Skip to main content

အတ္တသမာပဏိဓိစ

ဘုရားရှင်က “အတ္တသမာပဏိဓိစ” ကိုယ်နှင့်စိတ်ကို ကောင်းမြတ်သည့် ကျင့်စဉ်အတိုင်း ကျင့်ကြံနေထိုင်ခြင်း သည် မင်္ဂလာမည်၏ဟု ဟောကြားပါ သည်။ ကိုယ်နှင့် စိတ်တွင် ရှေးဦးစွာ ကိုယ်ခန္ဓာအကြောင်းကို ဆွေးနွေးချင်ပါသည်။ မင်္ဂလာတရားတော်အရ ကိုယ်ခန္ဓကို ကောင်းမြတ်သည့် ကျင့်စဉ်အတိုင်း ထိန်းသိမ်းစောင့်ရှောက် နေထိုင်ရပါမည်။ ယနေ့ ၂၁ ရာစုတွင် လူတစ်ယောက်သည် ပညာထူးချွန်ရုံဖြင့် အောင်မြင်မှု မရရှိနိုင်သည်ကို သိနေကြပြီ ဖြစ်ပါသည်။ ပညာထူးချွန်ခြင်းသည် အိုင်ကျူ (1Q; Intelligence Quotient) ဟုခေါ်သည့် ဉာဏ်ရည်ကောင်းခြင်းဖြစ်ပါသည်။ အိုင်ကျူးအပြင် အီးကျူ (EQ; Emotional Intelligence) ဟုခေါ်သည့် နှလုံးသား အရည်အသွေး၊ (CQ;Culture Intelligence) ဟုခေါ်သည့် မတူကွဲပြား ခြားနားသည့် ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းများကို နားလည်လက်ခံပေးသည့် အရည် 3003: (SQ; Spiritual Intelligence) ဟုခေါ်သည့် ဘဝရှင်သန်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာသည့် အရည်အသွေးနှင့် Physical Intelligence ဟုခေါ်သည့် မိမိ ခန္ဓာကိုယ်ကို အသိဉာဏ်ရှိစွာ ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် အရည်အသွေးငါးမျိုးကို ပိုင်ဆိုင်မှသာ ချမ်းသာအောင်မြင် ခြင်းများ ရနိုင်မည်ကို အောင်မြင်ရေးဆရာများက ရေးသားဟောပြောနေကြပါသည်။ တက္ကသိုလ်များကလည်း သုတေသန တွေ့ရှိချက်များနှင့် အတည်ပြုထားပါသည်။
 
ခန္ဓာကိုယ်ကို စောင့်ရှောက်နည်း
 
မိမိခန္ဓာကိုယ်ကို အသိဉာဏ်ရှိစွာ ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသည်ကို ၂၁ ရာစုတွင်မှ ပညာရှင်များက ပြောလာခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ဝဝ ကျော်ကတည်းက “အတ္တသမာပဏိဓိစ” ကို ဟောခဲ့ ပါသည်။ မိမိကိုယ်ခန္ဓာကို ကောင်းမြတ်သည့် ကျင့်စဉ်ဖြင့် ကျင့်ကြံနေထိုင်ရမည်။ ကောင်းမြတ်သည့် ကျင့်စဉ်ဆိုသည်မှာ မိမိကျန်းမာရေးကို မိမိအချိန်ပြည့် ဂရုစိုက်ရန် လိုသည်။
အစားအသောက်ကို အလွန်အကျွံ စားခြင်းမှရှောင်ပြီး သင့်တင့်မျှတစွာ စားသောက်ရမည်။ အာဟာရပြည့်ဝအောင် စားသောက်ရမည်။ ပရိုတင်းကို ဖြစ်စေသည့် အသားဓာတ်ကို သင့်တင့် မျှတစွာ စားရန်လိုသလို၊ ကာဗိုဟိုက်ဒြိတ် ဟုခေါ်သည့် စွမ်းအင်ကိုဖြစ်စေသော ကဆီဓာတ် ကိုလည်း စားရန်လိုသည်။ အဆီလည်းစားဖို့လိုသကဲ့သို့ ဗီတာမင်နှင့် ခန္ဓာကိုယ်တွင်လိုသော သတ္တုဓာတ် များကိုဖြစ်စေသည့် ဟင်းသီးဟင်းရွက် နှင့် အစေ့အဆံများကိုလည်း စားရမည် ဖြစ်ပါသည်။ သင့်တင့်သည့် ကိုယ်လက်လှုပ်ရှားခြင်းကို နေ့စဉ်ပြုလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချရန်လိုသလို ကောင်းစွာလည်း အိပ်စက်အနားယူ ရန်လည်း လိုပါသည်။
 
မြန်မာစကားပုံများ
 
ကျွန်တော်တို့ မြန်မာစကားပုံတွင် “အစားမတော်တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဆိုသည့် စကားပုံရှိပါသည်။ အန္တရာယ်ရှိသောအစားတစ်လုတ်သည် ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဒုက္ခပေး နိုင်ပါသည်။ ယနေ့ခေတ်တွင် အချိုမှုန့်များ အလွန်အကျွံ သုံးစွဲကြပါသည်။ အချိုမှုန့်ကို ရေရှည်အလွန်အကျွံ စားသုံးပါက လူကိုအန္တရာယ်ပေးနိုင်သည်ကို ဆရာဝန်များက သတိပေး ထားပါသည်။ အသင့်စား၍ရသော အစားအသောက်များ၊ ကြာရှည်ခံအောင် ပြုလုပ်ထားသည့် အစားအသောက်များသည်လည်း ရေရှည်စားသုံးရန် မသင့်ပါ။ အကင်ဆိုင်များတွင် အကင်များ ကို တူးနေအောင် ကင်ထားသည်ကို မကြာခဏ တွေ့နေရပါသည်။ အသားများကို တူးနေ အောင် ကင်သည့်အခါ ကင်ဆာရောဂါကို ဖြစ်စေသည့် ကာစီနိုဂျင်(Carcinogens) ဖြစ်လာပါသည်။ “ဆေးလည်းအစာ အစာလည်းဆေး” ဆိုသကဲ့သို့ကျွန်တော် တို့အတွက်ဘေး မဖြစ်ဘဲဆေးဖြစ်အောင် ရွေးချယ် စားသောက်တတ်ရပါမည်။
 
အင်္ဂလိပ်စကားပုံများ
 
အင်္ဂလိပ်အဆိုလေးတစ်ခုကလည်း “သင်စားသည့် အစားအသောက်သည် သင့်အတွက် အကောင်းဆုံး ဆေးဖြစ် နိုင်သလိုသင်စားသည့် အစားအသောက် သည် အဆိပ်လည်း ဖြစ်နိုင်သည်”ဟု ဆိုပါသည်။ သိပ်ကောင်းသည့် အဆိုဖြစ်ပါသည်။ ကျွန်တော်တို့က အဆိပ်တွေကို စားနေခြင်းမှ ရှောင်ရှားနိုင်မှ ခန္ဓာကိုယ်ကျန်းမာခြင်းကို ရပါမည်။ အဆိပ်နှင့် ပတ်သက်၍ ကျွန်တော်၏ညီ ဆရာဝန်ကြီးပြောသည်ကို ဝေမျှလိုပါသည်။ “ကိုယ်ခန္ဓာမှ အဆိပ်များကို ဖယ်ရှားလို၍ မည်သည့်အဆိပ်ဖြေဆေး (detox) သုံးရမည်လဲ” ဟုမေးဖူးပါသည်။ ကျွန်တော်၏ညီဆရာဝန်ကြီးက “အဆိပ်တွေ မစားတာ အကောင်းဆုံးအဆိပ် ဖြေဆေးပဲ” ဟု ပြန်ပြောခဲ့ပါသည်။ ယနေ့ခေတ်တွင် ကျန်းမာရေးနှင့် မပြည့်စုံ၍ ငယ်ငယ်ရွယ်ရွယ်နှင့် လှေလှော်ရင်း တက်ကျိုးသွားသူများကို အများအပြားတွေ့နေရပါသည်။ မိမိခန္ဓာကိုယ်ကို ကောင်းစွာပြုစုစောင့် ရှောက်မှသာ ချမ်းသာ အောင်မြင်မှုကို ရရှိနိုင်ပါမည်။ အသက်ငယ်ငယ်နှင့် အဝလွန်ပြီး ဆီးချို၊ သွေးချို၊ သွေးတိုးစသည့် ရောဂါဖြစ်နေသူများကို အများအပြား တွေ့နေရပါသည်။ ချမ်းသာအောင်မြင်လာသော်လည်း ကျန်းမာရေးချို့ယွင်းနေလျှင် ချမ်းသာ အောင်မြင်မှု၏ အကျိုးကိုမခံစားနိုင်ပါ။ ပျော်ရွှင်မှုလည်း မရှိနိုင်ပါ။ “အာရောဂျုံပရာမံလာဘဲ” ဆိုသည့်အတိုင်း ကျန်းမာရေးနှင့် ပြည့်စုံ ခြင်းသည် လာဘ်တစ်ပါး ဖြစ်ပါသည်။
 
နောက်ထပ်အင်္ဂလိပ် အဆိုတစ်ခုကတော့ “Healthy Body, Healthy Mind, Healthy Spirit" ဟု ဆိုပါသည်။ ဘာသာပြန်ရလျှင် ကျန်းမာနေသည့် ကိုယ်ခန္ဓာသည် ကျန်းမာသည့် စိတ်ဓာတ်၊ အတွေးအခေါ်တွေ ဖြစ်စေပါသည်။ ဤအတွက်ကြောင့် စိတ်အကြောင်း မပြောမီ ကိုယ်ခန္ဓာကျန်းမာ ရေးကို ဦးစွာပြောရခြင်း ဖြစ်ပါသည်။
 
ကျွန်တော်တို့ နေထိုင်သည့် အိမ်တွင် မည်သည့်နေရာတွင် ရေချိုးခန်းရှိသည်။ အိပ်ခန်းရှိသည်၊ မီးဖိုချောင်ရှိသည်ကိုကောင်းစွာ သိပါသည်။ အိပ်ခန်းထဲတွင် ခုတင်ဘယ်နှစ်လုံး ရှိသည်၊ မီးဖိုခန်း ထဲတွင် ရေခဲသေတ္တာရှိသည်၊ ရေချိုးခန်းထဲတွင် ရေတိုင်ကီ ဘယ်နှစ်လုံးရှိသည်ကို လူတိုင်းလိုလို သိကြပါသည်။ သို့သော် ကျွန်တော်တို့ မွေးဖွားစဉ် ကတည်းက မိမိနှင့်အတူရှိနေသော ခန္ဓာကိုယ်တွင် မည်သည့်အင်္ဂါများ ပါရှိကြောင်းကို ဆရာဝန်များမှ လွဲလျှင် သိသူ အလွန်နည်းပါး သည်။ နှလုံး၊ အဆုတ်၊ အသည်း၊ အစာအိမ်၊ ပန်ကရိယ၊ သည်းခြေ၊ သရက်ရွက်၊ ကျောက်ကပ် စသဖြင့် မိမိ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါ များ မည်သို့ အလုပ်လုပ်သည်။ အင်္ဂါ တစ်ခုခုချို့ယွင်းလျှင် မည်သည့် လက္ခဏာများ ပြတတ်သည်ဆိုသည့် ကျန်းမာရေး အသိပညာများရှိရန် လိုအပ်ပါသည်။ ကျန်းမာရေး အသိပညာများ ရှိရန် စာဖတ်ရပါမည်။ အင်တာ နက်မှလည်း ဖတ်ရှုလေ့လာနိုင်ပါသည်။ ကျန်းမာရေး အသိပညာရှိသူသည် မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်း
 
စောင့်ရှောက်နိုင်ပါသည်။ စိတ်ကို စောင့်ရှောက်နည်း ။
ကိုယ်ခန္ဓာကို ကောင်းစွာ မည်သို့ထိန်းသိမ်း စောင့်ရှောက်ရမည်ကို ရှင်းပြပြီးနောက် စိတ်ကိုလည်း ကောင်းမြတ် သည့်ကျင့်စဉ်အတိုင်း ကျင့်ကြံနေထိုင်ရန် လိုအပ်သည့် အချက် ၇ ချက်ကို တင်ပြပါမည်။
 
၁။ ပထမ ကောင်းမြတ်သည့်
 
ကျင့်စဉ်က ကိုယ်ချင်းစာစိတ် ထားရပါမည်။ ကိုယ်ချင်းစာစိတ်ရှိသူသည် နှလုံးသား အရည်အသွေး ကောင်းသူဖြစ်ပါသည်။ ကိုယ်ချင်းစာစိတ်ထက် သူချင်းစာစိတ် ထားစေချင်ပါ သည်။ကိုယ်ချင်းစာစိတ်သည် ကိုယ်နှင့်နှိုင်းပြီး တစ်ဖက်သားကို စာနာပေးခြင်း၊ စဉ်းစား ပေးခြင်း ဖြစ်ပါသည်။ အရက်ကြိုက်သူ ကအရက်မသောက်တတ်သူကို အရက် ဆိုင် ခေါ်သွားပြီး ကိုယ်ချင်းစာစိတ်ဖြင့် အတင်းအရက်တိုက်၍ မရပါ။ အပျော်အပါး ကြိုက်သူကလည်း အပျော်အပါး မကြိုက်သည့် သူငယ်ချင်းကို ကိုယ်ချင်း စာစိတ်ထားပြီး မိမိလို အပျော်အပါး ကြိုက်မှာပါဟု တွေး၍ မရပါ။ တစ်ဖက် သားက ဘာကိုကြိုက်တာလဲ၊ တစ်ဖက် သားက ဘယ်လိုပြုမူ ပြောဆိုတာကို ကြိုက်တာလဲစတာတွေကိုသတိထားပြီး သူချင်းစာစိတ်နှင့် ပြုမူပြောဆိုရပါမည်။
 
၂။ ဒုတိယ ကောင်းမြတ်သည့်
 
ကျင့်စဉ်က နှိမ့်ချသည့်စိတ်ရှိရ ပါမည်။ မာနရှိသူက မိမိကိုယ်မိမိ နှိမ့်ချရန် ခက်ပါသည်။ မာနသည် မထား သင့်သည့်အရာ ဖြစ်ပါသည်။ မာနထဲမှာ စာရိတ္တ မာနကလွဲလျှင် မည်သည့်မာနမှ မထားသင့်ပါ။ ဖေ့စ်ဘွတ်ပေါ်တွင်လည်း “ဘယ်သူက ဘာပြောလို့ ဘယ်လို ပြန်ပြောခဲ့တယ်။ လာမလုပ်နဲ့နော် တို့က ဒါမျိုးဆိုမရဘူး၊ တို့ကိုထိရင်တော့ မီးပွင့်သွားမယ်၊ တောက်ပစ်လိုက်မယ်” စသည်ဖြင့် အမြဲတွေ့နေရပါသည်။ ဤကဲ့သို့ စိတ်များထားခြင်းသည် မင်္ဂလာ တရားတော်နှင့်အညီ စိတ်ကိုကောင်း မြတ်သည့် ကျင့်စဉ်နှင့်နေထိုင်ခြင်း မဟုတ်သည် ကို သတိပြုစေလိုပါသည်။ နှိမ့်ချသည့်စိတ်၊ သည်းခံသည့်စိတ်ကို မွေးမြူမှသာမင်္ဂလာ တရားတော် နှင့် ညီပါမည်။
၃။ တတိယ ကောင်းမြတ်သည့်ကျင့်စဉ်က ကိုယ်ကျင့်တရား ကောင်းပြီး ဖြောင့်မတ်သည့် စိတ်ထားရန် လိုပါသည်။
 
၄။ စတုတ္ထ ကောင်းမြတ်သည့်ကျင့်စဉ်က
 
လူတွေအပေါ်မှာ မေတ္တာကရုဏာထားရပါမည်။ တ္တာကရုဏာထားသည့်အခါ စိတ်သဘော ထားလည်း နူးညံ့လာပါသည်။ စိတ်သဘောထား နူးညံ့လာသည့်အတွက် စကားပြောသည့်အခါ ယဉ်ယဉ်ကျေးကျေး ပြောတတ်လာပါမည်။ လူတိုင်းအပေါ်မှာ မေတ္တာထားနိုင်လျှင် မနာလို ဝန်တိုစိတ်လည်း ကင်းလာပါမည်။ မိမိထက် နိမ့်ပါးသူ၊ ပစ္စည်းဥစ္စာ မပြည့်စုံသူ၊ ဒုက္ခရောက်နေသည့် လူများအပေါ်တွင် လည်း ကရုဏာထားသည့်စိတ် ကျွန်တော်တို့ ထားရပါမည်။ ကိုယ့်ထက်သာလျှင် မနာလိုသည့်စိတ်တွေပျောက်ပြီး တစ်ဖက် သားကြီးပွား ချမ်းသာအောင်မြင်သည်ကို မုဒိတာပွားနိုင်ရပါမည်။
 
၅။ ပဉ္စမကောင်းမြတ်သည့်ကျင့်စဉ်က စိတ်ဓာတ်ခိုင်မာအောင်
မိမိကိုယ်မိမိ ပြုစုပျိုးထောင်ရန်လိုပါသည်။ တစ်ဖက်သား၏ ဝေဖန်ခြင်းကို ခံနိုင်ရည်ရှိခြင်း၊ အရှုံးနှင့် ရင်ဆိုင်ရသည့်အခါ ပြန်ထပြီး အောင်မြင်အောင် လုပ်နိုင်ခြင်း၊ အခက်အခဲတွေ့သည့် အခါ ဇွဲရှိရှိနှင့် ကျော်ဖြတ်နိုင်ခြင်း စသည်တို့သည် စိတ်ဓာတ်ခိုင်မာသူ တို့၏ အမူအကျင့်များ ဖြစ်ပါသည်။ အကြိမ်မည်မျှ လဲကျသည်က အရေးမကြီးပါ။ လဲကျတိုင်း ပြန်ထနိုင်ရန်သာ အရေးကြီးပါသည်။
 
၆။ ဆဋ္ဌမကောင်းမြတ်သည့် ကျင့်စဉ်က
ဝီရိယရှိရန်ဖြစ်ပါသည်။ ဝီရိယရှိသူက အလုပ်ကို ကြိုလုပ်ပါသည်။ အလုပ်ပြီးအောင် ကြိုးစားအားထုတ်ပါသည်။ အချိန်ကို လေးစားပါသည်။ ချိန်းထားသည့် အချိန်ကို ရောက်အောင် သွားပါမည်။ မော်တော်ကား ကျပ်၍၊ မိုးရွာ နေ၍၊ နေမကောင်း၍ ဆိုသည့်အကြောင်းပြချက်များ ပေး၍ မရပါ။
၇။ သတ္တမ ကောင်းမြတ်သည့်ကျင့်စဉ်က
အများအကျိုးကိုနေ့စဉ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ လူရယ်လို့ဖြစ်လာ လျှင် အများအကျိုးကို ဆောင်ရွက်မှသာ လူဖြစ်ရကျိုးနပ်ပါမည်။
နိဂုံးချုပ်အနေဖြင့် ကိုယ်နှင့်စိတ်ကို ကောင်းမြတ်သည့် ကျင့်စဉ်အတိုင်း ကျင့်ကြံနေထိုင်သူသည် မင်္ဂလာတရားတော်နှင့် ညီသည့်အတွက် ချမ်းသာအောင်မြင်ခြင်းကို ဧကန်မုချရရှိပါမည်။ “မှတ်သားစရာ” ကျန်းမာရေးအသိပညာဖြင့် ခန္ဓာကိုယ်ကို ကောင်းစွာစောင့်ရှောက်ရန်လိုသလို
ကောင်းမြတ်သည့်ကျင့်စဉ်ဖြင့် စိတ်ကို စောင့်ရှောက်နိုင်ပါမှ ချမ်းသာအောင်မြင်နိုင်သည်။
 
ကျမ်းကိုး
၁။ မြန်မာစကားပုံ။
မြန်မာစာအဖွဲ့ဦးစီးဌာန။
ju Don't over cook your meat by Peggy Emch.
par Multiple Intelligence or Quotient by Umiya Career
Development Council.
 
ကျော်ကျော်လှိုင်