ရန်ကုန်တက္ကသိုလ်၏ ရင်သွေး ပညာရှာသူ ဝိုင်းကူပေးကြသူများ
(၁)
“မောင်ရင်လေး ထိုင်ကွာ”
ကျွန်တော်က ဆရာကြီးကို လက်အုပ်ချီ ကန်တော့ လိုက်ပြီး ထိုင်လိုက်၏။
"မောင်ရင်လေး ကိုယ့်ကိုသိလား”
“သိပါတယ် ခင်ဗျ။ ဆရာကြီးက ဆရာဇော်ဂျီပါ”
“ဒါဆို ကိုယ့်အကြောင်း မောင်ရင်လေး သိသလောက် ပြောစမ်းကွာ”
“ဆရာကြီးရဲ့ အမည်ရင်းက ဦးသိန်းဟန်ပါ။ ဖျာပုံ ဇာတိပါ။ ဆရာကြီးက ဒုတိယကမ္ဘာစစ် မတိုင်မီက ခေတ် စမ်းစာပေ လှုပ်ရှားမှုကို ဆရာမင်းသုဝဏ်၊ ဆရာသိပ္ပံ မောင်ဝတို့နဲ့အတူတူ စတင်လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးပါ။ ဆရာကြီးရဲ့ ပထမဆုံးကဗျာက “ပိတောက်ပန်း” ကဗျာပါ။ ၁၉၆၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ‘ဗေဒါလမ်း ကဗျာတွေ၊ ပြင်သစ်စာရေးဆရာကြီး ‘မိုးလျဲ’ ရဲ့ ပြဇာတ်ကို မှီငြမ်းရေးခဲ့တဲ့ ‘မဟာဆန်ချင်သူ’ ပြဇာတ်တို့၊ ၁၉၅၅ မှာ စာပေ ဗိမာန်ဆုရခဲ့တဲ့ ‘သခင်ကိုယ်တော်မှိုင်းဋီကာ’ တို့က နာမည်ကျော် လက်ရာတွေပါ။ ဆရာကြီးက အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်က စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ကိုရခဲ့ပြီး ၁၉၄၁ ကတည်းက ရန်ကုန် တက္ကသိုလ်ရဲ့ ပိဋကတ်မှူး ဖြစ်ခဲ့သူပါ”
ကျွန်တော်က ဆရာကြီးကို ကြည့်ကာ တတွတ်တွတ်ပြောနေသဖြင့် ဆရာကြီးက “တော်ပါပြီကွာ” ဟုဆိုကာ လက်ကာပြီး သူ၏ လက်ယာဘက်တွင် ထိုင်နေသူ ခပ်ပိန်ပိန်မျက်မှန်နှင့် ပုဂ္ဂိုလ်ဘက်ကို လက်ညှိုးထိုးပြကာ "သူ့ကိုရော သိလား”ဟု မေးပြန်သည်။
"သိပါတယ်။ ဆရာတိုက်စိုးပါ။ ဆရာကြီးကလည်း ဖျာပုံဇာတိပါပဲ။ ဆရာကြီးရဲ့ နာမည်ရင်းက ဦးသန်းထွတ်။ ဆရာကြီးရဲ့ မင်းတုန်းမင်းစာအုပ်၊ တိုက်စိုးစာတိုနံ့နံ့။ ဆရာမင်းယုဝေနဲ့ တွဲပြီး မြန်မာစာမိတ်ဖွဲ့တို့၊ “စာဆိုနဲ့ သုတေသီ” တို့ရေးခဲ့တာ ကျွန်တော် ဖတ်ဖူးပါတယ်။ ဆရာကလည်း အင်္ဂလန်နိုင်ငံမှာ စာကြည့်တိုက်ပညာ သင်ယူပြီး ရန်ကုန်တက္ကသိုလ်မှာ စာကြည့်တိုက်မှူး လုပ်ခဲ့သူပါ”
ကျွန်တော်ပြောတာတွေကို ဆရာဇော်ဂျီနှင့် ဆရာတိုက်စိုးတို့ဘေးတွင် ထိုင်နေသော အသားဖြူဖြူ၊ ဆံပင် တိုတိုနှင့် ပုဂ္ဂိုလ်ကြီးက သဘော ကျပြီး ပြုံးနေသည်။ ယခုထိုင်နေသော ဆရာကြီးများထဲတွင် သူက အသက်အငယ်ဆုံး ဖြစ်ပုံရ၏။ သူ့ကိုလည်း ဤတက္ကသိုလ်စာကြည့် တိုက်ကို လာတိုင်းတွေ့မြင်နေ၍ စာကြည့်တိုက်မှူး ဦးသော်ကောင်းမှန်း ကျွန်တော် သိနေသည်။
ကျွန်တော်က ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်က ၁၉၇၁ ခုနှစ်တွင် ပထမဆုံးဖွင့်လှစ်မည့် “စာကြည့်တိုက် ဒီပလိုမာဘွဲ့လွန်သင်တန်း” တက်ရောက်ခွင့်ရရန်၊ ယခု လူတွေ့စစ်ဆေးခံရန် ရောက်နေခြင်းဖြစ်၏။ ဤသင်တန်း ဖွင့်မည့်ကြော်ငြာကို လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် တွေ့ရှိစဉ်မှစပြီး ကျွန်တော် ရင်တွေခုန်နေ၏။ ဤသင်တန်းသို့ ကျွန်တော်က အလွန်တက်ချင်နေသည်။ ဘွဲ့တစ်ခုခုရပြီး မဟာဝိဇ္ဇာ သို့မဟုတ် မဟာသိပ္ပံ အရည် အချင်းစစ် အမှတ်မီသူများ လျှောက်ထားနိုင်သည်ဟု ဆို၏။ လျှောက်လွှာသွားတင်ပြီး ရေးဖြေစာမေးပွဲ ဖြေရာ ဝင်ရောက်ဖြေဆိုသူဦးရေ နှစ်ရာကျော်ရှိ၏။ ရေးဖြေအောင်စာရင်း ထွက်တော့ ကျွန်တော် အပါအဝင် ၄၂ ဦး အောင်သည်ကို သိရသည်။ ထိုအထဲကမှ လူတွေ့ နှုတ်ဖြေစာမေးပွဲဖြေပြီး သင်တန်းသား ၂၀ သာ ရွေးမည်ဆိုတော့ ရင်က တဒိတ်ဒိတ်။
ရေးဖြေစာမေးပွဲတုန်းကတော့ အတော်ပင်ဖြေနိုင်ခဲ့သည်ကို မိမိဘာသာမိမိသိ၏။ “မြန်မာဂန္ထဝင် စာအုပ် တစ်အုပ်ကို ဝေဖန်ချက်ရေးပါ" ဆိုသော မေးခွန်းပါလာရာ ကျွန်တော်က မကြာခဏ ဖတ်၍ အလွတ်လောက်နီးပါး ရနေသော ဆရာသိန်းဖေမြင့်၏ “အရှေ့က နေဝန်းထွက် သည့်ပမာ” စာအုပ်ကို ရွေးချယ်ကာ စာမျက်နှာ (၅) မျက်နှာ မျှပြည့်ပြည့်၀၀ ရေးချနိုင်ခဲ့၏။ နောက်တစ်ခါ မိမိအကြိုက် နှစ်သက်ဆုံး စာအုပ်တစ်အုပ်အကြောင်း ရေးပါဆိုသော မေးခွန်းကို လည်း ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ “သူလိုလူ” စာအုပ်အကြောင်းကို ကျွန်တော် အတော်စေ့စေ့ငှငှ ရေးပြနိုင်ခဲ့၏။ အင်္ဂလိပ်ဘာသာကိုလည်း ကျေနပ်လောက်စွာ ဖြေနိုင်ခဲ့သည်။ သို့သော် ရေးဖြေအောင်ပြီးသူ ၄၂ ဦး ထဲမှာမှ ၂၀ ပဲ ရွေးမည်ဆိုတော့ ကိုယ့်ထက်သာသူ မည်သူ တွေ မည်မျှပါမှန်းမသိ၍ အရွေးမခံရမှာ ကြောက်နေသည်။
နှုတ်ဖြေတွင် ကျွန်တော့်ကို ကယ်မည့်သူတစ်ဦး ပေါ်လာ၏။ သူက ဒေါ်ညွန့်မြင့်။ ဇမ္ဗူညွန့်ဟူ သော ကလောင် အမည်ဖြင့် ဝတ္ထုရေးနေသူ အမျိုးသားစာကြည့်တိုက်မှ စာကြည့်တိုက်မှူးကြီး။ သူက ကျွန်တော့်ကို သေသေချာချာ ကြည့်ပြီး မေးသည်။
“မင်းက ဆံပင်ရှည်ရှည်၊ မျက်မှန်ထူထူနဲ့ စာရေးဆရာ၊ ကဗျာဆရာပုံမျိုးပဲ။ စာတွေဘာတွေကော ရေးလို့လား”
ဤမေးခွန်းကျမှ ကျွန်တော့်အကွက် ဝင်သွားသည်။ ကျွန်တော်က ဘွဲ့မရခင်ကပင် လုံးချင်း စာအုပ် သုံးအုပ် ရေးပြီးသူ။ ယခုလည်း မိုးဝေမဂ္ဂဇင်း၊ ရှုထောင့်ဂျာနယ်တွင် ပြဇာတ်များ၊ ဆောင်းပါးများ၊ ဘာသာပြန်များ ရေးနေသူ။ ကလောင်အမည် “ဟိန်းလတ်” ဖြစ်ကြောင်း ပြောပြသည်။ ထိုအခါမှ ထိုင်နေသူတစ်ဦးထဲမှ တစ်ဦးဖြစ်သော ဆရာ မင်းကျော်က “ဟိန်းလတ် က ခင်ဗျားကိုး၊ ကျွန်တော် ဖတ်ဖူး တယ်”ဟု ဝင်ပြောသည်။ ဆရာမင်းကျော်က မိုးဝေမဂ္ဂဇင်းမှ ဆရာနတ်နွယ်နှင့် မိတ်ဆွေ၊ မိုးဝေ ဝိုင်းတော်သားပင် ဖြစ်သည်။ သူကလည်း အိန္ဒိယနိုင်ငံမှ စာကြည့်တိုက် ပညာ သင်ယူလာသူဖြစ်၍ ယခု နှုတ်ဖြေစာမေးပွဲတွင် လာရောက် စစ်ဆေးပေး နေသူဖြစ်၏။
နောက်ဆုံးတွင် ဆရာဇော်ဂျီက “ကဲ မောင်ရင်လေး အောင်ပြီလို့သာ မှတ်လိုက်ကွာ။ စာကြည့် တိုက်ပညာကို ကောင်းကောင်းသင်"ဟု ပြောလိုက်သဖြင့် ကျွန်တော်က နှုတ်ဖြေမေးသူ ဆရာကြီး၊ ဆရာမကြီးအားလုံးကို နှုတ်ဆက် ဂါရဝပြုကာ အခန်းထဲမှ ထွက်ခဲ့သည်။ စာကြည့်တိုက် ပညာဌာနကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ၁၉၇၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ် ပညာသင်နှစ်မှစ၍ သင်တန်းများ စဖွင့်သည်။ သင်တန်းစဖွင့်သည့် ပထမသုတ် တွင်ပင် ကျွန်တော် သင်တန်းတက်ခွင့်ရခဲ့သည်။
၁၉၇၀ ပြည့်နှစ်တွင် ဘွဲ့တစ်ခုရပြီးနောက် ရန်ကုန်ဆိပ် ကမ်းကော်ပိုရေးရှင်းတွင် ဝင်လုပ်၏။ ဘွဲ့ရဆိုသော်လည်း အလုပ်ဝင်စတွင် ယာယီ နေ့စား အလုပ်သမားအဖြစ် စလုပ် ရသည်။ လုပ်ခက တစ်နေ့ကို သုံးကျပ် ပြားရှစ်ဆယ်။ မြန်မာ တစ်နိုင်ငံလုံးတွင် ထိုအချိန်က ယာယီ နေ့စားဝန်ထမ်းတွေက တစ်နေ့လုပ်အားခ သုံးကျပ် တစ်ဆယ့်ငါးပြား ရနေချိန်တွင် ဆိပ်ကမ်း ကော်ပိုရေးရှင်းက သုံးကျပ် ပြားရှစ်ဆယ် ပေးတာက တော်တော်များနေပြီ။ ထိုအချိန်က ဒံပေါက်တစ်ပွဲကို ဆိတ်သားနှင့် တစ်ကျပ်၊ ကြက်သားဖြင့် တစ်ကျပ် နှစ်ဆယ့်ငါးပြား၊ ကြေးအိုးပွဲကြီးတစ်ပွဲကို တစ်ကျပ်ခွဲ ဖြစ်သဖြင့် မိဘများထံ ပိုက်ဆံပြန်မပေးရသော ကျွန်တော့်အဖို့ နေ့တိုင်း ဒံပေါက်စားလိုက်၊ ကြေးအိုးသောက်လိုက်၊ လက်ဖက်ရည် သောက်လိုက်ဖြင့်ပင် နှစ်ကျပ်လောက်သာ ကုန်ရာ နောက်ထပ် လက်ကျန်ပိုက်ဆံနှစ်ကျပ်ကို အတော်သုံးရသဖြင့် ညနေဘက် သူငယ်ချင်းများနှင့်ဆုံတော့ ဒကာခံရသည်။ လုပ်အားပေး (၆) လ ကျော်တော့ ကျွန်တော် လက်ထောက်ဆိပ်ကမ်းမှူးရာထူးရသည်။ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ကက်ဦးထုပ်အဖြူ၊ ပခုံး ထောက်မှာ ရွှေရောင်ရွက်လှေတံဆိပ်နှင့်။ လစာက ၁၂၆ ကျပ်။ နောက်တစ်နှစ်လုပ်ပြီးလျှင် ဆိပ်ကမ်းမှူး ရာထူးရ၏။ ရှေ့ဆက်၍လည်း တက်လမ်းတွေက အဆင့်ဆင့်။ ဘွဲ့ရတစ်ဦးအဖို့ သုံးနှစ်အတွင်း လက်ထောက်ကုန် ဝန်ထောက် (Assistant Traffic Manager) ဖြစ်ရန် ကျိန်းသေသည်။ သို့သော် ဤအလုပ်ကို ကျွန်တော် မပျော်ပိုက်။ အထူးသဖြင့် သင်္ဘောပေါ်မှ ချသောပစ္စည်း များကို ချိန်ခါမလပ်၊ မျက်စိဒေါက်ထောက် စစ်ဆေးနေရ သည်။ လုပ်ကိုင်နေသော အလုပ်သမားက တစ်ထောင် ကျော်။ ဂိတ်နံပါတ် (၃) နှင့် (၅) မှနေ၍ အပြင်သို့ ပစ္စည်း ထုတ်ကြရာတွင် လမ်းတွင် အဆင့်ဆင့်ကို ဖြတ်သန်းရသဖြင့် ပစ္စည်းအပျောက်အရှများ က နေ့စဉ်လိုလို ရှိနေတတ်၏။ ထိုအချိန်က နိုင်ငံပိုင်ပစ္စည်းတစ်ခုခု ပျောက်ဆုံးခဲ့လျှင် တာဝန်ရှိ သူများသည် ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်မှုကို ဖျက်ဆီးသည်ဆိုကာ ပုဒ်မ-၆(၁) ဖြင့် ချက်ချင်း အဖမ်းခံရသည်။ အာမခံမရ။ အကယ်၍ ကျွန်တော် တာဝန်ကျနေချိန်တွင် အလုပ်သမားတစ်ဦးဦးက နိုင်ငံခြားသင်္ဘောပေါ်မှချသော အစိုးရပစ္စည်းတစ်ခုခု ပျောက်ဆုံးခဲ့လျှင် ကျွန်တော် အပါအဝင် ထိုနေ့က တာဝန် ကျသူအားလုံး အဖမ်းခံရမည်။ မိမိက မခိုးလည်း တစ်ယောက်ယောက်က ခိုးသွားလျှင်လည်း မိမိတာဝန်ပင်။ ထို့ကြောင့် နေ့စဉ်အလုပ်လုပ်ရသည်မှာ သည်းထိတ် ရင်ဖို၊ ဟိုဆိပ်ကမ်းမှူးတော့ဖြင့် ပါသွားပြီ၊ ဟိုနေ့က ပစ္စည်းပျောက်မှုနဲ့ သက်ဆိုင်ရာက လာခေါ်သွားပြီတဲ့ဆို သော သတင်းတွေ နေ့စဉ်လိုလို ကြားနေရ၏။ ဘယ်နေ့ ကိုယ့်အလှည့်ရောက်မလဲ။ ထို့ကြောင့် အလုပ်လုပ်ရတာက စိတ်မလုံ။ ထိုအချိန်တွင် သတင်းစာ ထဲမှ စာကြည့် တိုက်ပညာဒီပလိုမာသင်တန်းခေါ်တော့ အတော်ပဲဖြစ်သွားသည်။ ဤသင်တန်း ပြီးလျှင် စာကြည့်တိုက်မှူး လုပ်ရမည်။ မိမိဝါသနာပါသော စာအုပ်များကြားတွင် မွေ့လျော်ပြီး စိတ်အေးချမ်းသာနေရမည့်အလုပ်။ ထို့ကြောင့် တက်လမ်းအလွန် ရှိသော ရာထူးကို သံယောဇဉ် ချက်ချင်းဖြတ်ကာ စာကြည့်တိုက်နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။
(၂)
အဓိပတိလမ်းမကြီးဆုံးအောင် လျှောက်ဝင်ခဲ့ကာ ဘွဲ့နှင်းသဘင်ခန်းမကြီးသို့ မရောက်မီ လက်ဝဲဘက် လမ်းခွဲ လေးတစ်ခုကို ချိုးဝင်လိုက်လျှင် အစွန်းထွက်နေ သော အဆောင်သည် ဒဿနိကဗေဒဌာနအဆောင် ဖြစ်၏။ ဒဿနိကဗေဒဌာန၏ စာသင်ခန်းများထဲမှ စာသင်ခန်း A3 နှင့် A4 တွင် ကျွန်တော်တို့ “စာကြည့်တိုက် ပညာ ဒီပလိုမာ”သင်တန်းတည်ရှိ၏။ ကျွန်တော် တို့ကို လာရောက်သင်ယူပေးသော ဆရာများက တကယ့်ထိတ် ထိတ်ကြဲ ပညာရှင်ကြီးတွေ။ ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ ဦးသန်းထွတ် (ဆရာတိုက်စိုး)၊ ဆရာဦးသော်ကောင်း၊ ဆရာမ ဒေါ်ညွန့်မြင့် (ဇမ္ဗူညွန့်)၊ ဆရာဦးကျော်ဆွေ (မင်းကျော်)၊ ဆရာဦးမောင်မောင် (စိုးမှူး)၊ ပြည်သူ့ ဝန်ထမ်းရေးရာဌာနမှ ဆရာဦးတိုးအောင်၊ ကမ္ဘာအေးဗုဒ္ဓ တက္ကသိုလ်မှ ဆရာ ဦးထွန်းအောင်၊ တက္ကသိုလ် စာကြည့်တိုက်မှ ဒေါ်ခင်ခင်အုန်း၊ ဆေးသုတေသနဌာနမှ ဒေါ်ခင်သက်ထား စသဖြင့်။
အထူးသဖြင့် ကျွန်တော်က စာပေသမားဖြစ်ရာ ဆရာဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာမင်းကျော်တို့ ထံမှ အဖိုးတန်ပညာများကို နာကြားသင်ယူခွင့်ရ သဖြင့် သင်တန်းကို အထူးတန်ဖိုးထားခဲ့သည်။ အားလပ်ချိန်တွင် ဆရာဇော်ဂျီ၏ အိမ်ရှိရာ ရွှေတောင်ကြားရပ်ကွက်သို့သွား၍ မြန်မာစာပေ သမိုင်းနှင့်ပတ်သက်၍ သိလိုရာတွေ မေး၏။ ဆရာဇော်ဂျီ၏ဇနီး ဆရာမကြီး ဒေါ်စောရင်နှင့်ပါ ခင်မင်ပြီး စားအိမ်သောက်အိမ်ပမာ ဖြစ်ခဲ့ရ၏။ ဆရာ ဇော်ဂျီ ကြီးကြပ်လုပ်ဆောင်နေသော JBRS ခေါ် “မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်” တွင် ဝင်ရောက်လုပ်အားပေးသည်။
ထိုဂျာနယ်ကို သုတေသနပညာရှင် ဦးမောင်မောင်ကြီး (ငြိမ်းကျော်)နဲ့ ဦးမြင့်ဆွေ (တင်ဆွေမိုး) တို့က ကူညီပံ့ပိုး လုပ်ဆောင်နေချိန်ဖြစ်သည်။ ဆရာတိုက်စိုးရှိရာ စမ်းချောင်းအိမ်သို့ သွားသည်။ ဆရာ့ဇနီး တက္ကသိုလ် မြစိမ်းကလည်း “တိုင်းမင်းကြီးသမီး”၊ “ညွှန်ကြားရေးမှူး ချုပ်ကတော်” ဝတ္ထုများဖြင့် ကျော်ကြားနေချိန်ဖြစ်သည်။ ဆရာတိုက်စိုးက အလွန်အေးသည်။ စကားနည်း၏။ ပညာရှိဆိုတာ “တီးမှ မြည်သည့် စည်တော်” ဟူသော ဆိုရိုးစကားအတိုင်း သူ့ကို စစ်စစ် ပေါက်ပေါက်မေးမှ ဖြေတတ်သည်။ ဆရာ့ထံမှ စာပေဗဟုသုတများအပြင် ရှေးဟောင်းသုတေသန ဗဟုသုတတွေပါ တစ်ပုံကြီးရသည်။ ဆရာမင်းကျော်က ရန်ကင်းမှာနေသည်။ သို့သော် မိုးဝေမဂ္ဂဇင်းတိုက်ရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း (၁၁၀) သို့ မကြာခဏလာ၍ ကျွန်တော်နှင့် မိုးဝေမဂ္ဂဇင်းမှာ ဆုံကြ၏။ ထိုစဉ်က “နေနတ်မင်း” ဟူသော အုပ်စုက စာပေ လောကတွင် နာမည်ကြီး၏။ “တော်လှန်စာပေ” ဟု သူတို့သုံးဦးက ကြွေးကြော်ရင်းဖြင့် မြန်မာ စာပေလောကတွင် တော်လှန်စာပေတစ်ခေတ် ထွန်းကားခဲ့၏။ ထို “နေနတ်မင်း” က ဆရာ မောင်နေဝင်း၊ ဆရာနတ်နွယ်နှင့် ဆရာမင်းကျော်တို့ ဖြစ်ကြသည်။ သူတို့ “တော်လှန် စာပေ”နောက်ပိုင်းတွင် “တော်လှန်ကဗျာ” စာအုပ်ကလည်း မှတ်တိုင်တစ်ခု ဖြစ်ခဲ့၏။ “တော်လှန်စာပေ”၊ “တော်လှန် ကဗျာ” အုပ်စုတို့ထဲတွင် ၁၉၇၂-၇၄ ကာလ ကျွန်တော်တို့ လည်း ပါဝင်ကျင်လည်ခဲ့၏။ ကျွန်တော်တို့ စာကြည့်တိုက်ပညာ ဒီပလိုမာသင်တန်း ပထမအသုတ်တွင် တက်ရောက်သူ ၁၉ ဦးရှိ၏။
မိန်းကလေးကျောင်းသူများထဲမှ မေကြည်ဝင်းကား အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ယောက်ျား ဆန်၏။ သူနှင့် တစ်တန်းလုံးက မောင်နှမတွေသဖွယ် ချက်ချင်း ခင်မင်သွားသည်။ (နောက်ပိုင်း အမေရိကန်တွင် စာကြည့်တိုက်မှူး လုပ်ရင်း ကွယ်လွန်သွား၏) မစိုးငြိမ်းက အနေအေး၏။ သူ့အဖေရော သူ့အမေရောက ကျွန်တော် လေးစားကြည်ညိုသော စာရေး ဆရာကြီး ဆရာတက်တိုးနှင့် ဆရာမနုယဉ်၊ သူ့အစ်ကို သိပ္ပံမင်းကြည်ရော၊ သူ့မောင် ကိုဒွေးအောင်ရောနှင့်က သူငယ်ချင်းတွေ၊ သူက ပြည်သူ့ လွှတ်တော် စာကြည့်တိုက်တွင် စာကြည့်တိုက်မှူး လုပ်ခဲ့၏။ မူမူသန့်ကလည်း မေကြည်ဝင်းနှင့် သိပ်မခြားနား။ ယောက်ျား ဆန်ဆန်။ သူက ပျော်တတ် နောက်တတ်သည်။ “ဒေါ်လှကြည်”ကမူ ဆေးသုတေသနမှ စာကြည့်တိုက်မှူး ဖြစ်၏။ ခင်ခင်မြင့်က မကွေးကလာသူဖြစ်သည်။ သူကလည်း အမြဲပြုံးပြုံးလေး၊ အေးအေးလေး။ မကွေးတက္ကသိုလ် စာကြည့်တိုက်မှူးအဖြစ်မှ အငြိမ်းစားယူ သွားသည်။ ကျွန်တော်က နောက်ဆုံးတန်းတွင် ထိုင်၏။ ကျွန်တော့်ဘေးက ကိုဝင်းတင်။ သူက စစ်တက္ကသိုလ် နောက်ဆုံးနှစ်ရောက်ပြီး လက်တွေ့ဗုံးခွဲလေ့ကျင့်ရာတွင် လက်ထိခိုက်သွားသဖြင့် ဗိုလ်လောင်းဘဝမှ နုတ်ထွက်ခဲ့ရ သူဖြစ်၏။ သူက တပ်မတော်မော်ကွန်းတိုက်မှာ တာဝန် ထမ်းဆောင်နေရင်း ကျောင်းလာတက်သူ။ သူကသမိုင်းကို အတော်နှံ့စပ် သူဖြစ်၍ သူ့ဆီက ကမ္ဘာ့သမိုင်း၊ မြန်မာ့ သမိုင်း ဗဟုသုတများ တော်တော်သိရသည်။ (ပဲခူးတိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အငြိမ်းစား)။ သူ့ဘေးမှာက သိန်းဌေး။ သူက မုံရွာသား။ ပျော်တတ် နောက်တတ်သည်။ ကျောင်းစာကို သိပ်ဂရုမစိုက်။ ထို့ကြောင့် သူစာမေးပွဲ ကျရှုံးသွားသည်။ သို့သော် နောက်ပိုင်း ချင်းတွင်းမဂ္ဂဇင်းတွင် “ပြေလွင်” ကလောင် အမည်ဖြင့် သူရေးသော ဆောင်းပါးများ ဖတ်ရသည်။ ရသလည်းမြောက်၊ အတွေးလည်း နက်၏။ ယခုတော့ သူ ကွယ်လွန်သွားရှာပြီ။ ကျွန်တော့်ခုံတန်းရှေ့တွင် ကိုအေးကြူ၊ ကိုအောင်လှ၊ ကိုဝင်းအောင်တို့ ထိုင်သည်။ ကိုအေးကြူက ခပ်ဝဝ၊ အရပ်ပုပု၊ အသားဖြူဖြူ၊ အမြဲပြုံးနေ သည်။ သူက ဇီးကုန်း ဇာတိဖြစ်ပြီး တပ်မတော် မော်ကွန်း တိုက်တွင် အရပ်သား ဗိုလ်မှူးတာဝန် ထမ်းဆောင်ခဲ့၏။ ယခု သူကွယ်လွန်သွားရှာပြီ။ ကိုအောင်လှကတော့ စမ်းချောင်းတွင် အင်္ဂလိပ်စာတိကျ ဦးအောင်လှဟူ၍ ကျူရှင်ပြတာ နာမည်ကျော်နေပြီ။ နေ့ရော၊ ညရော အတန်းစုံ ရှင်းပြပြီး မနက်ပိုင်း ကမန်းကတန်း ကျောင်းလာတက်တော့ အတန်းထဲရောက်လျှင် အမြဲအိပ်ငိုက် နေတတ်သည်။ သူက နောက်ပိုင်း အမေရိကန်နိုင်ငံ VOA အသံလွှင့်ဌာနသို့ သွားရောက် လုပ်ကိုင်ကာ ယခုလည်း အမေရိကတွင်ပင် နေထိုင်လျက်ရှိ၏။ ကိုအောင်လှ ဘေးမှထိုင်သူ ကိုဝင်းအောင် ကတော့ အတန်းသား များထဲမှာ အငယ်ဆုံး။ သူက ရန်ကင်း မြို့နယ်တွင် စာကြည့်တိုက် တည်ထောင်ထားသူဖြစ်သည်။ လူသာငယ်သော်လည်း စာအတော်ဖတ်သည်။ အထူးသဖြင့် ထိုစဉ်ကတည်းက အင်္ဂလိပ်စာအုပ်များ ဖတ်သူ။ သူက ပထမ နိုင်ငံတော်ကောင်စီတွင် စာကြည့်တိုက်မှူးလုပ်ရာ က အုပ်ချုပ်ရေးဘက်ပြောင်းသွားကာ ကယားပြည်နယ် အုပ်ချုပ်ရေးမှူး (ပြည်နယ်မင်းကြီး)၊ အငြိမ်းစားယူခါနီး တွင် ညွှန်ကြားရေးမှူး၊ ယခုတော့ သူရော၊ ကျွန်တော်ရော၊ ကိုသိန်းလွင်ရောက မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းတွင် ဗဟိုအလုပ်အမှုဆောင်များအဖြစ် တာဝန်ယူနေကြ၏။ ကိုသိန်းလွင်ကတော့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီတက္ကသိုလ်မှ စာကြည့်တိုက်ပညာ မဟာဘွဲ့ယူခဲ့ကာ စာကြည့်တိုက်နှင့် သုတပညာ ဌာနတွင် ပါမောက္ခ/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၏။ သူက စကား ပြောလျှင် ဟာသမပါဘဲ မပြောတတ်။ ဘာပဲ ပြောပြော ရယ်စရာမပါလျှင်မပြီး။ သူစာသင်လျှင်လည်း တပည့်များက တဝါးဝါး ရယ်နေရသည်။ ရှေ့ဆုံးတန်းမှာ ထိုင်ပြီး စာကြိုးစားသူ ကတော့ ရခိုင် တိုင်းရင်းသား ကိုထွန်းသာအောင်။ စကားပြောလျှင် အထစ်အထစ်နှင့်။ အလွန်သဘော ကောင်းသူဖြစ်၏။ ပညာရေးတက္ကသိုလ် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန် သွားရှာပေပြီ။ အတန်းထဲတွင် အသက်အကြီးဆုံးက ဦးညွန့်မောင်။ သူက မန္တလေး တွင် စင်္ကြာသီဟ၊ ဓမ္မာစရိယ ဘွဲ့တွေရခဲ့၍ ရဟန်းဘဝမှ ထွက်ကာ တက္ကသိုလ်တက် ဘီအေ ဘွဲ့ယူခဲ့သူဖြစ်၏။ ကျွန်တော်တို့ အသက်နှစ်ဆယ် အရွယ်တွေထဲတွင် သူက အသက် လေးဆယ်လောက် ဖြစ်နေပြီ။ ယခုတော့ ၂၀၁၉ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင် “မောင်မောင်ညွန့်” (မန်းတက္ကသိုလ်)ပင် ဖြစ်နေပြီ။ ပါဠိစာပေနှင့် ပေပုရပိုက် ပညာရှင် ဖြစ်၏။
အတန်းထဲမှာ လူကောင်အသေးညှက်ဆုံးနှင့် အသံအကျယ်ဆုံးမှာ မန္တလေးမှလာသော ဉာဏ်ထွန်းဖြစ်၏။ နေရာတကာဝင်ပါ ဆရာလုပ်တတ် သဖြင့် သူ့ကို “ဉာဏ် ကျယ်လေး” ဟု ခေါ်သည်။ ကိုသိန်းလွင်နှင့် သူက အတွဲညီ၏။ တက္ကသိုလ်လူရွှင်တော်များပေါ့။ သူက နောက်ပိုင်း မန္တလေးတက္ကသိုလ်၏ စာကြည့်တိုက်မှူးကြီး ဖြစ်သွားသည်။ အငြိမ်းစားယူပြီးတော့ ILBC တွင် စာကြည့်တိုက်မှူး ဆက်လုပ်၏။ အမြဲတမ်း ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြုံးကြီး နေတတ်သူက မင်းမောင်တိုး။ (နောင်ကျတော့ နိုင်မောင်တိုး) သူက မွန်တိုင်းရင်းသား။ အမျိုးသားမော်ကွန်း တိုက်၏ ညွှန်ကြားရေးမှူး၊ မွန်လူကြီး၊ သင်္ကြန်ဆိုလျှင် ရွှေတိဂုံ ဘုရားလမ်းရှိ မွန်ဓမ္မာရုံတွင် သူတို့ကျွေးသော သင်္ကြန်ထမင်း ဟင်းများ သွားစားရသည်ကို မှတ်မိသေး၏။ နောက်ထပ် သင်တန်းသားများဖြစ်ကြသော ကိုမြညွန့်၊ ကိုကျော်မြ၊ ကိုထွန်းလွင် စသူတို့ကိုကား ကျောင်းဆင်းပြီး နောက်ပိုင်း အဆက်ပြတ်သွားသည်မှာ ယခုထိဖြစ်၍ ဘယ်နေရာ ဘယ်စခန်း ရောက်နေသည်ကို မသိရ။ ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ် (မန္တလေး)၊ စိုက်ပျိုးရေး တက္ကသိုလ် (ရေဆင်း)၊ မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ စသည် တို့တွင် စာကြည့်တိုက်မှူး အဖြစ် ၂၆ နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ၁၈ နှစ်။ Skynet ရုပ်မြင်သံကြားတွင် အထွေထွေမန်နေဂျာ ခြောက်နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စာကြည့်တိုက်ပညာသင်တန်းမှ ဘွဲ့တစ်ခုရဖို့ကလည်း တော်တော်မလွယ်။ ဝင်ခွင့်စာမေးပွဲ ရေးဖြေ၊ နှုတ်ဖြေဖြေခဲ့ရ။ ပြီးတော့ စာတွေ့ တစ်နှစ်သင်တန်းတက်။ ပြီးတော့ စာကြည့်တိုက်ကြီး များတွင် လုပ်ငန်းခွင် လက်တွေ့သင် တန်းဆင်း၊ ပြီးတော့ စာတမ်းတစ်ခုခုပြု။ ရေးဖြေ စာမေးပွဲ ဖြေပြီးလျှင် ဘွဲ့ရရန် နှုတ်ဖြေစာမေးပွဲ ထပ်ဖြေရ။
ကျွန်တော်က နဂိုကပင် စာရေးဆရာကြီး ဒဂုန်တာရာနှင့် ခင်မင်ရင်းစွဲရှိသည်ဖြစ်၍ “ဒဂုန်တာရာ စာစုစာရင်း” ကို ပြုစုပြီး စာတမ်းတင်၏။ ဆရာဒဂုန်တာရာ နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဟာမစ်တစ် (ယခု မဟာစည် ကျောင်းလမ်း) အနီးမှ အိမ်သို့ မကြာခဏ သွားရသည်။ ဆရာနေတာက ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း အိမ်ဖြစ်၏။ စာတမ်းရေးရန် အကြောင်းပြုပြီး ဆရာဒဂုန်တာရာနှင့် မကြာခဏတွေ့ရ၍ သားအဖသဖွယ် ခင်မင်ရင်းနှီးမှု ပိုပြီးရခဲ့သည်။
ဆရာဒဂုန်တာရာ ရေးသမျှ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး များ၊ လုံးချင်းဝတ္ထုများ အကုန်လုံး ကျွန်တော်ဖတ်ရသည်။ ပြီးတော့ ဆရာဒဂုန်တာရာနှင့် ဆွေးနွေးမေးမြန်းရသည်။ ဤသို့ဖြင့် လုံးဝဥဿုံ ပြည့်စုံသော စာတမ်းတစ်ခု ရေးသားပြီးစီးခဲ့၏။ ထိုစာတမ်းကို စာကြည့်တိုက်ပညာ ဌာနသို့ တင်ရ၏။ ဤတစ်ခါတွင်လည်း စာတမ်းများကို ဆရာဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာဦးသော်ကောင်း၊ ဆရာဦးမောင်မောင်တို့က ဖတ်ပြီး လူတွေ့ ထပ်စစ်ဆေးပြန်သည်။ ဆရာဇော်ဂျီက ကျွန်တော့်ကိုတွေ့တော့ “ကိုဌေးမြိုင် (ဆရာဒဂုန်တာရာ) စာတမ်း မောင်ရင် လေးရေးတာ တော်တော်စုံ ပါတယ်။ ကိုဌေးမြိုင်လည်း မျက်လုံးမကောင်းဘူး။ မောင်ရင်လေးလည်း မျက်မှန်အထူကြီးနဲ့ မျက်လုံးကောင်းပုံ မပေါ်ဘူး၊ စာကြည့်တိုက် များမှာ ရေရှည်လုပ်ရမှာမို့ မျက်လုံးကို ဂရုစိုက်ကွ”ဟု ဆိုဆုံးမခဲ့သည်ကို ကျွန်တော် မည်သည့် အခါမှ မမေ့ပါ။ ထိုစဉ်က ဆရာဇော်ဂျီက အသက် ၇၀ နီးပါး ရှိပြီ။ မျက်မှန် လုံးဝမတပ်။
စာကြည့်တိုက်ပညာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ပထမဆုံးပေးသော ဘွဲ့ကိုရရှိခဲ့ကြ၍ ကျွန်တော် တို့ များစွာဝမ်းသာဂုဏ်ယူ ကြပါသည်။ ထို့နောက် မြန်မာတစ်ပြည်လုံးရှိ တက္ကသိုလ် ကောလိပ် စာကြည့်တိုက်များ အသီးသီးတွင် စာကြည့်တိုက်မှူးတာဝန်များကို ထမ်းဆောင်ကြ၏။ “ပညာရှာသူ တို့ဝိုင်းကူ” ဆိုသော စာကြည့်တိုက် ပညာ၏ ဆောင်ပုဒ်နှင့်အညီ စာအုပ်ရှာဖွေ ဖတ်ရှုလိုသူများအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရင်း ပီတိကို စားနေကြရသည်။ နိုင်ငံတကာခေတ်မီ စာကြည့်တိုက်များမှာတော့ ကွန်ပျူတာအွန်လိုင်းစနစ်၊ ဒစ်ဂျစ်တယ်စနစ် များဖြင့် စာအုပ်ရှာပေးကြတာများ၏။ ကျွန်တော်တို့ မြန်မာနိုင်ငံရှိ စာကြည့်တိုက်အများစု ကတော့ စာအုပ်စင် များကြားတွင် ချွေးတလုံးလုံးနှင့် “စေတနာ” အရင်းခံပြီး စာဖတ်လိုသူတွေကို ဝိုင်းကူနေကြ၏။ ထို့ကြောင့် “ကွန်ပျူတာနှင့် စေတနာ” ဆိုသော ဆောင်းပါးတစ်ပုဒ်ပင် ကျွန်တော် ရေးခဲ့ဖူး၏။
(၃)
၂၁ ရာစုတွင် စာကြည့်တိုက်ဆိုသည်မှာ စာအုပ် စာတမ်းများကို ရွေးချယ်ဝယ်ယူစုဆောင်းကာ စာဖတ်သူ များအတွက် စာအုပ်ငှားသည်ဟု ဆိုသော ရည်ရွယ်ချက်များထက် ပိုနေပါပြီ။ စာအုပ် ငှားရုံသာမက စာကြည့်တိုက် ဝန်ဆောင်မှုများက ပိုမိုများပြားလာသည်။ စာကြည့်တိုက် သို့ လာသူများ၏ “လိုအပ်ချက်နှင့် လိုလားချက်” (Wants and Needs) ကို ဖြည့်ဆည်းပေးရန် တာဝန်ရှိလာ၏။ “စာကြည့်တိုက်မှူး” (Librarian) ဆိုသော အခေါ်အဝေါ် မှနေ၍ “သတင်း အချက်အလက် ကျွမ်းကျင်သူ” (Information Specialist)၊ “သတင်းအချက်အလက် ဖလှယ်သူ” (Information Broker)၊ “ဒေတာစီမံခန့်ခွဲသူ” (Database Manager) ဟူ၍ပင် “ပညာရှာသူ ဝိုင်းကူသူ” အမည်မျိုးစုံ ခေါ်တွင်နေကြပါပြီ။
၁၉၇၁ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်က စတင်မွေးဖွားပေးခဲ့သော “စာကြည့်တိုက် ပညာဌာန” သည် ၁၉၉၇ ခုနှစ်တွင် “စာကြည့်တိုက်နှင့် သုတပညာ ဌာန” ဟူ၍ ချဲ့ထွင်ဖွင့်လှစ် နိုင်ခဲ့၏။ ထိုဌာန၏ ပါမောက္ခ/ ဌာနမှူးအဖြစ် တာဝန်ယူသော ဆရာကြီး ဒေါက်တာ သော်ကောင်းသည် မြန်မာစာကြည့်တိုက်လောက ရေရှည်ဖွံ့ဖြိုးရေးအတွက် တန်ဖိုးမဖြတ် နိုင်သော ကျေးဇူးရှင် ပဲ့ကိုင်ရှင်ကြီးပင် ဖြစ်ပါသည်။ ယခုအခါ “ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာ” ဌာနကြီးသည် နှစ်ပေါင်းငါးဆယ်နီးပါး အခါသမယတွင် စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ရသူ ၈၁၂ ဦး၊ စာကြည့် တိုက်ပညာ မဟာဘွဲ့ရသူ ၂၃၅ ဦး၊ မဟာသုတေသန ပညာဘွဲ့ရသူ ၈၇ ဦး၊ စာကြည့်တိုက်သုတေသန ပါရဂူ ဘွဲ့ရသူ ၂၉ ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်၏ နှစ်တစ်ရာပြည့် အခါသမယတွင် ဝင့်ထည်တည်ကြည်စွာ ရပ်တည်နေနိုင် ခဲ့ပါပြီ။ ။
ဟိန်းလတ်