Skip to main content

“ဘွန်း၊ ဘီလ်” ဈေးကွက်အကြောင်း သိကောင်းစရာ

 

နန်းခမ်းခ

“ဘွန်း၊ ဘီလ်”ဟုဆိုရာတွင် မြန်မာနိုင်ငံအစိုးရက ထုတ်ဝေသော အစိုးရငွေတိုက်စာချုပ်များ(Treasury Bonds)နှင့် ငွေတိုက် လက် မှတ်များ (Treasury Bills)တို့ကို ဆိုလိုပါသည်။

ယင်းငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များသည် သတ်မှတ်ကာလ သက်တမ်းစေ့ရောက်ပါက လက်ဝယ်ရှိ သူသို့ အစိုးရက မူရင်း တန်ဖိုး(Face Value)ကို ပြန်လည်ပေးအပ်ပါမည်ဟု ကတိပြုချက်ဖြင့် ထုတ်ဝေရောင်းချသော စာရွက်စာတမ်းများ ဖြစ်သောကြောင့် ယင်းတို့ အစိုးရငွေချေးသက်သေခံလက်မှတ်များ (Government Securities)ဟု ခေါ်ဆိုနိုင်သည်။

ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံအစိုးရများသည် နိုင်ငံ၏ အသုံးစရိတ်အတွက် လိုအပ်သောငွေကို ဖြည့်ဆည်းရန်၊ ရင်းနှီးမြှုပ်နှံ လိုသူများအတွက် ဆုံးရှုံးနိုင်ခြေမရှိသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ရရှိစေရန်၊ ပြည်သူများအတွက် ယုံကြည်စိတ်ချရသော ငွေကြေးလည် ပတ်မှုကို အထောက်အကူပြုရန်၊ ငွေကြေးဈေးကွက် တည်ငြိမ်စေခြင်း ဖြင့် အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန်အကျိုးပြုရန် ရည်ရွယ်၍ ငွေတိုက် စာချုပ်များနှင့် ငွေတိုက်လက်မှတ်များကို အများ ပြည်သူသို့ ထုတ်ဝေရောင်းချခြင်းဖြင့် အရင်းအနှီးဈေး ကွက်(Capital Market)တွင် ပါဝင်သော အစိုးရငွေချေးသက်သေခံလက်မှတ် ဈေး ကွက် (Government Securities Market) တစ်နည်းအားဖြင့် ငွေချေး စာချုပ်ဈေးကွက် (Bonds Market)ကို ဖော်ဆောင်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၉၉ဝ ပြည့်နှစ်တွင် သုံးလ သက်တမ်းရှိ ငွေတိုက်လက်မှတ်များ(Treasury Bills)ကို လျှော့ချနှုန်း (Discount Rate) ၄ ရာခိုင်နှုန်းဖြင့်ထုတ်ဝေ၍ နိုင်ငံတော်အတွက် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၌ အရင်းအနှီးဈေးကွက် ဖြစ်ပေါ်လာစေရေးအတွက် အစိုးရ ကိုယ်စား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁၉၉၃ ခုနှစ်တွင် သုံးနှစ်နှင့် ငါးနှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များ(Treasury Bonds) ကို တစ်နှစ်လျှင် အတိုးနှုန်း (Coupon Rate) ၁ဝ ရာခိုင်နှုန်းနှင့် ၁ဝ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးဖြင့် အများပြည်သူသို့ စတင်ထုတ်ဝေ ရောင်းချခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် သက်တမ်းနှစ်နှစ်ရှိ ငွေတိုက်စာချုပ်ကို တိုးချဲ့ထုတ်ဝေခဲ့သည်။ ထိုစဉ်က နှစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ် သက်တမ်း ငွေတိုက်စာချုပ်များ၏ တစ်နှစ်တာ အတိုးနှုန်းများမှာ ၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၉ ရာခိုင်နှုန်းနှင့် ၉ဒသမ ၅ ရာခိုင်နှုန်းအသီးသီးဖြစ်သည်။

ယင်းငွေတိုက်စာချုပ်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် ရန်ကုန်မြို့ရှိ မြန်မာငွေချေး သက် မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar Securities Exchange Center – MSEC) တို့၏ ၂၀၁၅ ခုနှစ်အထိ အများ ပြည်သူသို့ လွတ်လပ်စွာ ရောင်းချပေးခဲ့သည်။

နည်းပညာဖွံ့ဖြိုးမှု ရေစီးကြောင်းနှင့်အတူ မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် ငွေတိုက်လက်မှတ်ရောင်းချမှုကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင်လည်းကောင်း၊ ငွေတိုက်စာချုပ်ရောင်းချမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင်လည်းကောင်း စာရွက်စာတမ်း အခြေပြု စနစ်(Paper Based System)မှ အီလက်ထရွန် နစ်နည်းပညာဖြင့် မှတ်တမ်းတင်သည့်စနစ် (Scriptless System)သို့ ပြောင်းလဲခဲ့သည်။

ယင်းသို့ပြောင်းလဲရာတွင် ငွေတိုက်စာချုပ် ငွေတိုက်လက်မှတ် ဝယ်ယူလိုသည့် အဖွဲ့အစည်းများအလိုက် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ လစဉ်ဈေးပြိုင် (Auction)စနစ်ဖြင့် ရောင်းချသည့် ကနဦး/မူလ ဈေးကွက်(Primary Market)၌ ဝယ်ယူနိုင်သည်။ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆင့်ပွား ဈေးကွက် (Secondary Market)တွင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company-SC) များမှတစ်ဆင့်ငွေချေးသက်သေခံလက်မှတ် စာရင်း (Securities Account) ဖွင့်လှစ်၍ လွယ်ကူစွာ ရောင်းဝယ်နိုင် သည်။ သက်တမ်းမစေ့မီ ပြန်လည်ရောင်းချလိုပါက ဆင့်ပွားရေး ဈေးကွက် (Secondary Market) တွင်ပြန် လည်ရောင်းချနိုင်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော် မရှင် (Securities and Exchange Commission-SEC)ကို ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရေး၊ စတော့ရှယ်ယာဈေးကွက် (Stock Market) တည်ထောင်ပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အစိုးရ ငွေချေးသက်သေခံ လက်မှတ်များ ဆင့်ပွားဈေးကွက် (Government Securities Secondary Market) ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိန်းကျောင်း၊ ကြီးကြပ်ရန် ဖွဲ့စည်းတည် ထောင်ခဲ့သည်။ ကော်မရှင်ရုံး၏ လုပ်ငန်း တာဝန်များကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောင်ရွက် ခဲ့သည်။ ကော်မရှင်သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း အောက်ဖော်ပြပါ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ(SC) ခြောက်ခု အား ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ပြန် လည်ရောင်းချခြင်း(Underwriting)လုပ်ငန်းလိုင်စင်ကို ထုတ်ပေးခဲ့သည် -

အစိုးရ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ ဝယ်ယူလိုပါက အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-

(၁) E-Banking စနစ်ရရှိသည့် နှစ်သက်ရာဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ခြင်း၊ (ငွေစာရင်းဖွင့်ပြီးသားရှိပါက မလိုပါ။)

(၂) ဝယ်ယူလိုသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ(SC)တွင် ငွေချေးသက်သေခံလက်မှတ်စာရင်း (Securities Account) ဖွင့်လှစ်ခြင်း၊ (Securities Account) ဖွင့်လှစ်ခြင်း (Securities Account ဖွင့်လှစ်ခြင်းကို Mobile Application အသုံးပြု၍ အွန်လိုင်းဖြင့်လည်း ဖွင့်လှစ်နိုင်သည်။ စာရင်းဖွင့် လှစ်ပြီးပါက SC မှယင်းစာရင်းအတွက် အသိအမှတ်ပြုနံပါတ်(ID)ပေးပါမည်။

(၃) ဝယ်ယူလိုသည့် ငွေတိုက်စာချုပ်/ငွေတိုက်လက်မှတ် တန်ဖိုးကို ဘဏ်ငွေစာရင်းမှ SC ရှိ Securities Account သို့ စာရင်း လွှဲပြောင်းခြင်း၊ (လူကိုယ်တိုင် SC သို့ သွားရောက်ရန်မလိုဘဲ ဖုန်းဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။)

(၄) အထက်ပါလုပ်ငန်းစဉ်များ ပြီးမြောက်ပါက ဝယ်ယူသူသို့ SC က ထုတ်ပေးမည့် ငွေတိုက်စာချုပ်/ ငွေတိုက်လက်မှတ် တန်ဖိုး မည်မျှဝယ်ယူထားကြောင်း အသိအမှတ်ပြုလွှာ (Acknowledgement Certificate)ကို စိစစ်ရယူခြင်း။

ငွေချေးစာချုပ်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အောက်ပါ အကျိုး ကျေးဇူးများ ရရှိနိုင်ပါသည်-

(၁) လက်ရှိ ငွေစုဘဏ်အပ်ငွေ၊ စာရင်းသေအပ်ငွေ အတိုးနှုန်းထက် မြင့်သော အတိုးနှုန်းကို ရရှိနိုင်ခြင်း၊

(၂) SC သို့ လူကိုယ်တိုင်သွားရောက်ရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့်

စာရင်းပြောင်းနည်းဖြင့် အလွယ်တကူ ရောင်းဝယ်နိုင်ခြင်း၊ စာရွက်စာတမ်းထိန်းသိမ်းရန် မလိုခြင်း၊

(၃) Secondary Market ၌ ရင်းနှီးငွေအပေါ်ပြန်ရချက်နှုန်း(Yield) ဖြင့် ရောင်းဝယ်ရာတွင် မူရင်းတန်ဖိုးနှင့် ဝယ်ယူသည့်ဈေးနှုန်း၏ ခြားနားချက်(Capital Gain)ကို ရရှိနိုင်ခြင်း၊

(၄) သက်တမ်း စေ့ရောက်သော ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ် လက်ဝယ်ရှိသူသို့ အစိုးရက ငွေပြန်အမ်းရန် ကတိပြုထားသဖြင့် ဆုံးရှုံးနိုင်ခြေ(Risk)မရှိခြင်း၊

(၅) ငွေသားများစွာကို လက်ဝယ်ကိုင်ဆောင်ထားခြင်းဖြင့် မမျှော်မှန်း နိုင်သောဆုံးရှုံးနိုင်ခြေ(Invisible Risk)မှ ကာကွယ်ပြီးဖြစ်ခြင်း။

ယခုအခါ Primary Market ၌ ၃ လ၊ ၆ လ နှင့် ၁၂ လ သက်တမ်းရှိ ငွေတိုက်လက်မှတ်များကို တစ်လလျှင် နှစ်ကြိမ်နှင့် ၂ နှစ်၊ ၃ နှစ်နှင့် ၅ နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များကို တစ်လလျှင် တစ်ကြိမ် ဈေးပြိုင်(Auction)စနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ ထုတ်ဝေမည့် ပမာဏနှင့် အခြေခံအတိုးနှုန်း သတ်မှတ် မှုများကို စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာနက သတ်မှတ်သည်။ ဈေးပြိုင် ရောင်းချမှုကို ငွေတိုက်ဦး စီးဌာနကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ( က ဆောင်ရွက်သည်။ Auction တွင် ဈေးပြိုင်ဝင်ရောက်ခွင့်ရှိသူများ မှာ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဖြစ်ပါသည်။ တစ်ဦးချင်း ဝယ်ယူလိုသူများသည် SC များမှတစ်ဆင့် ဝယ်ယူနိုင်သည်။

၁-၅-၂၀၂၀ ရက်မှစ၍ ငွေစုဘဏ်အပ်ငွေအပေါ်တစ်နှစ်ရရှိမည့် အတိုးနှုန်းသည် ၅ ရာခိုင်နှုန်းသာ ရှိပါသည်။ ၁-၆-၂၀၂၁ ရက်မှ ၁၁၆-၂၀၂၁ ရက်အထိ Secondary Market ၌ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံ သူများက ငွေတိုက်လက်မှတ် စုစုပေါင်းတန်ဖိုး ကျပ် ၃၇၃ ဒသမ ၅ သန်းနှင့် ငွေတိုက်စာချုပ် စုစုပေါင်းတန်ဖိုး ကျပ် ၄၁ ဒသမ ၆ သန်း ရောင်းဝယ်မှုရှိခဲ့သည်။

၁၅-၆-၂၀၂၁ ရက်တွင် ၂ နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်အား အခြေခံအတိုးနှုန်း ၇ဒသမ ၂၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ၅ နှစ် (သက်တမ်းရှိ ငွေတိုက်စာချုပ်အား အခြေခံအတိုးနှုန်း ၇ ဒသမ ၅ဝ ရာခိုင်နှုန်းဖြင့်လည်းကောင်း Primary Market တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ရာ ၂ နှစ်သက်တမ်း ငွေ တိုက်စာချုပ်အတွက် ပျမ်းမျှအတိုးနှုန်း ၈ ဒသမ ၉၅၆ ရာခိုင်နှုန်းဖြင့် ကျပ် သန်းပေါင်း ၂၃ဝဝဝ လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ငွေပိုငွေလျှံရှိသူ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီ (SC)များသို့ ဆက်သွယ်၍ ဘဏ်အပ် ငွေအတိုးနှုန်းထက်မြင့်မားသော အတိုးနှုန်း ရရှိနိုင်ပြီး ဆုံးရှုံးနိုင်ခြေ မရှိသော အစိုးရငွေတိုက်စာချုပ်များ၊ အစိုးရငွေတိုက်လက်မှတ်များကို လွတ်လပ်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံသင့်ပါကြောင်း သတင်းကောင်း ၂ ပါးအပ်ပါသည်။