အစဉ်လေးစားဖွယ်ကောင်းသည့် ကလောင်အစွမ်းဖြင့် ဉာဏ်အလင်းကို ဖွင့်ပေးကြသူများ (၃)
ကြွေလွင့်သွားပြီဖြစ်သည့် သမိုင်းပညာရှင်စည်သူဒေါ်ကြန်(မကြန်)
စာရေးဆရာမကြီးလည်းဖြစ်၊ သမိုင်းသုတေသီတစ်ဦးလည်းဖြစ်တဲ့ မကြန်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သူဖြစ်ပါတယ်။ သူ့ကို ၁၉၁၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၃၅ ခုနှစ်မှာ သံတွဲမြို့ကနေ ဆယ်တန်းအောင်မြင်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ အလယ်တန်းပြဆရာမလုပ်ကိုင် ရာကနေ စာတိုက်အထက်တန်းစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။
၁၉၅၁ ခုနှစ်မှာ ပညာသင်ဖို့အတွက် ရန်ကုန်ကို ရောက်ရှိပြီး ရန်ကုန်တက္ကသိုလ် အထူးတန်းအခွင့်အရေးရခဲ့တဲ့အတွက် ဝိဇ္ဇာဘွဲ့ကို ၁၉၅၄ ခုနှစ်မှာရရှိခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ မဟာဝိဇ္ဇာဘွဲ့ (သမိုင်း)ကိုရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနမှာ နည်းပြ၊ ၁၉၅၆ ခုနှစ်မှာ သမိုင်းကော်မရှင် (သမိုင်းသုတေသနဦးစီးဌာန)မှာ ကျမ်းပြု အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
ဆရာမကြီးဟာ ၁၉၅၇ နဲ့ ၁၉၅၉နှစ်တွေမှာ မြန်မာနိုင်ငံသမိုင်း အထောက်အထားတွေ ကူးယူစုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်မှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သက်ပြည့်အငြိမ်းစားယူပြီး တဲ့ နောက်မှာလည်း သမိုင်းသုတေသနဦးစီးဌာနမှာ အကြံပေးပုဂ္ဂိုလ် အဖြစ် လေးနှစ်တာဝန်ယူခဲ့သလို အမှတ် (၁)စက်မှုဝန်ကြီးဌာနမှာလည်း “မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း”ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ရေးသား ပြုစုပေးခဲ့သူ ဖြစ်ပါတယ်။ မကွယ်လွန်မီအချိန်အထိ မြန်မာစာအဖွဲ့ဦးစီးဌာနမှာ အချိန်ပြည့် အဖွဲ့ဝင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မြန်မာ့သမိုင်းကို ချစ်မြတ်နိုးသူ၊ သမိုင်းအမှန်ကို ဖော်ထုတ်သူနဲ့ စိတ်ရှည်ဇွဲသန်ပြီး ရခိုင့်တန်ဆောင်အဖြစ် လူသိများခဲ့တဲ့ ဆရာမကြီး မကြန်ဟာ သမိုင်းနဲ့သက်ဆိုင်တဲ့ သုတေသနစာတမ်းတွေ၊ ဆောင်းပါးတွေ၊ စာအုပ်တွေကိုရေးသားပြုစုခဲ့သလို၊ တည်းဖြတ် ပြင်ဆင်တည့်မတ် ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ထင်ရှားတဲ့စာအုပ်တွေဖြစ်တဲ့ မြန်မာနိုင်ငံအခြေအနေ (၁၈၈၅၈၆) စာအုပ်က ၁၉၇၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ပြီး မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၉၇)စာအုပ်နဲ့လည်း ၂၀၀၃ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။ ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်နဲ့လည်း ၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့တဲ့အတွက် အမျိုးသားစာပေဆု စုစုပေါင်း သုံးကြိမ်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ ပခုက္ကူဦးအုန်းဖေတစ်သက်တာဆု၊ ၂၀၀၆ ခုနှစ်မှာ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ပထမဆင့်)တို့ကို ရရှိခဲ့သလို ယင်းနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဆရာမကြီးမကြန် ချီးမြှင့်ခြင်းခံရတဲ့နှစ်မှာတော့ အမျိုးသားစာပေတစ်သက်တာဆုကို မူလချီးမြှင့်ငွေ လေးသိန်း ကနေ ခြောက်သိန်းကို တိုးမြှင့်ပေးအပ်ခဲ့ပါတယ်။
စည်သူဦးကြည်အေး (ဆင်ဖြူကျွန်းအောင်သိန်း)
ကိုဆေးရိုးကို ဇာတ်ကောင်ထားဖွဲ့သည့် ဝတ္ထုတိုများမှာ ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း၏ နာမည်အကျော်ကြားဆုံးဖြစ်သကဲ့သို့၊ ဂဠုန်ဆရာစံ၊ သွေးစွန်းသောလက်၊ လယ်သမားသူပုန်၊ သတ်ရဲသည် သေရဲသည်၊ နီရဲသောဗိုလ်ဥတ္တမ၊ အမျိုးသားစာပေဆုရရှိ လက်ရာ | နေမင်းတစ်ထောင် (ရှစ်အုပ်တွဲ) စသည်တို့ကလည်း ဆရာကြီးရဲ့ ထင်ရှားတဲ့လက်ရာတွေ ဖြစ်ပါတယ်။
ဆရာကြီးကို ဆင်ဖြူကျွန်းမြို့နယ် ယမ်းဖိုကျွန်းရွာမှာ ၁၉၂၈ ခုနှစ်က မွေးဖွားခဲ့ပြီး ဆင်ဖြူကျွန်းမြို့မှာ မူလတန်းကနေ အထက်တန်း အထိ ပညာသင်ယူ ခဲ့ပါတယ်။ ရှေးဦး ကလောင်မှာ ရွှေဇင်ဖြစ်ပြီး ကဗျာ၊ဝတ္ထုများကို အဆက်မပြတ်ရေးခဲ့တာကို တွေ့ရပါတယ်။ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာပုဒ်ရေ ၂၀၀၀ ထက်မနည်း ရေးသားခဲ့တဲ့ ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းက ၁၉၉၀ ပြည့်နှစ်မှာ ကိုဆေးရိုး- ၄ဝတ္ထုတို ပေါင်းချုပ်၊ ၁၉၉၆ ခုနှစ်မှာ ကိုဆေးရိုး - ၆ ဝတ္ထုတိုပေါင်းချုပ်တို့နဲ့ အမျိုးသားစာပေဆု၊ ၂၀၀၅ ခုနှစ်မှာ နေမင်းတစ်ထောင်ရှစ်အုပ်တွဲနဲ့ အမျိုးသားစာပေဆု သုံးကြိမ်ရရှိခဲ့ပါတယ်။
ဆရာကြီးရဲ့ဘဝတစ်သက်တာလုံးမှာ စာရေးသားခြင်းနဲ့ ရိုးသားစွာ အသက်မွေးခဲ့သလို စာပေများကို စဉ်ဆက်မပြတ်ရေးသားခဲ့ရာမှာလည်း လူမှုဘဝတွေကို ပေါ်လွင်အောင် ဖော်ကျူးခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ စာရေးဆရာအသင်း၊ စာပေကလပ်၊ သမဂ္ဂ၊ စာပေ ပြန့်ပွားရေးအသင်း၊ စာပေဝါသနာရှင်အဖွဲ့အစည်းနဲ့ အခြားသောစာပေဆိုင်ရာ စုစည်းမှုတိုင်းမှာ ဆရာကြီးက စိတ်အားထက်သန်စွာ ပါဝင် အားဖြည့်လေ့ရှိပါတယ်။
ဒါကြောင့်လည်း အရှေ့တောင်အာရှစာပေဆုကို ၁၉၉၈ ခုနှစ်မှာ ရရှိခဲ့သလို ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမဆင့်)ကိုလည်း ၂၀၀၃ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်အတွက် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်အတွက် စာပေဆုများထဲက အမြင့်ဆုံးဆုဖြစ်တဲ့ အမျိုးသားစာပေတစ်သက်တာ ဆုကို ဆရာကြီး ဦးကြည်အေး(ဆင်ဖြူကျွန်းအောင်သိန်း)ကို ချီးမြှင့် ပေးခဲ့တာဟာ စာပေလောကထဲက ချီးမြှောက်ထိုက်သူကို ချီးမြှောက် တဲ့ မင်္ဂလာတစ်ပါးဖြစ်ပါတယ်လို့ ဆိုပါရစေ။
ပညာဖြန့်ဝေခြင်းဖြင့် ဘဝကိုဖြတ်သန်းခဲ့သူ စည်သူဒေါက်တာကျော်စိန်
ပဲခူးမြို့သား ဒေါက်တာကျော်စိန်ကို ၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ပဲခူးမြို့ အစိုးရအထက်တန်းကျောင်းမှာ အထက်တန်းအောင်မြင်တဲ့ အထိတက်ရောက်ပညာသင်ခဲ့သူ ဖြစ်ပါတယ်။ တက္ကသိုလ်ပညာသင်ဆု ကို ငါးနှစ်ရရှိခဲ့သလို ဥပစာတန်းမှာ မြန်မာစာရမှတ် အမြင့်ဆုံးမို့ သာဒိုးအောင်ဆုကိုလည်း ရရှိခဲ့ပါတယ်။ သဘာဝသတ္တဗေဒအသင်းဆု တွေရရှိခဲ့တဲ့ ဒေါက်တာကျော်စိန်ဟာ ၁၉၅၄ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့၊ ၁၉၅၈ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့(စိတ်ပညာ) တွေကိုရယူခဲ့ပြီး ၁၉၆၆ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက် မှာရှိတဲ့ ကိုလံဘီယာတက္ကသိုလ်ကနေ ပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။
ဆရာကြီးက ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနမှာ နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခ၊ ပါမောက္ခချုပ်မှသည် ပညာရေးဝန်ကြီးအထိ အဆင့်ဆင့်တာဝန်ယူခဲ့တဲ့ ဆရာကြီးဖြစ်သလို တစ်ဖက်မှာလည်း အသက် ၂၀ ကျော်အရွယ်ကတည်းက ရှုမဝ၊ ငွေတာရီ၊ ပညာပဒေသာ၊ ပညာလောကစတဲ့မဂ္ဂဇင်းတွေ၊ စာစောင်တွေ မှာ စိတ်ပညာဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပါတယ်။
သင့်ဘဝအတွက်တာ အသုံးချစိတ်ပညာစာမူနဲ့ စာပေဗိမာန်စာမူဆု (သုတပဒေသာ ဝိဇ္ဇာ) ပထမ၊ လူငယ်လမ်းညွှန်စာမူနဲ့ စာပေဗိမာန် စာမူဆု(လူငယ်စာပေ) ပထမ၊ တို့ချစ်သည့် နိုင်ငံတော်စာမူဖြင့် မျိုးချစ် စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးစာပေပြိုင်ပွဲ ကျမ်းစာမူ ဒုတိယဆု၊ စာပေဗိမာန်စာမူဆု (သုတပဒေသာ ဝိဇ္ဇာ)ကို ဇော်ဋီကာ စာမူဖြင့် ပထမဆု၊ စိတ်ပညာသမိုင်းကျမ်းစာမူဖြင့် ပခုက္ကူဦးအုန်းဖေကျမ်းစာမူ ပထမဆု စတဲ့ဆုတွေကို ရရှိခဲ့သူဖြစ်ပါတယ်။ ဆရာကြီးက ပညာကို ကိုယ်တိုင်ဆည်းပူးခဲ့သလို နောင်လာနောက်သားတွေအတွက်လည်း သူသိထားတတ်ထားသမျှကို မခြွင်းမချန် ရေးသားဖြန့်ဝေပေးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို နိုင်ငံတော်က ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဆရာကြီး ဟာ အမြင့်ဆုံးစာပေဆုချီးမြှင့်ခြင်းခံရပြီး ငါးနှစ်အကြာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်ပါတယ်။
ဆရာကြီးစည်သူဒေါက်တာခင်မောင်ညွန့်
အဆင့်မြင့်ပညာရေးကျောင်းသုံးစာအုပ်တွေ၊ လမ်းညွှန်စာအုပ်တွေ နဲ့ သုတေသန စာတမ်းတွေကို ရေးသားပြုစုပေးခဲ့တဲ့ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်ကို ၂၀၀၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဆရာကြီးကို မန္တလေးမြို့ မှာ မွေးဖွားခဲ့ပြီး ၁၉၅၂ ခုနှစ်ကစပြီး ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာ ဘွဲ့တို့နဲ့ ၁၉၆၀ ပြည့်နှစ်တွင် လန်ဒန်တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ရရှိခဲ့ သူဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်တို့ မှာ သမိုင်းပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ် အချိန်ပိုင်းပါမောက္ခ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ နိုင်ငံသမိုင်း သုတေသနဦးစီးဌာနနဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနတို့မှာ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာသမိုင်းဖြစ်ရပ်မှန် ပြုစုရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာသမိုင်း ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်၊ အမျိုးသားညီလာခံအဖွဲ့ခွဲအဖွဲ့ဝင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်၊ ဆိုကရေးတီး ပြိုင်ပွဲများအတွက် အတိုင်ပင်ခံအကြံပေးနှင့် ဦးစီးကော်မတီဝင်၊ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး၊ အမျိုးသားကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့တဲ့ တာဝန်များက များပြားလွန်းလှပါတယ်။
ဆရာကြီး ဒေါက်တာခင်မောင်ညွန့်ကို လူမှုထူးချွန်တံဆိပ်၊ စီမံ ထူးချွန်တံဆိပ်တွေ နိုင်ငံတော်က ချီးမြှင်ခဲ့သလို ဝိဇ္ဇာထူးချွန်တံဆိပ် (ဒုတိယဆင့်)တွေနဲ့ ဆရာဝန်တင်ရွှေ စာပေဆု၊ သုတစွယ်စုံစာပေဆုတွေကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဆရာကြီးက စာအုပ်စာတမ်းပေါင်း ၄၀ ကျော်ပြုစုထုတ်ဝေခဲ့ပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတို့မှာလည်း သမိုင်းယဉ်ကျေးမှု၊ ရှေးဟောင်းသုတေသန ပညာရပ်တွေအကြောင်း ဟောပြောပို့ချခဲ့ပါတယ်။
ဆရာကြီးစည်သူဒေါက်တာသော်ကောင်း
မြန်မာစာပေနှင့် မြန်မာ့သမိုင်းတို့ကို အဆင့်မြင့်မားအောင် ကြံဆောင်ပေးကြသည့် စာပေပညာရှင်ကြီးများအနက် ဆရာကြီး စည်သူဒေါက်တာဦးသော်ကောင်းလည်း အပါအဝင်ဖြစ်ပါတယ်။ ဆရာကြီးကအငြိမ်းစားပညာမင်းကြီး၊ မြန်မာနိုင်ငံသမိုင်းကော်မရှင် ဥက္ကဋ္ဌ ဦးကောင်းရဲ့ သားဖြစ်ပြီး ၁၉၃၇ ခုနှစ်ကရန်ကုန်မြို့မှာ မွေးဖွားခဲ့ သူဖြစ်ပါတယ်။
ဆရာကြီးက အင်္ဂလိပ်စာဘာသာနဲ့ ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ကို ၁၉၅၉ ခုနှစ်မှာ ရရှိခဲ့ပြီး ဂုဏ်ထူးပထမအဆင့်နဲ့ အောင်မြင် ခဲ့သူပါ။ ၁၉၆၂ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်ကနေ စာကြည့်တိုက်ဘွဲ့လွန်ဒီပလိုမာရရှိခဲ့ပါတယ်။ အဲဒီနောက် AALIA (Associate of the Australian Library and Information Association) ဘွဲ့၊ အင်္ဂလန်နိုင်ငံစာကြည့်တိုက်အသင်းရဲ့ အမြင့်ဆုံးဘွဲ့ FLA (Fellow of the Library Association)o ocups: angulosSll ( ၁၉၉၉ ခုနှစ်မှာ University of Western Sydney မှ ပေးအပ်ချီးမြှင့်တဲ့ | D.Litt( Honorary Doctor of Letters Award) ဘွဲ့၊ ၂၀၀၅ ခုနှစ်မှာ Fukuoka Asian Cultural Prize စတဲ့ ဆုတွေအသီးသီးချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၊ အချိန်ပိုင်း စာကြည့်တိုက် လက်ထောက်ဘဝကနေ အဆင့်ဆင့်ဖြတ်သန်းခဲ့ပြီး ၁၉၆၉ ခုနှစ် ကနေ အငြိမ်းစားယူခဲ့တဲ့ ၁၉၉၇ခုနှစ်အထိ တက္ကသိုလ် ဗဟိုစာကြည့် တိုက်မှူးတာဝန်အထိ စာကြည့်တိုက်တွေကြားထဲ ဖြတ်သန်းရှင်သန် ခဲ့သူလည်းဖြစ်ပါတယ်။ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်လာအောင်၊ သုတေသနလုပ်ငန်းတွေကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာနိုင်အောင်နဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်တွေ ထွက်ရှိအောင်စတဲ့ စာပေတာဝန်တွေ ကို ဘဝတစ်လျှောက် ထမ်းရွက်ခဲ့သူလည်းဖြစ်ပါတယ်။
အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူစတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကိုသွားပြီး မြန်မာစာပေ၊ စာကြည့်တိုက်လုပ်ငန်းတွေ၊ မြန်မာ့သမိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို စာတမ်းအစောင်ပေါင်းများစွာနဲ့အတူ သွားရောက်ဖတ်ကြား ဖော်ထုတ်ခဲ့သူ လည်းဖြစ်ပါတယ်။
ပညာရပ်ဆိုင်ရာစာအုပ်တွေ၊ စာတမ်းတွေထုတ်ဝေခဲ့သလိုဘာသာ ပြန်နဲ့ အခြားဆောင်းပါးမျိုးစုံကိုလည်း စဉ်ဆက်မပြတ်ရေးသားခဲ့တဲ့အတွက် ၂၀၀၇ ခုနှစ်မှာ ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု၊ ၂၀၀၈ ခုနှစ်မှာ မြန်မာစာပေ၊ စာကြည့်တိုက်ပညာနဲ့ ပေပုရပိုက် အကြောင်းရေးသားထားတဲ့ From the Librainan's Windown စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်းစာပေဆုကို ရရှိခဲ့ပါတယ်။
မြန်မာသမိုင်းကော်မရှင်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနဲ့ ပခုက္ကူ ဦးအုန်းဖေစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့စတာတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာကြီးဟာ ၂၀၁၀ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ထိုက်ထိုက်တန်တန်နဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပြီး ဆရာကြီး ဆုရရှိတဲ့နှစ်မှာတော့ အမျိုးသားစာပေတစ်သက်တာဆု အတွက် ချီးမြှင့်ငွေကို ငွေကျပ် ခြောက်သိန်းကနေ ဆယ်သိန်းကျပ်ကို တိုးမြှင့်ပေးအပ်ခဲ့တာကို တွေ့ရှိရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)