်ဘူးနော်။ ဒီနေ့ စာတတ်သော်လည်းပဲ ဉာဏ်ပညာ အတွေးအခေါ်မဲ့စွာနဲ့ လမ်းမှားကို ရောက်နေကြတဲ့ အကြမ်းဖက် အဖျက်သမားတွေကိုပဲ ဆိုလိုတာပါ။ ဒါ့ကြောင့် လက်ရှိအကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံနဲ့ပြည်သူကို ဒုက္ခမျိုးစုံ ရောက်အောင် လုပ်နေကြတဲ့ စာတတ် ပေတတ် ပုဂ္ဂိုလ်ကြီးများကို ဉာဏ်ပညာ အတွေးအခေါ် လေးနဲ့ပါ လုပ်ကြစေချင်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။
ကျန်တော်တင်ပြခဲ့တာတွေကို ကြည့်ရင် ဒီနေ့ အကြမ်းဖက်သမားတွေ စွပ်စွဲနေကြတဲ့၊ အပုပ်ချ ပြောနေကြတဲ့ နိုင်ငံမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးတွေ ကျဆင်းနေရပြီး နိုင်ငံတော်မတည်မငြိမ် ဖြစ်နေရခြင်း စတဲ့ မကောင်းကျိုးမှန်သမျှရဲ့ တရားခံအစစ်ဟာ လက်ရှိ အကြမ်းဖက်အုပ်စုများသာ ဖြစ်ပါတယ်။ ကိုယ့်မျက်ချေးကိုယ် ပြန်မြင်ကြဖို့ လိုတယ်။ နိုင်ငံရေးမှာ မိမိကိုယ်ကိုယ်မိမိ ဝေဖန်ဖို့အရေးကြီးတယ်လို့ ကြားဖူးတယ်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့၊ သာယာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အမှားအမှန်ကို ဝေဖန်သုံးသပ်ပြီး မှားနေရင် ပြင်ကြဖို့ လိုပါလိမ့်မယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လာကြဖို့၊ ပူးပေါင်းကြဖို့ စိတ်စေတနာကောင်းနဲ့ဖိတ်ခေါ်ထားပါတယ်။ လက်ကမ်းကြိုဆိုနေပါ တယ်။ အချိန်က နောက်ကျနေပြီဆိုပေမဲ့လည်း မနှောင်းသေးပါဘူး။ အချိန်မီပါသေးတယ်။
ဒါ့ကြောင့် ဒီနေ့ အကြမ်းဖက်လုပ်ငန်း လုပ်ကိုင်နေကြသူများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနဲ့အတူ လက်တွဲဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော် ကောင်းကျိုးကို တက်ညီလက်ညီ သယ်ပိုးထမ်းရွက်ကြပါစို့လို့ ဆန္ဒပြုတိုက်တွန်းအပ်ပါတယ်။ အတွေးအခေါ်မှန်ကန်စွာနဲ့ လမ်းကြောင်းမှန်ပေါ်မှာ လက်တွဲလျှောက်လှမ်းကြပါစို့လားဗျာ။
ကိုဖြိုး