Skip to main content

နားခံသူကောင်းဖြစ်ပါစေ

 
“ဝိနယောစ သုသိက္ခိတော” ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာခံယူခြင်းဆိုသည့် မင်္ဂလာ တရားတော်နှင့်အညီ ကျွန်တော်တို့ လူ့ဘောင်အဖွဲ့ အစည်း များတွင် လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းများ ကို ကိုယ်စီကိုယ်င လိုက်နာခံယူကြရပေသည်။
 
ကျွန်တော်တို့ ဝန်ထမ်းလောက၊ ဝန်ထမ်းအဖွဲ့ အစည်းမှာလည်း အထက်အကြီးအကဲ ဟုခေါ်သည့် ညွှန်ကြားသူ သို့မဟုတ် လမ်းညွှန်ချက်ပေးသူနှင့် လက်အောက်ဝန်ထမ်းဟု ခေါ်သည့် ညွှန်ကြားချက် သို့မဟုတ်လမ်းညွှန်ချက်ကို လိုက်နာရသူ၊ ခံယူရသူ ဟူ၍ အလွှာနှစ်ရပ် ရှိသည်ဖြစ်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အထက်အကြီးအကဲများက တရားသဖြင့် ချမှတ်ပေးသော ညွှန်ကြားချက် သို့မဟုတ် လမ်းညွှန်ချက်များကို လက်အောက် ဝန်ထမ်းများက လိုက်နာကြရ ခံယူကြရပေသည်။
 
ထိုညွှန်ကြားချက် သို့မဟုတ် လမ်းညွှန်ချက်များကို လိုက်နာကြ၊ ခံယူကြရာတွင် ကြည်သာ ရွှင်ပျစွာဖြင့် လည်းကောင်း၊ တိကျမှန်ကန်စွာဖြင့် လည်းကောင်း၊ ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးဖြင့် လည်းကောင်း၊ အချိန်၊ လုပ်အား၊ ကုန်ကျစရိတ် အနည်းဆုံးဖြင့်လည်းကောင်း အောင်မြင်ပြီးမြောက်အောင် အကောင်အထည်ဖော် လိုက်နာဆောင်ရွက် နိုင်သူဝန်ထမ်းကို ညွှန်ကြားချက်၊ လမ်းညွှန်ချက်အား ကောင်းမွန်စွာ လိုက်နာခံယူသူ တစ်နည်းဆိုရသော် နာခံသူကောင်းဟု ခေါ်ဆိုထိုက်ပေသည်။ တာဝန်သတ်မှတ်ခြင်းသည် လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် အဓိကမဏ္ဍိုင်ဖြစ် ညွှန်ကြားချက်ဆိုသည်မှာ တာဝန်ရှိသော အထက်အကြီးအကဲက လက်အောက်ဝန်ထမ်းအား တာဝန်ထမ်းဆောင်ရန်အလို့ငှာ သို့မဟုတ် စည်းကမ်းစောင့်ထိန်းရန်အလို့ငှာ တစ်စုံတစ်ရာကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ပေးအပ်သော တာဝန် ပေးချက်ပင်ဖြစ်ပေသည်။ သို့အတွက်ကြောင့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်ကို တာဝန်ဟု မှတ်ယူရမည်ဖြစ်ပေသည်။ လုပ်ငန်းစဉ်တစ်ခု အောင်မြင်ပြီးမြောက်ရန်အတွက် ဆောင်ရွက်ကြရာ၌ ထိုလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများ၊ ထိုလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည့် ညွှန်ကြားချက် ပေးမည့်သူများ၊ ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရ သူများအားလုံးက မိမိတို့ ကျရာအခန်း ကဏ္ဍအလိုက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တာဝန်ယူ လုပ်ဆောင်ကြရမည်ဖြစ်ပေသည်။
 
တာဝန်သတ်မှတ်ခြင်း ဆိုသည့်အချက်မှာ လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက် အဓိကမဏ္ဍိုင် ပင်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းတစ်ခုဆောင်ရွက် နေစဉ် တာဝန်ဆိုသည့်အရာသည် ထိုလုပ်ငန်း အတွင်း အထက်အောက် ဘေးဘယ်ညာသို့ စုန်ချည်ဆန်ချည် စီးဆင်းနေသော စီးကြောင်း တစ်ခုလည်း ဖြစ်သည်။ လုပ်ငန်းစဉ်တိုင်း၌ Top Down Policy (အထက်မှအောက်သို့ ညွှန်ကြားသည့်စနစ်) ကို ကျင့်သုံးခြင်းဖြင့် အလုံးစုံပြီးမြောက်အောင်မြင် နိုင်မည်မဟုတ်ပေ။ Bottom Up Initiative (အောက်မှအထက်သို့ အကြံပြုတင်ပြသည့်စနစ်)ကိုလည်း လက်ခံကျင့်သုံးကြရပေမည်။ ယနေ့ခေတ်ကာလ လူ့ဘောင်အဖွဲ့ အစည်းများ၌ Top Down Policy နှင့် Bottom Up Initiative တို့ကို ဟန်ချက်ညီစွာ ထိန်းညှိဆောင်ရွက်နိုင်မှသာ အလုံးစုံပြီးမြောက် အောင်မြင်နိုင်မည် ဖြစ်ပေသည်။
 
Top Down Policy အမြင်ဖြင့် ကြည့်မည် ဆိုပါက တာဝန်သည် ညွှန်ကြားချက်၊ တန်းတူအမြင် ဖြင့် ကြည့်မည်ဆိုပါက တာဝန်သည် အကြံပြုချက်၊ ဆွေးနွေးညှိနှိုင်းချက်ဖြစ်ပြီး Bottom Up Initiative အမြင်ဖြင့် ကြည့်မည်ဆိုပါက တာဝန်သည် တင်ပြချက်ပင်ဖြစ်ပေသည်။ ထိုညွှန်ကြားချက်၊ ဆွေးနွေးညှိနှိုင်းချက်နှင့် တင်ပြချက်ဆိုသည့် အရာအားလုံးသည် လုပ်ငန်းတစ်ခု အလုံးစုံပြီးမြောက် အောင်မြင်ရေးအတွက် သက်ဆိုင်သူအားလုံးက ကိုယ့်အခန်း ကဏ္ဍအလိုက် ထမ်းဆောင်ကြရသည့် တာဝန်ပင်ဖြစ်သည်။ မိဘစကား နားထောင်ငြား၊ သံပြားကျောက်စောင်း ကျိုသော်ပျောင်း၏ အထက်အကြီးအကဲက တရားသဖြင့် ပေးအပ်သော ညွှန်ကြားချက်၊ လမ်းညွှန်ချက်တစ်ခုခုကို တာဝန်ဟု ခံယူခြင်းသည် ကောင်းမြတ်သောသဘော ကိုဆောင်ပေသည်။ လောက၌ ကြီးပွားတိုးတက်ရေးကို အလိုရှိကုန်သောသူတို့သည် ညွှန်ကြားချက်၊ လမ်းညွှန်ချက်၊ ဩဝါဒနှင့် အဆုံးအမတို့ကို လေးနက်စွာ ခံယူကျင့်သုံးလေ့ ရှိပေသည်။ ထိုကဲ့သို့ ခံယူကျင့်သုံးတတ်မှုကြောင့် ကြီးပွားတိုးတက်ကြကုန်၏။ မိဘထံမှဖြစ်စေ၊ ဆရာထံမှဖြစ်စေ၊ ဘိုးဘွား၊ ဘကြီးဘထွေး၊ အစ်ကိုအစ်မတို့ထံမှဖြစ်စေ ဆိုဆုံးမမှု၊ သွန်သင်ပြသမှုတို့ကို လိုလားစွာ နာခံသောသူတို့သည် ကြီးပွားတိုးတက်မှုများ ရရှိကြ ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်လူမျိုးတို့ တစ်ဟုန်ထိုး စီးပွားရေးတိုးတက်ကြခြင်း၏ အကြောင်းရင်းများကို ပညာရှင်များက လေ့လာဆန်းစစ်ရာ၌ ဂျပန်တို့သည် မိဘ၊ ဦးလေး၊ ဘကြီး၊ ဘထွေး၊ အစ်ကို စသူတို့၏ ဆုံးမစကားကို နားထောင်လေ့ရှိခြင်းသည် ကြီးပွားရေး၌ အကြောင်း အရင်းတစ်ရပ်ဖြစ်သည်ဟူ၍ ကမ္ဘာ့စာနယ်ဇင်းများ တွင် ဖော်ပြပါရှိခဲ့ဖူးလေသည်။
 
“မိဘစကားနားထောင်ငြား၊ သံပြားကျောက် စောင်း ကျိုသော်ပျောင်း၏” ဟူသော ဆိုရိုးစကား သည် မြန်မာမှုနယ်ပယ်၌ ရှိပေသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားများသည်လည်း မိဘစကား၊ ဘကြီး၊ ဘထွေး၊ အစ်ကိုစသည်တို့၏စကားကို လိုလားစွာ နာခံလေ့ရှိကြပါသည်။ ထို့ကြောင့်ပင် “အစ်ကိုကြီးတော့ အဖအရာ” ဆိုသည့် စကားနှင့်အညီ အစ်ကိုကြီးအား ဖခင်ကဲ့သို့ လေးစား အားထားကြသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားများသည် မိဘဆရာစကားကိုသာမက သက်ကြီးဝါကြီးများ၏ စကားကိုလည်း လေးစားလေ့ရှိပါသည်။ ထိုဓလေ့ထုံးစံမှာများစွာ နှစ်သက်မြတ်နိုးဖွယ်ရာဖြစ်ပေ သည်။
နာခံသူကောင်းပီသခြင်းသည် ကြီးပွားတိုးတက် ကြောင်းတရားဖြစ် သက်ကြီး ဝါကြီးများ၏ စကားကို ကောင်းမွန် စွာလိုက်နာခံယူခြင်းသည်ကြီးပွားတိုးတက်ကြောင်း တရားဖြစ်ခြင်းနှင့် ပတ်သက်၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် “အပရိဟာနိယတရား (မဆုတ်ယုတ် ကြောင်းတရား(၇)ပါး” ထဲမှကောက်နုတ်၍ ဖော်ပြလိုပေသည်။ မြတ်စွာဘုရားရှင် လက်ထက် တော်က ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် အဇာတသတ်မင်းက ဝဇ္ဇီမင်းတို့ကို သွားရောက် နှိမ်နင်းမည့်အကြောင်းအား မြတ်စွာဘုရားရှင် ကြားသိတော်မူသောအခါ ဘုရားရှင်က ညီတော် အာနန္ဒာကို ဤသို့ မိန့်တော်မူ၏။ “အာနန္ဒာ ဝဇ္ဇီမင်း တို့သည် အသက်ကြီးသောဝဇ္ဇီမင်းတို့ကို အရိုအသေ ပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုး ကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုအသက်ကြီးသူ တို့၏ စကားကိုလည်း နာယူသင့်သည်ဟုထင်မှတ် ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း” ဟုမိန့်တော်မူ၏။ ထိုအခါ ညီတော်အာနန္ဒာက “အရှင်ဘုရား ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန်၏။ အလေးပြုကုန် ၏။ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ ထိုအသက်ကြီး သူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ကုန်၏ဟု အကျွန်ုပ် ကြားရပါ၏” ဟု ပြန်လည်လျှောက်ထား၏။
 
ထိုအခါ မြတ်စွာဘုရားရှင်က “အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုလျက်၊ အလေးပြုလျက်၊ မြတ်နိုးလျက်၊ ပူဇော်လျက်၊ ထိုအသက်ကြီးသူတို့၏ စကားကို လည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့သည် ကြီးပွားရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန်ကား မရှိပေ” ဟု မိန့်တော်မူလေသည်။ ထိုဒေသနာ တော်အရ သက်ကြီးဝါကြီးများ၏ စကားကို ကောင်းမွန်စွာ လိုက်နာခံယူခြင်း တစ်နည်းဆိုရလျှင် နာခံသူကောင်းပီသခြင်းသည် ကြီးပွားတိုးတက်ကြောင်းတရား ဖြစ်သည်မှာ ပေါ်လွင်ထင်ရှား ပေသည်။ ကျမ်းဂန်လာ ဥပမာတစ်ခု ညွှန်ကြားချက်၊ လမ်းညွှန်ချက်တစ်ရပ်ကို လက်ခံရရှိလျှင် ထိုညွှန်ကြားချက်၊ လမ်းညွှန်ချက် အတိုင်း အောင်မြင်မှုရရှိအောင် နည်းလမ်းကြံဆ၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ညွှန်ကြားချက်၊ လမ်းညွှန်ချက်ကို လိုက်နာခံယူရာ၌ မိမိ၏ဉာဏ်ပညာဖြင့် ယှဉ်တွဲလိုက်နာဖော်ဆောင် ခြင်းကို ပြုအပ်ပေသည်။ ထိုအချက်နှင့်ပတ်သက်၍ ညွှန်ကြားချက်၊ လမ်းညွှန်ချက်ကို ဉာဏ်ပညာနှင့် မယှဉ်တွဲလျှင် မိုက်မဲရာရောက်ကြောင်း ဆိုရိုးစကား တစ်ခုရှိပြန်သည်။
 
ထိုဆိုရိုးစကားမှာ “အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ” ဟူ၍ပင်ဖြစ်သည်။ ညွှန်ကြားချက်၊ လမ်းညွှန်ချက်တစ်ရပ်ကို လက်ခံရရှိလျှင် ထိုညွှန်ကြားချက်၊ လမ်းညွှန်ချက်အတိုင်း အောင်မြင်မှု ရရှိရေးအတွက် မိမိ၏ အကြံဉာဏ်အား၊ လုံ့လဝီရိယ အား၊ သတ္တိဗျတ္တိအားတို့ဖြင့် ပေါင်းစပ်၍ မဖြစ်မနေ ကြိုးစားဆောင်ရွက်ရပေမည်။ ထိုညွှန်ကြားချက်၊ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက် ပြီးစီးပြီးနောက် ထိုသို့ပြီးစီးကြောင်းကို ပြန်လည်သတင်းပို့ရပါမည်။ ပြန်လည်သတင်း မပို့ဘဲနေခြင်းသည်လည်း ညွှန်ကြားချက်၊ လမ်းညွှန်ချက်တစ်ရပ်ကို အပြည့် အဝလိုက်နာခံယူရာ မရောက်ပေ။ ထိုသို့ ညွှန်ကြားချက်၊ လမ်းညွှန်ချက်ကို မိမိ၏ဖြတ်ထိုးဉာဏ်ဖြင့် ယှဉ်တွဲ၍ အောင်မြင်စွာ လိုက်နာခံယူ ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး အတုယူဖွယ်ကောင်းသော ကျမ်းဂန်လာ ဥပမာတစ်ခုကို ဖော်ပြလိုပေသည်။
 
တစ်ရံရောအခါ ဆရာဖြစ်သူက တပည့်အား ညွှန်ကြားချက်၊ လမ်းညွှန်ချက်ပေး၏။ ၎င်းညွှန်ကြားချက်မှာ “ငါ့တပည့်ဆရာချိုးဖို့ ရေခပ်ထားပါ။ ပြီးရင် သရက်ပင်ကြီးကို ရေလောင်းပါ” ဟူ၍ ဖြစ်သည်။ ထိုညွှန်ကြားချက်ကို ရသောအခါ တပည့်သည် ဉာဏ်ကောင်း သူဖြစ်သည့်အားလျော်စွာ အလုပ်နှစ်ခုကို တစ်ချက်တည်းနှင့်ပြီးအောင် ဆောင်ရွက်လိုက် တော့သည်။ ဆောင်ရွက်ပုံမှာ သရက်ပင်အရင်း၌ ဆရာ့အတွက် ရေချိုးရန် ရေအိုးကိုရွှေ့ကာ ရေခပ်၍ ဖြည့်ထားခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက် လိုက်ခြင်းဖြင့် ဆရာပြန်ရောက် လာပြီး ရေချိုးလျှင် သရက်ပင်ကိုလည်း ရေလောင်းပြီးသား ဖြစ်ပေတော့ သည် ။ ၎င်းနည်းကို ကျမ်းဂန်၌ “အမ္မ သေစန ဂရု သိနာန နည်း” ဟု ဖော်ပြပါရှိပေသည်။ (အမွ = သရက်ပင်၊ သေစနု-သွန်းလောင်းခြင်း၊ ဂရု= ဆရာ၊ သိနာန=ရေချိုးခြင်း) လုပ်ရည်ကိုင်ရည်ရှိသူ သို့မဟုတ် နာခံသူကောင်းဆိုတာ တာဝန်ထမ်းဆောင်ရာတွင် အသိဉာဏ်နှင့် ယှဉ်ပြီးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင် သူကိုလုပ်ရည်ကိုင်ရည်ရှိသူဟု ခေါ်ဆိုရပေမည်။ တစ်နည်းဆို ရသော်တာဝန်ကို ပေါ့ဆစွာထမ်းဆောင် ခြင်းမပြုဘဲ မိမိရာထူးအဆင့်နှင့် လျော်ညီသော လုပ်ရည်ကိုင်ရည် အဆင့်အတန်းမီရန် သို့မဟုတ် အရည်အသွေးပြည့်ဝစေရန် အစဉ်ကြိုးစား အားထုတ်သူ၊ မိမိ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ နိုင်ငံ့ဘဏ္ဍာငွေ သို့မဟုတ် နိုင်ငံပိုင် ပစ္စည်းဆုံးရှုံး ပျက်စီးခြင်း မဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်သူ၊ ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာခံ ယူဆောင်ရွက်သူသည် လုပ်ရည်ကိုင်ရည်ရှိသူ သို့မဟုတ် နာခံသူကောင်းပင် ဖြစ်ပေသည်။ အားလုံးပူးပေါင်းဆောင်ရွက်ပါက အလုံးစုံပြီးမြောက် အောင်မြင်နိုင်နာခံသူ ဆိုသည်မှာ အခြားသူတစ်ဦးက ပြောသည့်စကားကိုကြားပြီး လိုက်နာခံယူရသူဟု အဓိပ္ပာယ် ဖွင့်ဆိုထားပေရာ လုပ်ငန်းတစ်ခု ပြီးမြောက်အောင်မြင်ရေးအတွက် တာဝန်ရှိသူ အထက်အကြီး အကဲက လက်အောက် ဝန်ထမ်းသို့ တရားသဖြင့်ပေးသော ညွှန်ကြားချက်၊ လမ်းညွှန်ချက်ကို လိုက်နာခံယူရသကဲ့သို့ အချင်းချင်းက တစ်ဦးနှင့်တစ်ဦး ဆွေးနွေးညှိနှိုင်းချက်များ၊ အထက် အကြီးအကဲများအနေဖြင့် လက်အောက် ဝန်ထမ်းထံမှရရှိသော အကြံပြုတင်ပြချက်များကို လည်း အလေးတယူ မှတ်သားနားထောင်ကြရ ပေမည်။
 
အကြံဉာဏ်များကို တစ်ဦးက နာခံ၊ မှတ်သား၊ ယုံကြည်၊ အားကိုးပြီး အားလုံးအတူ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကာ အားလုံးပူးပေါင်းဆောင်ရွက်ပါက အလုံးစုံပြီးမြောက် အောင်မြင် နိုင်မှာ ဖြစ်သည့်အတွက် အတူတကွ ဆွေးနွေးတိုင်ပင်၊ နာခံမှတ်သား ဆောင်ရွက်ကြရန် တိုက်တွန်းထားခြင်းဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရလျှင် အလုပ်တာဝန်တစ်ခု ကို ထမ်းဆောင်ရာတွင် သက်ဆိုင်သူအားလုံးက မွန်မြတ်သော စေတနာ၊ ကောင်းမွန်သော စိတ်ဓာတ်၊ ဖြူစင်သော စိတ်ထား၊ မှန်ကန်သော အရည်အချင်း၊ တိကျသော ဆုံးဖြတ်ချက်၊ ခိုင်မာသော သန္နိဋ္ဌာန်၊ မလျှော့သောဇွဲ၊ မဆုတ်မနစ်သော လုံ့လဝီရိယ၊ ရဲရင့်သော သတ္တိ၊ တော်တည့်သော သစ္စာစောင့်သိမှု တို့ဖြင့် အထက်မှ အောက်သို့သော်လည်းကောင်း၊ အချင်းချင်းသို့သော်လည်းကောင်း၊ အောက်မှ အထက်သို့ သော်လည်းကောင်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်လေးစားမှုဖြင့် အလုံးစုံ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်သော နာခံသူကောင်းများဖြစ်ကြပါစေဟု ဆန္ဒပြုရင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။
 
စစ်လွမ်းနောင်(မန်းမြေသား)