မိသားစုဝင်ငွေ အထောက်အကူပြုမည့် မှိုစိုက်ပျိုးထုတ်လုပ်ရေး
ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက ညဘက်လသာလျှင် အိမ်ရှေ့ကွပ်ပျစ်တွင် သူငယ်ချင်းများ စုဝေးပြီး အမျိုးမျိုးသော ကစားနည်းများကို ကစားတတ်ကြသည်။ မောလာလျှင် ကွပ်ပျစ်တွင် စုဝေးပြီးထိုင်ကာ အုပ်စုနှစ်စုခွဲ၍ ထိုင်ကစားရသော ခေါင်းတို့တမ်း၊ ကျားဗိုလ်ဆွဲတမ်းများ အပြင် စကားထာ ဖွက်တမ်းလည်း ကစားတတ်ကြသည်။
ထိုသို့ ဖွက်ခဲ့ကြသော စကားထာများတွင် "တစ်နှစ်တစ်ခါ ပေါ်လို့လာ ငါလည်းမင်းလောင်း ထီးဖြူဆောင်း” ဟူသည့် မှိုကိုဖွက်သော စကားထာလေးကို သတိရမိသည်။ မှိုရသောမျက်နှာ ဟူသည်မှာလည်း အလွန်ပီတိဖြစ်၍ ပြုံးနေသောမျက်နှာ၊ ကျေနပ်အားရနေသော မျက်နှာကို ခေါ်ခြင်းဖြစ်၍မှိုကို မြန်မာလူမျိုးများ အလွန်ကြိုက်နှစ် သက်ကြသည်ကို မြင်သာသည်။
ကျွန်တော် ကြားဖူးသလောက်ပြောရလျှင် ကောက်ရိုးမှို၊ အပ်မှို၊ ငွေနှင်းမှို၊ မှိုခြောက်ပန်းခြောက်နှင့် လင်ဇီးမှိုတို့ရှိပြီး လူအများစိုက်ပျိုးစားသုံးကြ သည်ကို တွေ့နိုင်ပါသည်။ ထိုသို့စိုက်ပျိုး ထုတ်လုပ်သော မှိုများကို စီးပွားဖြစ် စိုက်ပျိုး လာကြသည်မှာ နှစ်အတန်ကြာပြီဖြစ်သော်လည်း မှိုစိုက်ပျိုး ထုတ်လုပ်မှုမှာ တွင်ကျယ်မှုနည်းပါးနေသေးသည်ကို တွေ့နိုင်သည်။
လက်ရှိအချိန်တွင် ကိုဗစ်ရောဂါကြောင့် အသွားအလာများကန့်သတ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းအများစုမှာ အခက်အခဲများ ကြုံတွေ့နေရခြင်း၊ အခြေခံ လူတန်းစားများအတွက် စီးပွားရေး လုပ်ငန်းများ ရှာဖွေရန်ခက်ခဲခြင်းနှင့် ဝင်ငွေကျဆင်း နေခြင်းများ ကြုံတွေ့နေကြရချိန် မှိုစိုက်ပျိုး ခြင်းမှာ အရင်းအနှီး နည်းနည်းနှင့် နေရာကျယ်ကျယ် ပြန့်ပြန့်မလိုဘဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ပြီး မိသားစုဝင်ငွေတစ်ခု ရှာဖွေနိုင်သော လုပ်ငန်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်မည်ဆိုပါက ငွေကြေးအရင်းအနှီးအနည်းငယ်ကို ရှာဖွေရန်လိုအပ်မည် ဖြစ်သည်။ ထိုလိုအပ်သည့် အရင်းအနှီးကို ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် သမဝါယမ အသင်းများက ရယူနိုင်သည်။ အရင်းအနှီးလိုအပ် ချက်ကို တွက်ချက်လျှင် ငွေနှင်းမှို အထုပ် ၁၀၀ စိုက်ပျိုးပါက ကုန်ကျစရိတ်မှာ ငွေကျပ် ၂၀၀၀၀၀ ခန့်ရှိပြီး ၁၅ ရက်တွင် ဝင်ငွေတစ်သိန်းခန့် ပြန်လည်ရရှိနိုင် သည်။ ငွေနှင်းမှိုမှာ ဈေးနည်းပါး တတ်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိတတ်သည်။ ကောက်ရိုးမှိုမှာမူ ငွေနှင်းမှိုနှင့် ကုန်ကျစရိတ်တွင် မကွာသော်လည်း နေရာလိုအပ်ချက်ရှိသည်။ ပြန်လည်ဝင်ငွေရရှိမှုမှာ ငွေနှင်းမှို၏ နှစ်ဆခန့်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ အထိ ရရှိနိုင် သည်ဟု သိရသည်။
ကမ္ဘာ့မှိုစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ
ကမ္ဘာပေါ်တွင် စားသုံးမှို စိုက်ပျိုးထုတ်လုပ်ကြသည့်အခြေအနေကို နိုင်ငံအလိုက်ကြည့်မည် ဆိုပါက တရုတ်နိုင်ငံမှ ထုတ်လုပ်မှုသည် အများဆုံး ဟု ပြောနိုင်သည်။ တရုတ်နိုင်ငံသည် တစ်နှစ် အတွက် တန်ချိန် ၅ သန်းကျော် ထုတ်လုပ်သည်ဟု သိရသည်။ ကမ္ဘာ့ထုတ်လုပ်မှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်း အထိရှိသည်ဟု သိရသည်။
တန်ချိန် သောင်းကျော်အောင် ထုတ်လုပ်ကြသော နိုင်ငံများကိုကြည့်လျှင် ဩစတြေးလျနိုင်ငံက တန်ချိန် ငါးသောင်းခန့်၊ ဘယ်လ်ဂျီယံနိုင်ငံက တန်ချိန် လေးသောင်းကျော်၊ ကနေဒါနိုင်ငံက တန်ချိန် ခုနစ်သောင်းကျော်၊ ပြင်သစ်နိုင်ငံက တန်ချိန် တစ်သိန်းကျော်၊ ဂျာမနီနိုင်ငံက တန်ချိန် ခြောက်သောင်းကျော်၊ အိန္ဒိယနိုင်ငံက တန်ချိန် လေးသောင်းကျော်၊ အင်ဒိုနီးရှားနိုင်ငံက တန်ချိန် လေးသောင်းခွဲ၊ အိုင်ယာလန်နိုင်ငံက တန်ချိန် ခြောက်သောင်းကျော်၊ အီတလီ နိုင်ငံက တန်ချိန် ခုနစ်သိန်း ခြောက်သောင်းကျော်၊ နယ်သာလန်နိုင်ငံက တန်ချိန် သုံးသိန်းကျော်၊ ပိုလန်နိုင်ငံက တန်ချိန် နှစ်သိန်း နီးပါး၊ စပိန်နိုင်ငံက တန်ချိန် တစ်သိန်းကျော်၊ ယူအက်စ်အေနိုင်ငံက တန်ချိန် လေးသိန်းနီးပါး၊ အင်္ဂလန်နိုင်ငံက တန်ချိန် ခြောက်သောင်းကျော်နှင့် ဂျပန်နိုင်ငံက တန်ချိန် ခြောက်သောင်းကျော် စိုက်ပျိုးကြသည်ကို တွေ့ရသည်။
အာဆီယံနိုင်ငံများကိုကြည့်လျှင် ဗီယက်နမ်နိုင်ငံက တန်ချိန် နှစ်သောင်းကျော်၊ ထိုင်းနိုင်ငံက တန်ချိန် ခြောက်ထောင်ကျော်၊ စင်ကာပူနိုင်ငံက တန်ချိန် နှစ်ရာနှင့် ဖိလစ်ပိုင်နိုင်ငံက တန်ချိန် ခြောက်ရာခန့် စိုက်ပျိုးသည်ဟု သိရသည်။ အခြားအာဆီယံနိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ် သည့် ကိန်းဂဏန်းများ မတွေ့ရှိပါ။ မြန်မာနိုင်ငံတွင် လက်တွေ့အားဖြင့် အထိုက်အလျောက် စိုက်ပျိုး ထုတ်လုပ်နေကြသော်လည်း ပြည်တွင်း ဈေးကွက်အတွက်သာ ထုတ်လုပ်နိုင် သည်ကို တွေ့ရသည်။ ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ခုနစ်သန်း ကျော်ရှိသည်ဟု သိရသည်။
မြန်မာ့မှိုစိုက်ပျိုးမှု
မြန်မာနိုင်ငံတွင် မှိုကို သဘာဝမှရရှိသကဲ့သို့ စိုက်ပျိုးထုတ်လုပ်မှုများ လည်း ရှိလာသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုး ထုတ်လုပ်သော မှိုများတွင် ကောက်ရိုးမှိုနှင့် ငွေနှင်းမှိုများမှာ အများစု စိုက်ပျိုး ထုတ်လုပ်သော မှိုများဖြစ်သည်။ ကောက်ရိုးမှိုကို စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကြပြီး နေရာအနည်းငယ်နှင့် ကောက်ရိုးရရှိလျှင် စိုက်ပျိုးနိုင်ခြင်း များကြောင့် စိုက်ပျိုး သူများက နှစ်သက်ကြသည်။
ငွေနှင်းမှိုမှာ နေရာကျယ်ကျယ်ဝန်းဝန်း မလိုအပ်သဖြင့် မိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းနှင့် အိမ်တွင် အခန်းတစ်ခန်းကို မှိုစိုက်ပျိုးရန် သုံးနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ အရင်းအနှီးအားဖြင့် အလွန်အကျွံ မများသဖြင့် လည်းကောင်း၊ နေ့စဉ်ပုံမှန်ဝင်ငွေ ဖြစ်စေရန် စိုက်ပျိုးထုတ်လုပ် နိုင်ခြင်းကြောင့်လည်းကောင်း မှိုကိုစိုက်ပျိုး ထုတ်လုပ်သင့်သော အလားအလာကောင်းသည့် သီးနှံတစ်ခုအဖြစ် သတ်မှတ် လာကြသည်။
ကိုဗစ်ရောဂါမဖြစ်မီက စားသောက်ဆိုင်များသည် မှိုစိုက်ပျိုးထုတ်လုပ်သူများအတွက် ကျယ်ပြန့် သောဈေးကွက် ဖြစ်ပါသည်။ ယခု ကိုဗစ်ရောဂါ ကြောင့် စားသောက်ဆိုင်များမှာ တွင်တွင် ကျယ်ကျယ် ရောင်းချရခြင်း လျော့နည်းသဖြင့် မှိုသွင်းသူများအနေဖြင့်လည်း ဈေးကွက်ကျဆင်းမှု နှင့် ကြုံကြိုက်နေသည်ဟု သိရသည်။
ကော့မှူးကွမ်းခြံကုန်းမှ မှိုစိုက်ပျိုးထုတ်လုပ်မှု
ကော့မှူး ကွမ်းခြံကုန်းမြို့နယ်များတစ်ဝိုက် မှိုစိုက်ပျိုးထုတ်လုပ်မှုသည် အသွင်ဆန်းသစ်လာကာ မှိုမျိုးထုတ်လုပ်ပြီး နေ့စဉ်မှိုမျိုးထုပ် ၈၀၀၀ ကျော်အထိ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သူများထံ ဖြန့်ဖြူးနေရသည်ဟုဆိုသည်။ မှိုမျိုးထုတ်လုပ်သူများသည် ထိုင်းနိုင်ငံမှ မှိုမျိုးများကို တင်သွင်းကာ ထပ်ဆင့်မျိုးပွားပြီး ဒေသတွင်း ဖြန့်ဖြူး နေကြခြင်းဖြစ်သည်။ ကောက်ရိုးမှိုနှင့် ငွေနှင်းမှို နှစ်မျိုးစလုံးကို မျိုးထုတ်လုပ်ဖြန့်ဖြူး ကြသည်ဟု သိရသည်။
အဆိုပါ မျိုးထုတ်လုပ်သူများသည် ကန်ထရိုက် စိုက်ပျိုးရေး ပုံစံဖြစ်သော မျိုးပေးပြီး စိုက်ပျိုး သူများက ထွက်ရှိလာသော မှိုများကို ပြန်လည် ပေးသွင်းကြခြင်းဖြစ်သည်။ မှိုမျိုးထုတ်လုပ်သူများက မှိုအဝယ်ဒိုင်ပုံစံမျိုးဖြင့် ဝယ်ယူပြီး ရန်ကုန်မြို့ရှိ ဈေးများနှင့် စားသောက်ဆိုင်များကို ပြန်လည်ပေးသွင်းရောင်းချ ခြင်းဖြစ်သည်ဟုဆိုသည်။ မျိုးထုတ်လုပ်သူများမှာ ကော့မှူး ကွမ်းခြံကုန်း တစ်ဝိုက်တွင် ရှစ်ဦးအထိရှိလာပြီး ကိုဗစ် ရောဂါမဖြစ်မီက မြန်ဆန်စွာ တိုးတက် လာသော်လည်း ယခုအခါ ကိုဗစ်ရောဂါကြောင့် မှိုထုတ်လုပ်မှုကျဆင်းနေကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် မှိုစိုက်ပျိုး ထုတ်လုပ်မှုသည် ဒေသတွင်းဈေးကွက်ကိုသာ အခြေခံပြီး အကန့်အသတ်ဖြင့် စိုက်ပျိုးထုတ် လုပ်နေပြီး အစိုးရနှင့် ဌာနများမှ အားပေးပါက ကိုဗစ် ရောဂါကာလ အလုပ်အကိုင်ရှားပါးချိန်တွင် မိသားစု တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်ပြီး ဝင်ငွေ ကောင်းစွာ ရရှိနိုင်သည့် မှိုစိုက်ပျိုးထုတ်လုပ်ခြင်းကို ဆောင်ရွက်သွားသင့်သည်။
မှိုကဏ္ဍမှ စိန်ခေါ်မှုများ
မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းကြီးအောက်တွင် မှိုအစုအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကာ အဆိုပါ မှိုအစုအဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မှိုစိုက်ပျိုးနည်း သင်တန်းများကို ကောင်းစွာဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။ မှိုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေး အတွက် ဆောင်ရွက် လျက်ရှိရာတွင် စိန်ခေါ်မှုများ တွေ့ကြုံနေရသည်ကို တွေ့ရသည်။ အဆိုပါ စိန်ခေါ်ချက်များကို ဖော်ပြရလျှင် အောက်ပါ အတိုင်းဖြစ်သည် -
- မှိုဈေးကွက်ကျယ်ပြန့်ရန်လိုအပ်ခြင်း၊ တာရှည်ခံမည့် နည်းပညာလိုအပ်နေခြင်း၊ ရေရှည်တွင် မှိုကိုသေချာစွာထုပ်ပိုးပြီး နိုင်ငံခြားတင်ပို့ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် လိုအပ်ခြင်း။
- မှိုမျိုးဖြန့်ဖြူးသူများနှင့် မှိုစိုက်ပျိုးသူများတွင် ငွေအရင်းအနှီး လိုအပ်ချက် များပြားခြင်း။
- အထောက်အကူပစ္စည်းဖြစ်သည့် ကောက်ရိုးနှင့် ဗေဒါကို အလုံ အလောက်ရရှိရန် လိုအပ်ခြင်း။
- ငွေနှင်းမှိုသည် ကောက်ရိုးမှိုထက် စိုက်ပျိုးချိန်ကြာမြင့်ပြီး အကျိုးအမြတ်ရရှိမှု နည်းပါးသဖြင့် ငွေနှင်းမှိုစိုက်ပျိုးမှုကို ဖွံ့ဖြိုးလာရေး စည်းရုံးဆောင်ရွက်ရန် လိုအပ်ခြင်း။
မှိုကဏ္ဍအတွက် အားဖြည့်ဆေးများ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ ဦးဆောင်ပြီး “သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အတွက် ပြည်တွင်းပြည်ပ ဈေးကွက်များ စဉ်ဆက်မပြတ် ရောင်းချနိုင်ရေးနှင့် တောင်သူများအတွက် သင့်လျော်သော အကျိုးအမြတ်ရရှိရေး” အတွက် ကူညီဆောင်ရွက်ရန် ရှိသည်များကို သက်ဆိုင်ရာ အစိုးရဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင် များအသင်းချုပ်၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်း၊ မှိုအစုအဖွဲ့စသည့် ပုဂ္ဂိုလ်များဖြင့် အွန်လိုင်းအစည်းအဝေး တစ်ရပ်ကို ကျင်းပညှိနှိုင်းခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသည် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ယခင်နှစ်က တောင်သူများ အခက်အခဲတွေ့ခဲ့ရသည်များကို ယခုနှစ်တွင် မတွေ့ကြုံစေရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို ညှိနှိုင်းဆွေးနွေး ကြခြင်းဖြစ်သည်။ ယင်း ဆွေးနွေးချက်များကို သီးခြားဆွေးနွေးခြင်းမပြုဘဲ ထူးခြားသည့် ကဏ္ဍတစ်ခု အဖြစ် ပါဝင်လာသည့် မှိုစိုက်ပျိုး ထုတ်လုပ်မှုနှင့် မိသားစုများအတွက် အပိုဝင်ငွေ တစ်ခုဖြစ်စေနိုင်သည့် မှိုစိုက်ပျိုးထုတ်လုပ်ခြင်း မည်ကဲ့သို့ အားပေးဆောင်ရွက်ကြမည်ကို ဆွေးနွေးခဲ့ကြသည့်အချက်များ ထည့်သွင်းဖော်ပြ လိုပါသည်။
အစည်းအဝေးတွင် မှိုအစုအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်က အထက်တွင် ဖော်ပြသည့် စိန်ခေါ်ချက် များကို အစိုးရဝန်ကြီးဌာနများမှ ကူညီဆောင်ရွက် ပေးနိုင်မည်ဆိုပါက တိုးတက်လာမည်ဖြစ်ကြောင်း တင်ပြချက်အပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက နည်းပညာသင်တန်းများပေးနေကြောင်း၊ ထပ်မံ၍လည်း စပေးသွားမည် ဖြစ်သကဲ့သို့ ဝန်ကြီးဌာနအောက်ရှိ သမဝါယမအသင်းများမှ အသေးစားချေးငွေများကို ထုတ်ချေးပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က မှိုကို စည်သွတ်ဘူးစက်ရုံ လုပ်ရန်ရှိကြောင်း ဆွေးနွေးခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်ဆွေးနွေးရာတွင် မှိုကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ကိုဗစ်ကာလ အခြေခံ လူတန်းစားများတွင် ဝင်ငွေကျဆင်းခြင်း၊ အလုပ်အကိုင်ခက်ခဲခြင်းများ ကြုံတွေ့နေရသဖြင့် ပြင်ပသို့ထွက်ပြီး အလုပ် လုပ်ရန်လည်း မလို၊ ကုန်ကျစရိတ်လည်း အနည်းငယ်သာရှိသည့် တစ်နိုင်တစ်ပိုင်နှင့် ဝင်ငွေရရှိနိုင်သည့် မှိုစိုက်ပျိုး ထုတ်လုပ်ခြင်းကဲ့သို့ လုပ်ငန်းမျိုးကို အားပေးသင့်သည်ဟု လမ်းညွှန်ကြောင်း၊ မိမိတို့နိုင်ငံတွင် မှိုစိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့ ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အတိုင်း အခြေခံ လူတန်းစားများအတွက် အပိုဝင်ငွေတစ်ခုရရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာန အနေဖြင့် အဆိုပါ လုပ်ငန်းကို ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်း တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးနည်းစနစ်၊ ငွေကြေး အရင်းအနှီးနှင့် ဈေးကွက်တို့ကို တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီ အကောင်အထည်ဖော်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့သော ဆွေးနွေးမှုများကို နားထောင်ရင်း မှိုစိုက်ပျိုးထုတ်လုပ်သူများအတွက် အားဆေးတစ်ခွက်ရရှိလာပြီဖြစ်ပြီး ကြီးမားသော ပံ့ပိုးမှုများလည်း ရရှိလာမည်ဟု မျှော်လင့်မိသည်။ ထို့အပြင် ကိုဗစ်ကာလ၌ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မိသားစုများအတွက် အပို ဝင်ငွေတစ်ခု ရရှိနိုင်ပါကြောင်း သတင်းကောင်း တင်ပြအပ်ပါသည်။ ။
မျိုးသူ (ကုန်သွယ်မြှင့်)