Skip to main content

နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့် ကိန်းဂဏန်းများ

ယခုကာလသည်  ကမ္ဘာ့နိုင်ငံအသီးသီးက COVID-19 ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် အစွမ်းကုန်ကြိုးစားနေကြပြီး   အချို့နိုင်ငံကြီးများ သည်  ကာကွယ်ဆေးကို စတင်ထိုးနှံသည့် အဆင့်ပင်လျှင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ကာကွယ်ဆေးမရခင်၊ မသုံးနိုင်ခင်တော့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရင်းကျဆင်းနေသော စီးပွားရေးကို ပြန်လည်ဦးမော့ တိုးတက်စေရေး နည်းမျိုးစုံဖြင့်  ကြံဆဆောင်ရွက်နေကြပြီဖြစ်သည်။ လူတစ်ဦးချင်း အသိဖြင့် Mask တပ်ရေး၊ လက်ကို  မကြာခဏဆေးကြောရေး၊  တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရေးနှင့် လူစုလူဝေးရှိရာသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး စသည့် ဆောင်ရွက်ချက်များ ကျင့်သုံးကာ COVID-19 နှင့်အတူ ရှင်သန်နေထိုင်နိုင်ရေးကိုလည်း စီစဉ်နေကြသည်။ COVID-19 ကြောင့် ရရှိနေကြသည့် စိတ်ဒဏ်ရာများကို  ကုစားနိုင်ရေးအတွက်  အမျိုးမျိုးစီစဉ် နေကြသကဲ့သို့ နိုင်ငံအလိုက် စီးပွားရေးပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဘက်ဘက်က သုံးသပ်ဆောင်ရွက် နေကြချိန်လည်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း COVID-19 ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှ စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ  ရန်ကုန်၊  မန္တလေးမြို့ကြီးများအပြင်  ဒေသအတော်များများ၌  ဖြစ်ပွားလျက်ရှိနေသည်။ Stay at Home သတ်မှတ်လိုက်သည့် မြို့နယ်များ၊ အသွားအလာ ကန့်သတ် မှုများ၊ စက်ရုံ၊ အလုပ်ရုံများ ရပ်နားပိတ်သိမ်း ထားရမှုများကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ခဲ့သည်။ ယင်းလုပ်ငန်းများနှင့်ပတ်သက်သည့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ကြသည်။ အစိုးရရုံးဌာနများပင် အသွားအလာကန့်သတ်မှု များရှိခဲ့သည်။ အပြည်ပြည် ဆိုင်ရာ ဝင်/ထွက်မှုအားလုံး ရပ်ဆိုင်းခဲ့သည်။ လုပ်ငန်းခွင် အားလုံးနီးပါး  ရပ်ဆိုင်းခဲ့သည့်အတွက်  အလုပ်လက်မဲ့ ဦးရေတိုးပွားပြီး စီးပွားရေးလုပ်ငန်းများထိခိုက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု  နှောင့်နှေးခဲ့သည်။ ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် စီးပွားရေးပြန်လည်ကောင်းမွန် လာစေရေးနှင့်  ပြည်သူများ  စိတ်ဒဏ်ရာသက်သာစေရေးအတွက် စီမံဆောင်ရွက်နေချိန် ဖြစ်သည်။ ဖြေလျှော့ပေး နိုင်သည်များကို ပြန်လည်သုံးသပ်ဖြေလျှော့ ဆောင်ရွက်ပေးနေသကဲ့ သို့ ကိုဗစ်အလွန်ကာလတွင် အရှိန်အဟုန်ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   ကြိုတင်ပြင်ဆင်မှုများကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်နှင့်အတူ ရှင်သန် နေထိုင်ခြင်းအဖြစ် ကျန်းမာရေး အသိရှိရေးကိုလည်း နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့  နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ဆောင်ရွက်ရာတွင် ကောင်းမွန်သော စီးပွားရေးစီမံကိန်းများ၊ မှန်ကန်သည့် မူဝါဒရေးရာ လမ်းညွှန်ချက်များ ရေးဆွဲချမှတ်    ဆောင်ရွက်ရမည်ဖြစ်သည်။ ကောင်းမွန်သော စီမံကိန်းများဖြစ်စေရေးသည်လည်း တိကျ မှန်ကန်ပြီး ယုံကြည်ကိုးစားနိုင်သည့် စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များပေါ် အခြေခံ ရေးဆွဲချမှတ် ရမည်မှာ မလွဲဧကန်ဖြစ်သည်။

တိတိကျကျ ရေးဆွဲချမှတ် 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည်  နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်သကဲ့သို့ ယင်းနိုင်ငံ၏ စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များသည် အချိန်နှင့်တစ်ပြေးညီ တိကျ မှန်ကန်မှုရှိရေးသည်လည်း မဖြစ်မနေလိုအပ်ကြောင်း တွေ့ရှိရသည်။ သို့မှသာ တည်ငြိမ် အေးချမ်းသည့် အခြေအနေတွင် တိကျမှန်ကန်သော စာရင်းအင်းကိန်းဂဏန်း အချက်အလက် များကို အခြေတည်၍ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာစီမံကိန်းများနှင့် မူဝါဒများ တိတိကျကျ ရေးဆွဲချမှတ်ကာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပေသည်။ နိုင်ငံနှင့် ပတ်သက်သည့် လူဦးရေဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များ ရရှိစေရေး အတွက် နိုင်ငံတိုင်းသည် လူဦးရေ သန်းခေါင်စာရင်း ကောက်ကြသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် လုပ်ငန်းပမာဏ  ကြီးမားကျယ်ပြန့်ပြီး  ငွေကုန်ကြေး ကျများသည့် အတွက် နှစ်စဉ် မကောက်ယူနိုင်ကြဘဲ (၁၀) နှစ်တစ်ကြိမ်သာ ကောက်ယူကြကာ ကျန်နှစ်များကို လူဦးရေပညာဖြင့်  ခန့်မှန်းတွက်ချက် အတည်ပြု ဆောင်ရွက်ကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ တချို့ကတော့ တိကျမှန်ကန်မှု ပိုမိုနီးစပ်စေရန် ငါးနှစ်တစ်ကြိမ် ကောက်ကြသည် လည်းရှိသည်။

အသုံးပြုဆောင်ရွက်နေကြပြီ

မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိဘဲ နှစ်ပေါင်း  ၃၀ ကျော်ကြာပြီး ၂၀၁၄ ခုနှစ်တွင်မှ ပြန်လည်ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သည် ပြည်သူအားလုံး၏  ပူးပေါင်းပါဝင်မှု၊ တိုင်းရင်းသားညီအစ်ကိုများ၏ လက်တွဲဖော်ဆောင် မှုတို့ကြောင့် တစ်နိုင်ငံလုံးလိုလို လွှမ်းခြုံ ကောက်ယူနိုင်ခဲ့ပြီး တိကျမှန်ကန်သည့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များ ရရှိခဲ့သည်။ နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ  လုပ်ငန်း ပမာဏ   ၉၈ ရာခိုင်နှုန်း အောင်မြင်ခြင်းကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြု ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များအပေါ် အခြေခံပြီး သုတေသနစာတမ်းများ၊  အစီရင်ခံစာများ အဆင့်ဆင့် ထုတ်ပြန်နိုင်ခဲ့ရာ အချက်အလက် အသုံးပြုသူများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် လွယ်ကူထိရောက်စွာ ရယူအသုံးပြု ဆောင်ရွက်နေကြပြီ ဖြစ်သည်။

သန်းခေါင်စာရင်း အချက်အလက်များသည် ကောက်ယူမှုနယ်ပယ်အဆင့်အလိုက် ထိရောက်သော ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲချမှတ် ဆောင်ရွက်နိုင်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေ အစိတ်အကျဲ၊ အိမ်ထောင်စုအလိုက်ဖြစ်တည်မှု၊ ဒေသ၏ သယံဇာတအရင်းအမြစ်တို့အပေါ် အခြေခံတွက်ချက်ကာ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်သည်။ ဒေသတစ်ခု၏ လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်သည်။

မြန်မာနိုင်ငံတွင်  ပြည်လုံးကျွတ်အဆင့်  လူဦးရေ သန်းခေါင်စာရင်းကို  ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူရန် လျာထားသည့်အတွက်  ယခင်  ၂၀၁၄  ခုနှစ်တွင် ကောက်ယူခဲ့ခြင်းကြောင့်  ၂၀၂၄  ခုနှစ်တွင် ပြည်လုံး ကျွတ်အဆင့် ထပ်မံကောက်ယူရမည်ဖြစ်သည်။ သို့သော် နေရာတိုင်း၊  ဒေသတိုင်း၏  အခြေအနေအရပ်ရပ်သည် အချိန်နှင့်အမျှ  ပြောင်းလဲဖြစ်တည်လျက်ရှိနေသည်။ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူမည့် ကြားကာလ ငါးနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံအတွင်း ပြောင်းလဲ ဖြစ်တည်မှုများနှင့် လိုက်လျောညီထွေသည့် စာရင်းအင်းဆိုင်ရာ အချက် အလက်များ ရရှိစေရေးအတွက် ကြားဖြတ်သန်းခေါင်စာရင်းကို ကောက်ယူခဲ့ခြင်းဖြစ် သည်။ အဓိက ရည်ရွယ်ချက်များမှာ ၂၀၁၄ နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏   လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် စာရင်းအင်းအချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ရန်၊ မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ၏ အမျိုးသားညွှန်ကိန်း မူဘောင် (National Indicator Framework – NIF) အတွက် အခြေခံအချက်အလက်များရရှိရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals – SDGs) အတွက် ချမှတ်ထားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် နိုင်ငံ၏တိုးတက်မှုများကို အကဲဖြတ်နိုင် ရန်တို့ဖြစ်သည်။  ၂၀၂၄  ခုနှစ်အတွက်လည်း  ကြိုတင် ပြင်ဆင်ထားမှု တစ်ခုလည်းဖြစ်သည်။

အထောက်အပံ့ဖြစ်စေ

ကိုဗစ်ကို အန်တုရင်ဆိုင်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌   အခြေခံအသုံးပြုနိုင်ရန် အထောက်အပံ့ဖြစ်စေမည့် အချက်အလက်များ မကြာမီထုတ်ပြန်မည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ကောက်ယူခဲ့သည့် ၂၀၁၉  ခုနှစ်  ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း၏ ပင်မအစီရင်ခံစာများဖြစ်သည်။  ပြီးခဲ့သည့် ဩဂုတ်လအတွင်းက  ရှေ့ပြေးအစီရင်ခံစာ ထုတ်ပြန်ပြီးဖြစ်သည်။ ရှေ့ပြေးအစီရင်ခံစာနှင့်  ယခု ပင်မအစီရင်ခံစာ ထုတ်ပြန် သည့်အချိန်သည်  မြန်မာနိုင်ငံတွင်  COVID-19 ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သည်။ ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူစဉ်က COVID-19 ရောဂါသည် မြန်မာ နိုင်ငံသို့ မရောက်ရှိသေးပေ။ ကြားဖြတ်လူဦးရေသန်းခေါင် စာရင်းသည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါမဖြစ်ပွားမီ အနီးစပ်ဆုံးကာလ၌ ကောက်ယူရရှိခဲ့သည့် တစ်ခုတည်း သော စာရင်းအင်းအချက်အလက်များဟု ဆိုရမည်ပင်။

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း

၂၀၁၉  ခုနှစ်ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းသည် ပြည်လုံးကျွတ်အဆင့် ကောက်ယူခြင်းမျိုး မဟုတ်ဘဲ ခရိုင်အဆင့်ကိုယ်စားပြု အညွှန်းကိန်းများရရှိနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း ၃၉၆၀၊ အိမ်ထောင်စု ၁၃၂၀၉၂၊ လူဦးရေ ၅၄၈၅၅၃ ကို   ကောက်ယူနိုင်ခဲ့သည်။  ၂၀၁၉  ခုနှစ် ကြားဖြတ်ကောက်ယူမှုနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် ကောက်ယူမှုတို့က အခြေအနေချင်း ကွာခြားသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းသည် နိုင်ငံအတွင်းနေထိုင်သူ အားလုံးကိုကောက်ယူပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်စာရင်းသည် ခရိုင် အဆင့်ကိုယ်စားပြုသည့် အညွှန်းကိန်းများရရှိရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံး၌ နမူနာကောက်ကွက်များ ရွေးချယ်ကောက်ယူခဲ့ခြင်း ဖြစ်သည်။   ၂၀၁၄   ခုနှစ် သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း  ၄၁ ခု မေးမြန်းခဲ့ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း ၁၁၀ ခု မေးမြန်းခဲ့သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများအား စာရင်းစစ်/ စာရင်းကောက် ခန့်ထားကောက်ယူခဲ့ပြီး ၂၀၁၉  ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းကို နည်းပညာ အကျွမ်း တဝင်ရှိပြီး စာရင်းကောက်လုပ်ငန်းများကို စိတ်ပါဝင်စားသည့် လူငယ်များအား နည်းပြ/ စာရင်းစစ်/စာရင်းကောက်များအဖြစ် ရွေးချယ် ခန့်အပ်တာဝန်ပေး ကောက်ယူခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း မေးခွန်းပုံစံဖြင့်သာ ကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းတွင် ( Computer Assisted Personnel Interviewing – CAPI ) နည်းစနစ်ကို အသုံးပြု၍ Mobile Tablet ဖြင့် ကောက်ယူခဲ့သည်။ ထို့ပြင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် သောက်ရေ  (Drinking Water) အရည်အသွေး စစ်ဆေးခြင်းကို အိမ်ထောင်စု  ၁၉၀၇၇  စုအား  ပထမ ဦးဆုံးအဖြစ် UNICEF ၏ အကူအညီဖြင့် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေး ဆောင်ရွက်နိုင်ခဲ့သည်။

ထိထိရောက်ရောက် အသုံးပြုနိုင်

ကြားဖြတ်သန်းခေါင်စာရင်းတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြောင်းရွှေ့ သွားလာခြင်း အကြောင်းအရာ၊ ပညာရေး အကြောင်းအရာ၊ လုပ်သား အင်အားအကြောင်းအရာ၊ ကလေးမွေးဖွားမှုအကြောင်းအရာ၊ မသန်စွမ်းမှုအကြောင်းအရာ၊ သက်ကြီးရွယ်အို အကြောင်းအရာ၊ ပါဝင်လှုပ်ရှားမှု၊ အထောက်အပံ့ရရှိမှုနှင့် ဘဝပျော်ရွှင်မှုအကြောင်းအရာ၊ ပြည်ပပြောင်းရွှေ့ သွားလာခြင်း  အကြောင်းအရာ၊  အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းအရာ၊  သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု အကြောင်းအရာ စသည့်အကြောင်းအရာ ၁၂ခု ဖြင့် မေးခွန်းပေါင်း ၁၁၀ ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ထည့်သွင်း မေးမြန်းခဲ့သည့်အတွက် ကောက်ယူရရှိခဲ့သော ရလဒ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အထောက်အပံ့ အဖြစ် ထိထိရောက်ရောက် အသုံးပြုနိုင်မည့် ယုံကြည်ကိုးစားရသည့် စာရင်းအင်းဆိုင်ရာ အညွှန်းကိန်းများဖြစ်သည်။ သို့သော် ကြားဖြတ် သန်းခေါင် စာရင်းသည် သမားရိုးကျအိမ်ထောင်စုများ၏ လူဦးရေ အခြေအနေကိုသာ ကောက်ယူခြင်းဖြစ်သဖြင့် အဖွဲ့အစည်းပုံစံဖြင့် နေထိုင်သူများနှင့် အိမ်ခြေ ရာခြေမဲ့လူဦးရေများ မပါဝင်သည်ကို အချက်အလက်အသုံးပြုသူများအနေဖြင့် သတိပြုကြရမည် ဖြစ်သည်။                

မည်သို့ပင်ဆိုစေကာမူ  ၂၀၁၉  ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းသည် COVID-19 မဖြစ်ပွားမီ အနီးကပ်ဆုံးကာလ၌ ကောက်ယူခဲ့သည့် စာရင်းအင်း များဖြစ်သည့်အတွက် COVID-19 မတိုင်ခင်နှင့် COVID-19 အလွန်ကာလ ပြောင်းလဲမှုများ၊ COVID-19 ၏ နောက်ဆက်တွဲ အကျိုးဆက်များကို နှိုင်းယှဉ်ဆန်းစစ်လေ့လာရန်နှင့် ပြန်လည်ကုစားရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေမည့် အညွှန်းကိန်းများဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် စီမံကိန်းရေးဆွဲ ဆောင်ရွက်ကြမည့်သူများ၊ သုတေသနဆန်းစစ်လေ့လာ ဆောင်ရွက်ကြသူများ စသည့်အချက်အလက် အသုံးပြုသူများအနေဖြင့် ကြားဖြတ်သန်းခေါင်စာရင်း၏ ရလဒ်များသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ပကတိလူမှု စီးပွားရေးအခြေအနေမှန်ကို ပြဆိုနေသည့် အရင်းအမြစ်များအဖြစ်  ယုံကြည်စိတ်ချစွာ အသုံးပြုဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ယခုလို အချိန်ကာလတွင် ရေးဆွဲချမှတ်မည့် စီမံကိန်းများ၊ မူဝါဒများအတွက် မဖြစ်မနေ အခြေခံအသုံးပြုရမည့် အညွှန်းကိန်းများကို ထုတ်ပြန်နိုင်သည့်အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သူများ အတွက် ဂုဏ်ယူရမည်ဖြစ်သည်။ ယခုကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ပင်မအစီရင်ခံစာထုတ်ပြန်ပြီးနောက် ယင်းအစီရင်ခံစာပါ သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်းများနှင့် မူဝါဒဆိုင်ရာ အကြံပြုချက်များကိုလည်း  ဆက်လက်ပြုစု ဆောင်ရွက်လျက်ရှိရာ နိုင်ငံ့အကျိုးအတွက် များစွာအထောက်အပံ့ဖြစ်သည့် ဆောင်ရွက်ချက် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မှတ်တမ်းပြုရမည်ပင်။ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အသေး စိတ် အချက်အလက်မှန်သမျှကိုလည်း အလွယ်တကူ ရယူအသုံးပြုနိုင်ရန် ပြည်သူ့အင်အား ဦးစီးဌာန၏ Website ဖြစ်သည့် www.dop.gov.mm ၌လည်း လွှင့်တင်ထားသည်။ ပင်မ အစီရင်ခံစာ ထုတ်ပြန်ချက်များသည် ခရိုင်အဆင့်ကိုယ်စားပြု အညွှန်းကိန်းများဟုဆိုသော် လည်း ယခင်ရရှိပြီးသား စာရင်းအင်းအချက်အလက်များနှင့် နှိုင်းယှဉ် သုံးသပ်ကာ အနီးစပ်ဆုံး အခြေအနေမှန်ကို တွက်ချက်ဖော်ထုတ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံအကျိုးအတွက် ထိထိ ရောက်ရောက် အသုံးပြုနိုင်သည့် ရလဒ်များ ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာကြီးအတွက် အထိတ်တလန့်များစွာ ကြုံတွေ့ခဲ့သည့်နှစ်။ ကမ္ဘာသူ ကမ္ဘာသားများ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင် ရုန်းကန်လှုပ်ရှား ခဲ့ရသည့်နှစ်။ ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါကြောင့် လူဦးရေ  ၈၁ သန်းကျော် ရောဂါကူးစက်ခံရပြီး လူဦးရေ ၁ သန်း ၇ သိန်းကျော် သေဆုံးခဲ့ရသည့်နှစ်။ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ်သည် နိုင်ငံအတွက် အထင်ကရ အမှတ်တရ ဂုဏ်ပြုရမည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ရက်များဖြင့်   ပြည့်နှက်နေသည့် နှစ်တစ်နှစ်ဖြစ်သော်လည်း COVID-19 ကြောင့် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ဘဲ အကျဉ်းချုံး အခမ်းအနားများအဖြစ်သာ အကန့်အသတ်များဖြင့် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်ကို ကျော်ဖြတ်ပြီး နောက် ရောက်ရှိလာသည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ကြားဖြတ်သန်းခေါင်စာရင်းရလဒ်များကို အခြေခံ၍ ကောင်းမွန်သော စီးပွားရေးစီမံကိန်းများနှင့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ကာ အားလုံးကစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကိုဗစ်အလွန် ကာလအဖြစ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း မုဒိတာပွား   ရေးသားလိုက် ရပါသည်။           ။

မောင်မုဒိတာ