Skip to main content

တစ်ချိန်ကရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဦးကာ

အရှေ့တောင်အာရှတွင် ထွန်းလင်းတောက်ပခဲ့သည့် ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် နှစ် ၁၀၀ ပြည့်ခဲ့သည်။ ရာပြည့်အထိမ်းအမှတ်အဖြစ် အခမ်းအနားများကို လူစုလူဝေးဖြင့် စည်ကား သိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့သော်လည်း အွန်လိုင်းမှ တတ်နိုင်သမျှ ခင်းကျင်းပြသနိုင်ခဲ့သည်။ ယင်းတို့တွင် လူအများစိတ်ဝင်စားကြသည်မှာ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် ရာပြည့်အမှတ်တရ တက္ကသိုလ်သီချင်း(၁၀၀)ပင်ဖြစ်သည်။ တိမ်မြုပ်နေသည့် သီချင်းများ၊ မူရင်း တေးသံရှင်အချို့ကိုပါ စင်တင် ဖျော်ဖြေခွင့်ရခဲ့၍ ကိုဗစ်ကာလ အိမ်တွင်းပုန်းရင်း အတန်ပင် အပန်းပြေခဲ့ရလေသည်။ စာအုပ်စာစောင်အချို့ ထွက်ခဲ့သော်လည်း ကိုဗစ်ကာလဖြစ်၍ လူထုကြားသို့ သိပ်မရောက်ခဲ့။ စာပေပြိုင်ပွဲအချို့ပြုလုပ်ကာ အွန်လိုင်း မှ ဆုပေးနိုင်ခဲ့သည်ကို တွေ့ရသည်။


ရန်ကုန်တက္ကသိုလ်၏ သမိုင်းအစသည် ကိုလိုနီကျွန်ပညာရေးစနစ်ကို စတင်သပိတ် မှောက်ခဲ့သည့်  ၁၉၂၀  ပြည့်နှစ်မှပင်  စခဲ့သည်။ ကျွန်ပညာရေးစနစ်ကို အလိုမရှိ၍ တစ်နိုင်ငံ လုံးရှိ ပြည်သူပြည်သားအားလုံး ပါဝင်ဆင်နွှဲ ခဲ့ရာ  အမျိုးသားကျောင်းများ  ပေါ်ထွန်းလာခြင်း၊ မျိုးချစ်စိတ်ဓာတ်များ ပေါ်ပေါက်လာပြီး နိုင်ငံရေးနိုးကြားလာခြင်းသည် ထင်ရှားသော အနှစ်သာရများ ပင်ဖြစ်သည်။ ကျွန်ပညာရေး ကို   တွန်းလှန် ရာတွင်  နိုင်ငံသားအားလုံး၏ မကွဲပြား   မခွဲခြားသောစိတ်ဖြင့်   တက်ညီလက်ညီ   ပါဝင်ခဲ့ခြင်း မှာလည်း  သမိုင်း က သက်သေဖြစ်သည်။


၁၉၂၀ ကျောင်းသားသပိတ်တွင် သပိတ် မှောက် ကျောင်းသား  ၁၁ ဦးက စခဲ့သည်။ ယင်းအဖွဲ့တွင် ဦးဘရှင် (သံတွဲ) ဘီအက်စီ အထက်တန်း-က    ထိပ်ဆုံးက   ပါခဲ့သည်။ ပထမဆုံး      တက္ကသိုလ်ကျောင်းသားများ (တ.က.သ) ဥက္ကဋ္ဌမှာ ဦးထွန်းစိန် (၁၉၃၁-၃၂) ဖြစ်သကဲ့သို့  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ   (ဗ.က.သ) ဥက္ကဋ္ဌမှာ လည်း ဦးရာရှစ်ဖြစ်ခဲ့သည်။    ၎င်းတို့သည်  မြန်မာနိုင်ငံသား     မြန်မာမွတ်စလင် များ ဖြစ်သည်။


ရန်ကုန်တက္ကသိုလ်၏   အစဉ်အဆက် တာဝန်ယူခဲ့သည့် ပါမောက္ခချုပ်များစာရင်းကို ကြည့်လျှင်လည်း ဆရာကြီး ဦးဖေမောင်တင် ကို ပို၍ပင် ထဲထဲဝင်ဝင် သိကြမည်ထင်ပါသည်။ အကြောင်းမှာ ဆရာကြီး ဦးဖေမောင်တင်မှာ ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်သော်လည်း မြန်မာစာပေလောကတွင် စံပြပုဂ္ဂိုလ်တစ်ဦး ပမာ   များစွာအကျိုးပြုခဲ့သောကြောင့်ပင် ဖြစ်သည်။


စင်စစ် ရန်ကုန်တက္ကသိုလ် ဖြတ်သန်းလာ ခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း သမိုင်းခြေရာ များ၊ ပြယုဂ်များ၊ မှတ်တမ်းများစွာ ရှိနေသည် သာဖြစ်သည်။ အချို့သော သမိုင်းမှတ်တမ်း များသည် တိမ်မြုပ်သွားနိုင်သကဲ့သို့ အချို့သော   အမှတ်တရများမှာလည်း  မှတ်တမ်းများမှ ကြွင်းကျန်နိုင်ပေသည်။ သို့ဖြစ်ရာ အနာဂတ်တွင် ဖြစ်ထွန်းပေါ်ပေါက်လာမည့် လူငယ်များအတွက်   သမိုင်းမှတ်တိုင်များ များစွာ ကျန်ရစ်မနေမည်ကိုလည်း စိုးရိမ်မိ သည်။


ထိုအချိန်မှာပင်    တစ်ခေတ်တစ်ခါက ရန်ကုန်တက္ကသိုလ်ကြီးတွင် ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့သည့်  ဆရာကြီး ဦးကာ အကြောင်းကို  လူမှုကွန်ရက်တွင်  တစ်ပိုင်းတစ်စ တွေ့ရသည်။  သမိုင်းမှတ်တမ်းအဖြစ် ပျောက်ပျက်သွားမည်ကို     စိုးရိမ်မိ သည်။ သို့ဖြစ်၍ မီဒီယာစာမျက်နှာမှတစ်ဆင့် သမိုင်း စာမျက်နှာများ ပေါ်သို့     ခန့်ခန့်ထည်ထည် ရောက်ရှိလာစေချင်းငှာ မျှဝေတင်ပြလိုက်ရ ပါသည်။


ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အဖြစ်     တက္ကသိုလ်ကြီးအတွက် ပါမောက္ခချုပ်အဖြစ်   တာဝန်ထမ်းဆောင်ခဲ့သော     အစ္စလာမ်ဘာသာဝင်    ပါမောက္ခ ဆရာကြီး  ဦးကာ၏   အတ္ထုပ္ပတ္တိအား တင်ပြလိုက်ပါသည်။


မိဘမျိုးရိုး


ဦးကာသည် ၁၈၉၄ ခုနှစ် ဧပြီလ ၁၄ ရက် နေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မိဘ များမှာ  ဦးမြတ်ရှင်နှင့်  ဒေါ်ဘီတို့ဖြစ်သည်။ ဦးကာသည်        မင်းတုန်းမင်းတရားကြီး လက်ထက်အသုံးတော်ခံ မမစီ ညီမ မမဖီ၏ မြေးဖြစ်သည်။    အသုံးတော်ခံ   မမစီကို မင်းတုန်းမင်း တရားကြီးနှင့်   စကြာဒေဝီမိဖုရားကြီးတို့က အလွန် သဒ္ဓါ ယုံကြည်တော်မူကြသည်။     နန်းတော်တွင်း မိဖုရားများ၊ သားတော် သမီးတော်များ    ဝတ်ဆင်ရန် စိန်ထည်အမျိုးမျိုးနှင့်   မိုးကုတ်ကျောက်  အမျိုးမျိုးကို  အထည်ပြုလုပ်  ဆက်သွင်း ရသည်။


မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီ မိဖုရားကြီးတို့က မန္တလေးမြို့တွင် နန်းတော် ကျုံး၏ အနောက်ဘက် နန်းတော်ကို မျက်နှာ မူနေသော မြေနေရာအပါအဝင် မြေသုံးနေရာ ကို မမစီအား ပေးသနားတော်မူသည်။ မမစီကို မိဖုရားခေါင်ကြီးမှအစ   အခြားမိဖုရားများ၊ သမီးတော်များက   အလွန်ချစ်ခင်ကြသည်။ ၎င်းတို့အသုံး အဆောင်များ    အနည်းငယ် ဟောင်းနွမ်းလျှင်ပင်  မမစီအား  ပေးလိုက် သည်။ အချိတ်ထဘီများနှင့် ကျောက်မှန်တင်ခုံကြီးများ၊   သစ်စေးသုတ်၊   ဇာတ်စုံခြယ် အဝတ်အထည် ထည့်သည့်   ဂုံးသေတ္တာများ ပါဝင်သည်ဟု သိရသည်။


ပညာရေး
မမစီ၏   ညီမ  မမဖီ၏  မြေးတော်သူ ဦးကာသည်  ငယ်စဉ်က  ဗုဒ္ဓသာသနာ့နုဂ္ဂဟ ကျောင်း၊ မန္တလေးစိန့်ပီတာ အင်္ဂလိပ်အထက် တန်းကျောင်းတို့တွင်   ပညာဆည်းပူးသည်။ ငယ်စဉ်ကပင် ပညာချွန်သဖြင့် စကောလား ရှစ်ဆုများရသည်။  ၈-တန်း၊ ၉-တန်း၊ ၁၀-တန်းကို နှစ်နှစ်ဖြင့် ဖြေဆိုအောင်မြင်သည်။ ရန်ကုန်ကောလိပ်မှ   ဘီအေဂုဏ်ထူးဘွဲ့ကို ၁၉၁၈ ခုနှစ်တွင်ရရှိပြီး အမ်အေဂုဏ်ထူးဘွဲ့ကို ၁၉၂၁ ခုနှစ်တွင် ရရှိသည်။


နိုင်ငံတာဝန်များထမ်းဆောင်ခဲ့ပုံ
၁၉၁၈   ခုနှစ်တွင်   ဓာတုဗေဒဌာန၌ သရုပ်ပြဆရာအဖြစ် စတင်ထမ်းဆောင်သည်။ ထိုစဉ်တက္ကသိုလ် ကောလိပ်  ကျောင်းအုပ် ကြီးမှာ မက်သရူးဟန်တာ  ဖြစ်သည်။  ၁၉၂၃ ခုနှစ် တွင် လက်ထောက်ကထိက ဖြစ်လာ သည်။ ၁၉၂၃ ခုနှစ်တွင် ဘီအီးအက်စ်  (လက်ရွေး စင်တန်း) အဆင့်သို့  တိုးမြှင့်ခန့်အပ်ခြင်း ခံရ သည်။ ဆရာကြီးသည် ၁၉၂၆ မှ ၁၉၄၂ ခုနှစ် အထိ   ရန်ကုန်ကောလိပ်     ပဲခူးဆောင်  အဆောင်မှူး          တာဝန်ဝတ္တရားများ      ထမ်းဆောင်သည်။   ၁၉၃၅   ခုနှစ်တွင်   အမှုထမ်းကောင်းတံဆိပ်ရ   မင်းဘွဲ့ချီးမြှင့် ခြင်းခံရသည်။  ၁၉၄၆ ခုနှစ်တွင် ကထိက ရာထူးဖြင့်  ဘီအီးအက်စ်စီ (ပထမတန်း) သို့     ရာထူးထပ်မံ တိုးမြှင့်ခြင်း ခံရသည်။


၁၉၄၆ ခုနှစ်၌ပင် ပဲခူးဆောင် အဆောင် မှူး၊ တက္ကသိုလ်ကောလိပ်များ၏  အဆောင်မှူးချုပ် ဖြစ်လာသည်။ ၁၉၅၈ ခုနှစ် ဇွန်လတွင် အငြိမ်းစားယူခဲ့ပြီး   သင်္ချာဌာန  အချိန်ပိုင်း ကထိကတာဝန်  ထမ်းဆောင်သည်။  နိုင်ငံတော်    အစိုးရစာသင်ကျောင်း များတွင် အစ္စလာမ်ဘာသာဝင်    ကလေးသူငယ်များအတွက် အစ္စလာမ်ဘာသာ အခြေခံရရှိစေရန်နှင့် ဘာသာစာရိတ္တကြံ့ခိုင်စေရန် သင်ခန်းစာ အစီအစဉ်များ   ရေးဆွဲရန်နှင့်  အကြံ ဉာဏ် ပေးရန် အစိုးရက ကော်မတီတစ်ရပ် ခန့်အပ် ရာ   ထိုကော်မတီတွင်   ထိုစဉ်က ရန်ကုန် တက္ကသိုလ်ကထိကဆရာကြီး    ဦးကာကို ဒုတိယသဘာပတိအဖြစ် ခန့်အပ်တာဝန်ပေးသည်။ ထိုသို့ တာဝန်ပေး ခြင်းကို အများပြည်သူ တို့ သိရှိရန် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနခွဲ(၂)က ၁၉၅၃ ခု၊ ဧပြီလ ၉ ရက်   ရက်စွဲတပ်ပြီး  အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။


၁၉၅၈ ခုနှစ်မှ   ၁၉၆၀   ပြည့်နှစ်အထိ ကာလအတွင်း      ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်     သစ်တောရေး   ဝန်ကြီးဌာန၊  လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ် ခြင်း ခံရသည်။


၁၉၆၂ ခုနှစ်တွင်   ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တော်လှန်ရေးကောင်စီအစိုးရက တာဝန်ပေးအပ်သည်။ ပြည်ထောင်စုရာထူးအဖွဲ့ဥက္ကဋ္ဌ    (ယခု ပြည်သူ့ဝန်ထမ်း ရွေးချယ်ခန့်ထားရေးအဖွဲ့ဥက္ကဋ္ဌ)    တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ သည်။      
၁၉၅၄ ခုနှစ်   နိုဝင်ဘာလ  ၂  ရက်နေ့တွင် ဗမာမွတ်စလင်မ်ကွန်ဂရက်    (ဗမက)အဖွဲ့ ဖျက်သိမ်းပြီး   အစ္စလာမ်သာသနာ ရေးရာ ကောင်စီကို    ဖွဲ့စည်းရန်   ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းဝေးစဉ်      ဆရာကြီး     ဦးကာ အား  ဘဏ္ဍာရေးမှူးအဖြစ် အများက လျာထားသည်။
၁၉၅၄ ခုနှစ်  ဒီဇင်ဘာလ  ၅  ရက်နေ့တွင် ကနေဒီလမ်း၊   ဇိနတ်အစ္စလာမ်ယောက်ျား လေးများ ဂေဟာ၌ အစ္စလာမ်ကောင်စီ စတင် ဖွဲ့စည်းသည့်   အစည်းအဝေးသို့      ဆရာကြီး တက်ရောက်သည်။       ထိုအစည်းအဝေးမှ ဆရာကြီးသည်        စည်းမျဉ်း ရေးဆွဲရေး ကော်မတီဝင်အဖြစ် လည်းကောင်း၊ စာရင်းစစ် အဖြစ်လည်းကောင်း   ရွေးချယ်တင်မြှောက်ခံရသည်။ စတင်ဖွဲ့စည်း သည့် ထိုကာလမှစ၍ ဆရာကြီးသည်  အစ္စလာမ်သာသနာရေးရာ ကောင်စီတွင်    တောက်လျှောက်ပါဝင်ခဲ့သည်။


၁၉၅၈  ခုနှစ်၊   ဇူလိုင်လ   ၂၃   ရက်နေ့တွင် ဝန်ကြီးချုပ်၏    ပြည်ထောင်စုစီမံကိန်း ကောင်စီဌာနချုပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ  ကိုယ်စားလှယ်များ၏   ပဏာမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာတက်ရောက် ပါဝင်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင်ဆေးသိပ္ပံကျောင်းသားများ အသင်း     ကိုယ်စားလှယ်က မွတ်စလင် ကျောင်းသူ ကျောင်းသားများအတွက် သီးခြား ထမင်းစားရုံနှင့် သီးခြားကျောင်းဆောင်များ ရရှိရေး အကြံပေးသည်။ ဆရာကြီး ဦးကာက အတွေ့အကြုံရင့်ကျက်သူပီပီ     သီးခြား ကျောင်း ဆောင် တောင်းခံလျှင်မသင့်။ ယခင် သီးခြားထမင်းစားရုံနှင့် သီးခြားထမင်းချက်ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင်စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ် အတွေ့အကြုံများကို သာဓကဆောင်၍  အသေးစိတ်  ရှင်းလင်း ပြောကြားသည်။ ၁-၈-၁၉၅၈ ရက် မွတ်စလင် ကုန်သည်ကြီးများအသင်း၌     ကျင်းပသော အစည်းအဝေး တွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း   အောင်မြင်မှုရရှိပြီးဖြစ်ကြောင်း ဇူလိုင်လ  ၂၉ ရက်နေ့စွဲပါ   ကျောင်းဆောင် စားသောက်ရေး ကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ခ်ျ အက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချုပ်  ဆရာကြီး    ဦးကာ သည်  နိုင်ငံတော်တွင်   အဆင့်မြင့်ရာထူးကြီးများကို   တာဝန်ယူထမ်း ဆောင်သကဲ့သို့   တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကိုယ်စားပြုသော  ဘာသာရေးအသင်း အဖွဲ့များနှင့်လည်း   မကင်းကွာဘဲ   စိတ်ဝင်တစားပါဝင်ကြောင်း၊ ကူညီကြောင်း သိရှိရပါသည်။


သာယာသော လောကကြီးကို အစ္စလာမ် တရားတော်နှင့် ဖန်တီးနိုင်ကြောင်း မျှော်လင့် ယုံကြည်သည်။ ယုံကြည်ချက်ကို-“အချုပ်အားဖြင့် ဤစာအုပ်တွင် အလွန် နက်နဲ ကျယ်ဝန်းလှသည့် အစ္စလာမ်တရား တော်ကြီး၏ ကောက်နုတ် ချက်များဖြစ်သော အလွန်သေးငယ်သည့် အစိတ်အပိုင်းကလေး မျှကိုသာ ထည့်သွင်းဖော်ပြထားသော်လည်း ဖတ်ရှုသူများသည် ကိုယ်ကျင့်ဝတ်ကို ကောင်းစွာသိရှိ  ထိန်းသိမ်းတတ်၍၊  ပေါင်းသင်း ဆက်ဆံမှုအဆင်ပြေ၍ ကောင်းလာပြီးလျှင်    ယခုထက်များစွာ သာယာသော လောကကြီးကို ကူညီဖန်တီးနိုင် လိမ့်မည်ဟု မျှော်လင့် ပါသည်” ဟု အတွင်းဝန် သီရိပျံချီ ဦးဘစိန် (M.Sc,  B.C.S) စီရင် ရေးသားသည့်   “အစ္စလာမ် ဘာလဲ”   ကျမ်း အတွက်    နိဒါန်းအမှာစာ    ပေးပို့ရာတွင်  ဆရာကြီးက   ဖော်ပြထားသည်ကို   တွေ့ရှိ ရပါသည်။


မိသားစုဝင်များ
ဇနီးဖြစ်သူမှာ     ဒေါ်သိန်းရင်ဖြစ်ပြီး သားသမီးများအနက် သားဖြစ်သူ ဒေါက်တာ တင်မောင်မှာ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ပထမဦးဆုံး  ပါမောက္ခချုပ်အဖြစ်  တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။


ကွယ်လွန်ခြင်း
ဝန်ကြီးဟောင်း   ပါမောက္ခချုပ်   ဦးကာ သည် ၁၉၇၄  ခုနှစ်  မေလ  ၂၁ ရက်  အင်္ဂါနေ့ အသက် (၈၁)  နှစ်အရွယ်တွင်   ကွယ်လွန် ခဲ့ပါသည်။

ခင်မောင်ဌေး(ပညာရေး)

 

စာရေးသူ၏
ကိုယ်ရေးအကျဉ်း
--------------------
- အဘ  ဦးအေးမောင်၊   အမိ ဒေါ်ဇော်တို့မှ ၁၉၅၂  ခုနှစ်    ဒီဇင်ဘာလ  ၂  ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး   သာစည်မြို့၌ မွေးဖွားသည်။
- အမည်ရင်း  ခင်မောင်ဌေး  ဖြစ်သည်။
-  ၁၉၇၉ ခုနှစ်တွင် B.A မြန်မာစာနှင့် ဘွဲ့ရ ၍ ၁၉၈၂ ခုနှစ်တွင် B.Ed ဘွဲ့ရခဲ့သည်။ အထက်တန်းပြဆရာအဖြစ်   နှစ်ပေါင်း ၃၀ နီးပါး တာဝန်ထမ်းခဲ့သည်။
- ၁၉၇၃ ခုနှစ်တွင် စာပေနယ်သို့ရောက် သည်။ ၂၀၀၄  ခုနှစ်တွင်   ရန်ကုန်တွင် အခြေချကာ စာနယ်ဇင်း များတွင်  ယနေ့ တိုင် ခင်မောင်ဌေး(ပညာရေး) ကလောင် အမည်ဖြင့်   စာပေများ   ရေးသားလျက် ရှိသည်။
- ၂၀၂၀ပြည့်နှစ်တွင်   ကမာရွတ်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး  ယခုအခါ  ကမာရွတ် မြို့နယ်   စာကြည့်တိုက်များ   ကြီးကြပ်ရေးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသည်။
-  မြန်မာစာ     ချစ်မြတ်နိုးသူများအသင်း (ဗဟို)တွင်  ဒု- ဥက္ကဋ္ဌ(၃)အဖြစ် တာဝန်ယူ        ဆောင်ရွက် လျက်ရှိ သည်။