Skip to main content

အစွန်းရောက်နိုင်ငံရေးအကြမ်းဖက်သမားများ လက်တွဲဖယ်ရှား

မည်သည့်နိုင်ငံ၏ အစိုးရကမှ အကြမ်းဖက်သမားတို့၏ရည်ရွယ်ချက် ပြည့်ဝအောင် လိုက်လျောရိုး ထုံးစံမရှိပါ။ အကြမ်းဖက်သမားများနှင့် ညှိနှိုင်းခြင်း၊ လိုက်လျောခြင်းမလုပ်ပါ။ ဤအရာသည် အစိုးရ တိုင်းက ပြည်သူအတွက် ဆောင်ရွက်ပေးရမည့်၊ အကာအကွယ်ပေးရမည့် လုပ်ရိုး လုပ်စဉ် တစ်ခုပင်။ အကြမ်းဖက်မှုများသည် အစွန်းရောက် စိတ်ဓာတ်ကို အခြေခံသည်။ လက်ရှိမြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေး အစွန်းရောက် စိတ်ဓာတ်ရှိသူများသည် ၎င်းတို့၏ နိုင်ငံရေးအကျိုး အမြတ်အတွက် အကြမ်းဖက်မှုများကို လက်နက်အဖြစ် အသုံးပြု လျက်ရှိသည်။ နိုင်ငံရေးအကျိုးအမြတ်အတွက် အကြမ်းဖက်နည်း လမ်းကို ကျင့်သုံးခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်။ သို့သော် ရွေးကောက်ပွဲ မသမာမှုများကို အကြောင်းတည် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်များတွင် အကြမ်းဖက်မှုများ ပါဝင်လာခဲ့ပေပြီ။ ယခု ပြည်သူအများ သွားလာနေထိုင်ရာ နေရာများတွင် ပေါက်ကွဲမှုများဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ များထံ အကြောက် တရား ဖြန့်ဝေလျက်ရှိသည်။

ပညာရေးသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ် ဖြစ်

အထင်ရှားဆုံးမှာ ကျောင်းများပြန်လည်မဖွင့်နိုင်အောင် ခြိမ်းခြောက်ခြင်းပင်။ ပညာရေးသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်အတွက် အဓိကဖြစ်သည်ကို နိုင်ငံရေးအစွန်းရောက်သူများအနေဖြင့် မမသိ၍ မဟုတ်။ သိ၍ အညှာကိုင်ခြင်း ဖြစ်ပေလိမ့်မည်။ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲခြင်း၊ ဆရာ ဆရာမများအား ခြိမ်းခြောက်ခြင်းတို့ဖြင့် ပညာသင်ကြားခွင့် ဆုံးရှုံးအောင် ဖန်တီး လျက်ရှိသည်။

အစိုးရ၏ လုပ်ငန်းဆောင်တာများ နှောင့်နှေးစေရေးအတွက် ဆိုင်ကယ်စီးသပိတ်၊ အသံတိတ်သပိတ်၊ ညသပိတ်၊ လူမဲ့သပိတ်၊ ပြည်လုံးကျွတ်သပိတ် စသည်ဖြင့် သပိတ်ပေါင်းစုံ ဖန်တီးလှုံ့ဆော် လျက်ရှိသည်။

ထို့အပြင် ပြည်သူများအကြား စိတ်လှုပ်ရှားမှု မြင့်တက်နေသည့် ယခုအချိန်၌ ကောလာဟလများကို ဖန်တီးဖြန့်ဝေကြသည်။ ဘဏ် များ ပြိုလဲမည်၊ ငွေစက္ကူများ ဖျက်သိမ်းမည်၊ စက်သုံးဆီ ပြတ်လပ် မည်၊ စားနပ်ရိက္ခာပြတ်လပ်မည် စသည်ဖြင့် နိုင်ငံမတည်မငြိမ် ဖြစ်စေမည့် အကြောင်းအရာ ပေါင်းစုံကို မရိုးရအောင် ဖြန့်ဝေလျက်ရှိကြသည်။

ကောလာဟလများ၏ နောက်ကွယ်က အကြောင်းရင်းမှာ အစိုးရယန္တရားအခက်တွေ့ရေး၊ အစိုးရအပေါ် ပြည်သူများ အယုံအကြည်မရှိရေးပင် ဖြစ်သည်။ နိုင်ငံမတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော် ဖန်တီးခြင်း၊ ဆူပူအကြမ်းဖက်တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူတို့၏ လူမှုစီးပွားအခက်အခဲ ဖြစ်လာကြသည်။ ထို့ကြောင့် နိုင်ငံရေးအမြတ် ထုတ်လိုသူများ၏ ရည်ရွယ်ချက် မပြည့်ဝနိုင်စေရန် မှားယွင်းသည့် သတင်းအချက်အလက်များကို ဆင်ခြင်သတိပြုရမည်ဖြစ်သည်။

တစ်ဖက်မှလည်း အကြမ်းဖက် နိုင်ငံရေးအစွန်းရောက်များသည် လက်နက်ကိုင် ခြောက်လှန့်မှုများ၊ ဗုံးခွဲခြောက်လန့်မှုများ၊ မီးရှို့ ဖျက်ဆီးတိုက်ခိုက်မှုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို လုပ်ကြံ သတ်ဖြတ်မှုများဖြင့် အကြမ်းဖက်မှုများကို လစ်လျှင်လစ်သလို ကျူးလွန်လျက်ရှိသည်။

ထိုသို့ ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်နေသော်လည်း ၎င်းတို့က ပြည်သူများအကြား ဝါဒ ဖြန့်သည်မှာ ဒီမိုကရေစီခေါင်းစဉ်တပ်၍သာ။ အကြမ်းဖက်နိုင်ငံရေးအစွန်းရောက်သူများက ၎င်းတို့ အောင်မြင်မှု မရှိခဲ့လျှင် လက်ရှိအစိုးရလက်ဝယ် အာဏာအခွန့်ရှည်ပြီး ဒီမိုကရေစီအရေး ပျက်ပြယ်မည်ဟူသော လွဲမှားသည့် သတင်းအချက်အလက်ကို ဖြန့်ဝေလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

၎င်းတို့ ညွှန်းဆိုနေသလို လက်ရှိအစိုးရသည် အာဏာအဓွန့်ရှည် စေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ဖွဲ့စည်းမှုမျိုးလည်း မဟုတ်။ နိုင်ငံ့ အာဏာကို မတရားနည်းလမ်းဖြင့် ရယူခြင်းမှ ကာကွယ်ထိန်းသိမ်း ခြင်းသာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးဆောင်သည့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားများအပါအဝင် နိုင်ငံရေးပါတီအသီးသီးမှ ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည်။ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများပါဝင်သော အစိုးရတစ်ရပ်အဖြစ် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ကြိုးပမ်းဖော် ဆောင်သွားမည်ဖြစ်သည်။

ထိုသို့ ဖော်ဆောင်ရာ၌လည်း နိုင်ငံအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ စနစ်တကျ ဖော်ဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများဘက်မှလည်း နိုင်ငံရေးခံယူချက် ကွဲပြားနေစေကာမူ အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများတွင် ပါဝင်မှုမရှိစေရန် အထူးသတိပြုရမည် ဖြစ်သည်။ ထို့အတူ အားပေးကူညီမှု မပြုမိရန်လည်း အရေးကြီးပေသည်။

အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ခုခုအား ဥပဒေနှင့် မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ ပြုလုပ်မှုတို့သည် အကြမ်းဖက်မှုများတွင် အကျုံးဝင်လျက် ရှိသည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံရ နိုင်ပေသည်။

အလားတူ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်အား ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန်ဖြစ်စေ၊ လွတ်မြောက်စေရန်အတွက်ဖြစ်စေ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း၊ ၎င်းအဖွဲ့ဝင် များအား အဆောက်အအုံနှင့်နေရာတစ်ခုခု အသုံးပြုခွင့်ပေးခြင်း၊ စုဝေးခွင့်၊ အစည်းအဝေး ပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှု ဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင် ပေးရန်ပြုလုပ်ခြင်း၊ ၎င်းတို့ အသုံးပြုရန် ရည်ရွယ်၍ဖြစ်စေ၊ အသုံးပြု မည်ဟုသိလျက်နှင့်ဖြစ်စေ ငွေကြေးကောက်ခံခြင်း၊ လက်ခံခြင်း၊ ထောက်ပံ့ခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ဝယ်ထားခြင်း၊ အားပေးခြင်း၊ ကူညီခြင်း၊ လှုံ့ဆော်ခြင်း စသည်တို့ကို ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် ငြိစွန်းပြီး အရေးယူအပြစ်ပေးခြင်း ခံရနိုင်သည့်အတွက် ပြည်သူများက သတိပြု ဆင်ခြင်ကြ ရမည်ဖြစ်သည်။

ဆင်ခြင်တုံတရားနည်းပါးသူတို့၏ သဘောထားများ

ဘေးလွတ်ကင်းရာနေရာမှ CRPH နှင့် NUG တို့၏ ဝါဒဖြန့်မှုများ၊ မြှောက်ပင့်စေစားမှုများကို ပကတိအတိုင်း သိမြင်နားလည်ရမည့် အချိန်ဖြစ်သည်။ နိုင်ငံရေးအကျိုးအမြတ်ရလိုမှုကို ဇာတ်စုံ မခင်းဘဲ အရေးတော်ပုံအောင်ရမည်ဆိုသည့် ပင့်လုံးများကြောင့် အပြစ်မဲ့ ပြည်သူများလည်း သေဆုံး မှုများရှိခဲ့သည်။ ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက်သမားများနှင့် လော်ဘီများ၏ မြှောက်လုံး ပင့်လုံးများ၊ ဆင်ခြင်တုံတရားနည်းပါးသူတို့၏ သဘောထားများကလည်း အကြမ်း ဖက်မှုများကို ဖိတ်ခေါ်လျက်ရှိသည့်အတွက် သတိချပ်ရမည်ဖြစ်သည်။

လက်တွေ့တွင် ပြည်သူများသည် မည်သို့မည်ပုံ ကျူးလွန်မည် မသိသည့် အကြမ်းဖက် တိုက်ခိုက်မှုများကို စိုးရိမ်ထိတ်လန့်နေကြပြီး တည်ငြိမ်အေးချမ်းမှုကိုသာ လိုလားလျက်ရှိသည်။ တည်ငြိမ်မှုလိုလားလျှင်၊ အေးချမ်းမှုကို လိုလားလျှင် တည်ငြိမ်အေးချမ်းမှုကို မလိုတမာ ဖျက်ဆီးနေသည့်မြှောက်ပင့်သွေးထိုးသူများ၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းရမည်သာ။

အကြမ်းဖက်မှု ကျူးလွန်သူများသည် ပြည်သူလူထုအတွင်း ရောနှောနေထိုင်ပြီး ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ပြီးပါက လူထုအတွင်းပင် လျှိုဝင်ပျောက်ကွယ်သွားခြင်းကြောင့် ပြည်သူ လူထု၏ ပူးပေါင်းစွမ်းအားဖြင့်သာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဖျက်သမားများနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ၊ မသင်္ကာစရာများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသတင်းပေးအကြောင်းကြားခြင်းဖြင့် ပြည်သူ လူထု၏ အကျိုးစီးပွားကို ကာကွယ်သွားရမည် ဖြစ်သည်။ ထိုသို့ ပြည်သူများက အသိပေးနိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးအဖွဲ့အစည်းများထံဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့မဟုတ်၊ ဆူပူအကြမ်းဖက်မှုများကို ပြည်သူနှင့်အတူ ထိထိရောက်ရောက် ပူးပေါင်းဖယ်ရှား နိုင်ခြင်းမရှိပါက နိုင်ငံအတွက် ကြီးမားသည့်အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ဖြစ်နေမည်။ သို့ဖြစ်၍ အကြမ်းဖက် လုပ်ရပ်များကို ပြည်သူလူထုနှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အများအကျိုးအတွက် အဖျက်သမားများနှင့် ပတ်သက် သောသတင်းများ၊ လုပ်ဆောင်မှုများကို အသိပေးခြင်းသည် တာဝန်သိသော နိုင်ငံသားတစ်ဦး ဖြစ်သည့်အပြင် ကိုယ့်ရပ်ရွာလုံခြုံရေးအတွက် ကာကွယ်ပေးမှုလည်း ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

ရဲယံ