Skip to main content

တန်ဖိုးရှိတဲ့လူ

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အဝတ်အစားကောင်းမွန်သစ်လွင်ပြီး အဖိုးတန်ဝတ်နိုင်တာနဲ့ မဆိုင်ပါဘူး။ လစာဝင်ငွေနည်းတာ၊ များတာနဲ့လည်း မဆိုင်ပါဘူး။ ချမ်းသာတာ၊ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။ ရုပ်ချောတာ၊ အပြောကောင်းတာနဲ့လည်း မဆိုင်ဘူး။ ထင်ရှားကျော်ကြားတာနဲ့လည်း မဆိုင်ဘူး။ ဆက်စပ် ပတ်သက်သယောင် ထင်ရပေမယ့် တကယ်ကတော့ မဆိုင်လှပါဘူး။

စင်စစ် အနှစ်သာရရှိတဲ့လူ့တန်ဖိုးကတော့ သူ့ရဲ့ကိုယ်ကျင့်တရား၊ အမြော်အမြင်ကြီးမားတဲ့ပညာနဲ့ အများအတွက် ကောင်းကျိုးဆောင်မှု မေတ္တာ၊ ဗြဟ္မစိုရ်တရား ဒီသုံးချက်ပဲဖြစ်ပါတယ်။ ကိုယ်ကျင့် တရားဟာ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဂုဏ်တစ်ရပ် ဖြစ်ပါတယ်။ လူသားတိုင်း ရိုးသားဖြောင့်မတ်ဖို့၊ ကိုယ်ကျင့်တရားကောင်းဖို့က အရေးကြီးပါတယ်။ ကိုယ်ကျင့်တရားဟာ ကောင်းကျိုး အားလုံးရဲ့ အရင်းခံရေသောက်မြစ်လို့ ဆိုလို့ရပါတယ်။

ကိုယ်၊ နှုတ်ကို ယဉ်ကျေးအောင် ထိန်းကွပ်ပေးတဲ့ သက်ဆိုင်ရာ ကျင့်ဝတ်သီလတွေက ကိုယ်ကျင့်တရားဖြစ်ပါတယ်။ ကိုယ်ကျင့်တရား ဟာ လူတစ်ယောက် နေ့စဉ်ပြုကျင့်နေတဲ့ အပြုအမူ၊ အကျင့်စရိုက်၊ စာရိတ္တ၊ ကျင့်ဝတ်၊ အလေ့အထတွေဖြစ်ပြီး ကိုယ်ကျင့်တရားရှိမှ ယဉ်ကျေးသူဖြစ်မယ်။ အများချစ်ခင်လေးစားမှာ ဖြစ်ပါတယ်။

ကိုယ်ကျင့်တရားကို မြှင့်တင်တတ်ဖို့လို

ဘဝရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဟာ ကိုယ်ကျင့်တရားဆိုတာ သိမြင်နားလည်သူတွေဟာ အောင်မြင်ကြ ပါတယ်။ စီးပွားရေး၊ လူမှု ရေး၊ ပညာရေးတို့မှာ ကောင်းကျိုးတွေခံစားရရှိခြင်းဟာ ကိုယ်ကျင့် တရားကို အခြေခံပါတယ်။ ကိုယ်ကျင့်တရားကို မွေးမြူတတ်ဖို့၊ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်ဖို့လိုပါတယ်။ ကိုယ်ကျင့်တရားကို မြှင့်တင်တတ်ဖို့ လိုပါတယ်။

အောင်မြင်သူ၊ ထင်ရှားကျော်ကြားသူအချို့ဟာ ရုတ်တရက် အောင်မြင်မှုတွေ ဆုံးရှုံးသွားတယ်၊ နာမည်တွေကျသွားတယ်၊ ပြိုလဲသွားတယ်ဆိုတာမျိုးတွေ ဖြစ်ကြတာကိုလည်း တွေ့ရတတ်ပါတယ်။ အဲဒါဟာ ကိုယ်ကျင့်တရားဆိုတဲ့ တံတိုင်းမခိုင်မာလို့ ပြိုလဲခဲ့ရခြင်း ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝခြင်း ဆုံးရှုံးတဲ့အခါ ဘာမှဆုံးရှုံးမှုမရှိပါ။ ကျန်းမာရေးဆုံးရှုံးတဲ့အခါ တစ်စုံတစ်ခုကို ဆုံးရှုံးပါတယ်။ ကိုယ်ကျင့် တရား ဆုံးရှုံးပျက်စီးတဲ့အခါ ဘဝတစ်ခုလုံး ဆုံးရှုံးသွားမှာ ဖြစ်ပါ တယ်လို့ အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးက ဆိုခဲ့ဖူးပါတယ်။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကိုယ်ကျင့်တရားအပြင် အမြော်အမြင်ကြီးမားတဲ့ ဉာဏ်ပညာလည်း လိုအပ်ပါတယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုးအမျိုးမျိုးသော သဘောတရားတို့ကို အထူးထူး အပြားပြားအားဖြင့် ထိုးထွင်းသိမြင်ခြင်းကို ဉာဏ်ပညာလို့ အနက်ဖွင့်ကြတာကိုလည်း မှတ်သားဖူး ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုကို ကောင်းကျိုးပြုနိုင်ဖို့ အမြော်အမြင်ရှိတဲ့ ဉာဏ်ပညာက မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။

လောကလူသားတွေအတွက် ပစ္စုပ္ပန်ရော နောင်အနာဂတ်မှာပါ ကောင်းကျိုးချမ်းသာတွေကို ဖြစ်ထွန်းစေတဲ့အရာဟာ အသိဉာဏ် ပညာဖြစ်တယ်လို့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာ ဘိဝံသက မိန့်ကြားခဲ့ပါတယ်။

လူတစ်ယောက်မှာ ဆင်ခြင်ဉာဏ်၊ လေ့လာသင်ယူထားတဲ့ အသိပညာ၊ ဗဟုသုတနဲ့ တွေးခေါ် မြော်မြင်နိုင်တဲ့ ဉာဏ်ပညာသာ မရှိဘူးဆိုရင် 'အိပ်၊ စား၊ ကာမ' ဤသုံးဝပဲတတ်တဲ့ တိရစ္ဆာန်တွေနဲ့ ခြားနားမှာ မဟုတ်ပါဘူး။ လူတစ်ယောက်က အမှားကင်းပြီး လောကကိုအကျိုးပြုတဲ့ လူတစ်ယောက် အဖြစ် ရှင်သန်ရပ်တည်ချင်တယ်ဆိုရင်တော့ အသိဉာဏ်ပညာနဲ့ ရေရှည်ကို မြော်တွေးတတ်တဲ့ အမြော်အမြင်ရှိဖို့ လိုအပ်ပါတယ်။

စိန်ခေါ်မှုတွေကို ကျော်လွှား

လူတွေရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းနဲ့ ဉာဏ်ပညာတို့ ပေါင်းစပ်လိုက်တဲ့အခါ အင်မတန်ခက်ခဲ နက်နဲလှတဲ့၊ အဖြေထုတ်ရန်မလွယ်ကူတဲ့ လောကပုစ္ဆာတွေကို အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။ လူတွေအတွက် အကျိုးရှိနိုင်မယ့် တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်သလို အခက်အခဲ၊ စိန်ခေါ်မှုတွေကို အဖြေရှာကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အသိပညာ၊ ဉာဏ်အမြော်အမြင်၊ ပညာဗဟုသုတ၊ စဉ်းစားချင့်ချိန် နိုင်စွမ်းဆိုတဲ့ စကားတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပေမယ့် လိုက်နာကျင့်သုံးနိုင်ဖို့ ခဲယဉ်းတာကိုလည်း တွေ့ရပါတယ်။ လတ်တလောစိတ်ခံစားချက်ကို မထိန်းသိမ်းနိုင်တဲ့ အတွက် အမှားတွေကို ပြုမိပြီး ဘဝလမ်းကြောင်း မဖြေဖြောင့်တန်းကြ တာ၊ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်ကြရတာကိုလည်း တွေ့မြင်နေရ ပါတယ်။

လောကမှာ အသိဉာဏ်အရှိဆုံးသတ္တဝါလို့ဆိုတဲ့ လူသားတွေ အသိဉာဏ်မဲ့သွားပြီဆိုရင် ဉာဏ်နည်းတဲ့ တိရစ္ဆာန်တွေထက် ပိုကြောက် ဖို့ကောင်းသွားတတ်တယ်ဆိုတာကလည်း လူမှုဘဝတွေမှာ တွေ့ကြုံ နေကြရတဲ့အဖြစ်အပျက်တွေက သက်သေခံလျက်ရှိနေပါတယ်။

တွေးခေါ်မြော်မြင်နိုင်မှု ဉာဏ်ပညာအားနည်းတဲ့အခါ အယူအဆ တစ်ရပ်ရဲ့ သွတ်သွင်းမှုကို အလွယ်တကူ ခံရနိုင်သလို ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းယုံကြည်တာ မှီခိုအားကိုးတာတွေက အမှားကို အမှန်ထင်ပြီး အစွန်းရောက်သွားစေနိုင်ပါတယ်။ ရဟန်း၊ သံဃာတွေကို စွပ်စွဲ ပြောဆိုတာ၊ ဂိုဏ်းခွဲတာ၊ မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှတဲ့ ကျေးဇူးရှင်မိဘတွေကို ယုံကြည်ချက်မတူရုံနဲ့ မိခင်၊ ဖခင် အဖြစ်က ပြတ်စဲတဲ့လုပ်ရပ်တွေအထိ ပြစ်မှားစော်ကားမိတတ်ကြပါတယ်။

ထေရဝါဒဗုဒ္ဓသာသနာထွန်းကားတဲ့၊ မြတ်စွာဘုရားရှင်ရဲ့ သာသနာအဆုံးအမတွေနဲ့ နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော်ကြာအောင် တည်တံ့လာခဲ့တဲ့နိုင်ငံတစ်ခုမှာ အနန္တဂိုဏ်းဝင် ဆရာ ဆရာမတွေ ကိုလည်း ပြစ်တင်ဝေဖန်ကဲ့ရဲ့ ကြတာတွေကလည်း ဉာဏ်ပညာရဲ့ လွှမ်းမိုးနိုင်မှု အားနည်းတယ်လို့ ယူဆရပါတယ်။

ဆူပူအကြမ်းဖက်မှုတွေ၊ ဥပဒေမဲ့မီးရှို့၊ လူသတ်၊ မိုင်းထောင်၊ အုပ်စုဖွဲ့ အနိုင်ကျင့်၊ အသေခံဗုံးခွဲ စတဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ အစွန်းရောက်အကြမ်းဖက်ဝါဒတွေ ခေါင်းထောင်လာတယ်ဆိုတာ ဟာလူသားတစ်ယောက်ရဲ့ အမှား အမှန်ကို တွေးခေါ်မြော်မြင်နိုင်စွမ်း ဉာဏ်ပညာ ပျောက်ဆုံးသွားလို့ပဲ ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ် မြော်မြင်နိုင်စွမ်းမြင့်မားသူဟာ ကိုယ်တိုင်အတွက်သာမက သူ့ရဲ့မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုအသိုက်အဝန်းတစ်ခုလုံးကို အကျိုးပြုစေနိုင်မှာ ဖြစ်ပါတယ်။

မေတ္တာ၊ ဗြဟ္မစိုရ်တရားလိုအပ်

ဒါ့အပြင် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် အများအတွက် ကောင်းကျိုးဆောင်မှု မေတ္တာ၊ ဗြဟ္မစိုရ်တရား လိုအပ်ပါတယ်။ အများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ မိမိအကျိုးကို မမျှော်ကိုးဘဲ သူတစ်ပါးကို ကိုယ်စိတ်နှစ်ဖြာကြီးပွား ချမ်းသာပျော်ရွှင်သာယာဖို့ ဆောင်ရွက်ပေးတာဟာ ဗုဒ္ဓဘုရား ဟောကြားတဲ့ ဗြဟ္မစိုရ်တရား မေတ္တာဖြစ်ပါတယ်။

အမှန်တရားကို မြတ်နိုးကြသူတွေရဲ့ မေတ္တာနှလုံးသားတွေက အမှန်တကယ် အင်အားကြီးမားပါတယ်။ ရန်သူပင်ဖြစ်စေကာမူ မေတ္တာအစွမ်းနဲ့ အောင်နိုင်ခဲ့ပုံတွေက စာပေ ကျမ်းဂန်၊ ပိဋကတ်တော်တွေမှာ များစွာရှိပါတယ်။ မေတ္တာစိတ်ဓာတ်ဟာ အလွန်မြင့်မြတ်တဲ့အတွက် မေတ္တာတရထားသူဟာ ဂုဏ်သတင်းကျော်ကြားပြီး လူချစ်လူခင်ပေါများမယ်။ အားလုံးရဲ့ချစ်ခင်မှု၊ ကူညီစောင့်ရှောက်မှု ကိုလည်း ရရှိတတ်ပါတယ်။ မေတ္တာတရားနဲ့ ပြည့်ဝခြင်းကြောင့်လုပ်ကိုင်သမျှ အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့တန်ဖိုးကို ကိုယ်ကျင့်တရား၊ အမြော်အမြင်ကြီးမားတဲ့ပညာနဲ့ အများအတွက် ကောင်းကျိုးဆောင်မှု မေတ္တာ၊ ဗြဟ္မစိုရ်တရားဆိုတဲ့ စံပေတံတွေနဲ့တိုင်းတာပြီး တန်ဖိုးဖြတ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ကိုယ်ကျင့်တရားကောင်းသူ၊ အမြော်အမြင်ကြီးမားတဲ့ပညာနဲ့ ပြည့်ဝသူ၊ အများအတွက် ကောင်းကျိုးဆောင်မှု မေတ္တာ၊ ဗြဟ္မစိုရ် တရားထားသူတွေရဲ့ အတွေးအခေါ် (အကြံအစည်)၊ အပြောအဆို (စကား)၊ အပြုအမူ (ဆောင်ရွက်ချက်)၊ အလုပ်တွေဟာ အတ္တ၊ ပရ ညီညွတ်မျှတပြီး လောကကို ကောင်းကျိုးဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းသာယာပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းဖို့၊ ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာမှာ ကောင်းကျိုးတွေရရှိစေဖို့ တန်ဖိုးရှိအောင်စဉ်းစားပါ။ တန်ဖိုးရှိအောင် ပြောဆိုပါ။ တန်ဖိုးရှိအောင်လုပ်ပါ။ ဒါဆိုရင်တော့ တန်ဖိုးရှိတဲ့လူဖြစ်လာမှာ မလွဲဧကန်ပါ။ တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ် လောကကို အလှဆင်နိုင်ကြပါစေ။

ထွန်းထွန်း(ခရေရိပ်)