Skip to main content

လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်ခိုင်မြဲပါစေ

နှင်းမှုန်များ ထူထပ်စွာ ကျဆင်းနေသော ဆောင်းလရာသီ နံနက်ခင်းဝယ် မြန်မာ့မြေပေါ်၌ လွှင့်ထူထားသော နယ်ချဲ့ဗြိတိသျှတို့၏ ယူနီယံဂျက်အလံတော် ကားတရွေ့ရွေ့နှင့် မြေပေါ်သို့ ဆင်းသက်လာလေပြီ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော် ကားအမိမြေ၏ အလံတိုင်ထိပ်သို့ ခံ့ညားထည်ဝါစွာ လွှင့်ထူ နိုင်ခဲ့ပေပြီ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်သည်ကား မြန်မာနိုင်ငံမှ တိုင်းရင်း သားညီအစ်ကိုမောင်နှမများအားလုံး လွတ်လပ်ရေး အောင်ပန်းကို ဆင်မြန်းရသောနေ့၊ လွတ်လပ်ရေး အောင်ပွဲနေ့ပင်တည်း။

အသက်သွေး အဆက်ဆက်ပေးဆပ်ခဲ့ရ

မြန်မာ့လွတ်လပ်ရေးကား လွယ်လွယ်ကူကူနှင့်ရခဲ့ သည်မဟုတ်ပေ။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ ရှုံးသဖြင့် ရခိုင်နှင့် တနင်္သာရီကို အင်္ဂလိပ်တို့အား ပေးလိုက်ရပြီး ၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူချိန်မှစ၍ မြန်မာတို့၏ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ရေးတို့ကို ဗြိတိသျှကိုလိုနီတို့အား ပေးအပ်လိုက်ရ သောကြောင့် မြန်မာတို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပေသည်။ ဗြိတိသျှလက်အောက်သို့ ကျွန်ဘဝအဖြစ် ကျရောက်ရ လေတော့သည်။ ထိုအချိန်မှစ၍ သူ့ကျွန်မခံလိုသော၊ ဇာတိမာန်ထက်သန်သော တိုင်းရင်းသားအပေါင်းတို့က မိမိတို့အင်အားရှိသမျှနှင့် နယ်ချဲ့တို့ကို တော်လှန်ခဲ့ကြ ပေသည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည်အထိ နှစ်ပေါင်း ၁၀၀ ကျော် ကြိုးပမ်းခဲ့ရသည့် လွတ်လပ်ရေး ခရီးလမ်းကား အလွန်ကြမ်းတမ်းလှပေသည်။ တိုင်းရင်းသားအပေါင်း တို့၏ အသက်သွေး အဆက်ဆက်ပေးဆပ်ခဲ့ရပေသည်။

ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရယူ ရေးသည် မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲတွင် အစဉ် ကိန်းအောင်းလျက်ရှိပေသည်။ ဦးဥတ္တမကဲ့သို့ ရဟန်း တော်များပင် လွတ်လပ်ရေးရရန်အတွက် အစာအငတ်ခံ ကာ နယ်ချဲ့တို့အား ဆန္ဒပြတိုက်ပွဲဝင်ခဲ့ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဖြစ်သည့် ဗိုလ်မင်းရောင် ခေါ် ဗိုလ်လရောင်သည်လည်း လွတ်လပ်ရေးတိုက်ပွဲ တွင် အသက်ပေးလှူခဲ့ရလေသည်။

၁၉၁၉ ခုနှစ်တွင် လွတ်လပ်ရေးအတွက် အမျိုးသားရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ ပါဝင်သည့် “ဖေ၊ ပု၊ ရှိန်”အဖွဲ့သည် ဘိလပ် သို့သွားကာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ကြ သည်။ ၁၉၂၀ ပြည့်နှစ်တွင် နယ်ချဲ့တို့၏ ကျွန်ပညာရေးစနစ်ကို ကန့်ကွက်သည့်အနေဖြင့် ကောလိပ် ကျောင်းသားတို့ သပိတ်မှောက်ရာမှ ကျောင်းသားသပိတ် ဖြစ်ပေါ်လာကာ မြန်မာတို့အား အမျိုးသားရေးစိတ်ဓာတ်၊ ဇာတိမာန်စိတ်ဓာတ်များ နိုးကြားလာစေခဲ့ပါသည်။

ဖိမ့်ဖိမ့်တုန်သွားစေ

မြန်မာတောင်သူလယ်သမားတို့အပေါ် နယ်ချဲ့ အင်္ဂလိပ်တို့၏ ဖိနှိပ်အုပ်ချုပ်မှု၊ ချစ်တီးတို့၏ မတရား ခေါင်းပုံဖြတ်မှုတို့ကြောင့် တောင်သူလယ်သမားတို့မှာ လယ်မဲ့၊ ယာမဲ့၊ အိုးအိမ်မဲ့နှင့် ကြွေးတင်ကျွန်ဘဝ ရောက်ခဲ့ ကြရလေသည်။ ထို့ကြောင့် ၁၉၃၀ ပြည့်နှစ်တွင် ဂျီစီဘီအေ အသင်း အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာစံ ခေါင်းဆောင် ၍ နယ်ချဲ့ဗြိတိသျှအစိုးရအား ရရာလက်နက်စွဲကိုင် တိုက်ပွဲဝင်ကာ တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့ပေသည်။ လယ်သမားခေါင်းဆောင်များအား ကြိုးဒဏ်ပေးခြင်း၊ တစ်သက်တစ်ကျွန်းပေးခြင်းများဖြင့် နှိပ်ကွပ်ခဲ့ကြသော်လည်း မြန်မာ့ဇာတိသွေး ဇာတိမာန်ကား ထက်သန်နေဆဲပင်။ မြန်မာ့ဇာတိမာန်ကို နယ်ချဲ့တို့က ဖိမ့်ဖိမ့်တုန်သွားစေပါသည်။

နယ်ချဲ့တို့က မြန်မာအလုပ်သမားတို့ကိုလည်း မတရားနည်းလမ်းများဖြင့် ခေါင်းပုံဖြတ်အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းတို့ ပြုလုပ်နေသည့်အတွက် မခံမရပ်နိုင် ဖြစ်ပြီး ၁၉၃၉ ခုနှစ်တွင် ရေနံမြေမှစတင်၍ သခင် ဖိုးလှကြီး ဦးဆောင်ကာ ရေနံမြေသပိတ် (၁၃၀၀ ပြည့် အရေးတော်ပုံကြီး) ပေါ်ပေါက်လာကာ အလုပ်သမားထုကြီး၏ အင်အားဖြင့် နယ်ချဲ့တို့အား မြန်မာ့ဇာတိသွေး ဇာတိမာန်ကို ပြနိုင်ခဲ့ပေ သည်။ အလုပ်သမားခေါင်းဆောင်များနှင့်တကွ အလုပ် သမားများ၏ ဇာတိသွေး မြေကျခဲ့ရလေသည်။

အမိမြေမှ တော်လှန်တိုက်ထုတ်

၁၉၃၀ ပြည့်နှစ်တွင် သခင်ဘသောင်း ဦးဆောင် ခဲ့သည့် တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်း လိုက်သော ဒို့ဗမာအစည်းအရုံးတွင် သခင်အောင်ဆန်း လည်း ပါဝင်ခဲ့ပေသည်။ နယ်ချဲ့တို့၏ ဖိနှိပ်ချုပ်ချယ်မှုကို မခံမရပ်နိုင်ဖြစ်ကာ လက်နက်စွဲကိုင်တော်လှန်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်လျက် ရဲဘော်သုံးကျိပ် တို့သည် ဂျပန်တို့ထံ စစ်ပညာသင်ရန် ထွက်ခွာသွားကြလေ သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ခေါ် “ဘီအိုင်အေ”ကို ဖွဲ့စည်း၍ မြန်မာပြည်တွင်းသို့ ပြန်ဝင်လာကာ လူငယ်များ အား စစ်ပညာသင်ပေးခြင်းဖြင့် ကျေးလက်များမှ ပြောက်ကျား စစ်သည်အင်အားတို့မှာလည်း များပြားလှပေသည်။ ဂျပန်နှင့်ပူးပေါင်း၍ နယ်ချဲ့အင်္ဂလိပ်တို့ကို မောင်းထုတ်ရန် ကြိုးစားနေစဉ် ဖက်ဆစ်ဂျပန်တို့၏ ရိုင်းစိုင်းနှိပ်စက်မှုကို ပြည်သူတစ်ရပ်လုံးက ခံခဲ့ကြရပြန်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော တပ်မတော်သား များနှင့် ပြည်သူတို့ ပူးပေါင်းကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တို့ကို အမိမြေမှ တော်လှန်တိုက်ထုတ် နိုင်ခဲ့ပေသည်။

ဖက်ဆစ်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် မြန်မာ့လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းကြရာတွင် နယ်ချဲ့ဗြိတိသျှတို့သည် တောင်တန်းသားများအား မိမိတို့ လက်အောက်မှ လက်မလွှတ်စေချင်၍ အမျိုးမျိုးပရိယာယ် ဆင်ကာ နားလှည့်ကြလေသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ တွင် ရွှေတိဂုံကုန်းတော်အလယ်ပစ္စယံ၌ ဖဆပလညီလာခံ ကြီးတစ်ရပ်ကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍ ကျင်းပ ကာ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံး လက်တွဲဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့လေသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း၌ ပင်လုံမြို့တွင် ရှမ်း စော်ဘွားများညီလာခံကို ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင် ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြလေသည်။

ထို့နောက် တောင်တန်းနှင့် ပြည်မတစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် ဗိုလ်ချုပ်အောင်ဆန်းက ဘိလပ်သို့ သွားရောက်ကာ တောင်းဆိုခဲ့သည်။ ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသက ပြည်မကြီးနှင့် ပူးပေါင်းရန်သဘောတူပါက တစ်ပြိုင်တည်း လွတ်လပ်ရေး ပေးမည်ဖြစ်သဖြင့် တောင်တန်းသားများက မိမိတို့ဘာသာ ဆုံးဖြတ်ပါစေဟူ၍ ပြောဆိုလိုက်ကာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့လေသည်။ ဗိုလ်ချုပ်နှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်လာပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးကြပြီး ဖေဖော်ဝါရီလ ၁၂ ရက် နေ့ နံနက် ၁၀ နာရီတွင် ပင်လုံစာချုပ်ကြီးကို လက်မှတ် ရေးထိုးကြလေသည်။

ဗြိတိသျှအစိုးရသည်လည်း ပြည်မရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေး ပေးရန် သဘောတူညီရလေသည်။ မြန်မာတိုင်းရင်းသား အားလုံး လွတ်လပ်ရေးကို ငံ့လင့်နေစဉ် ဂဠုန်ဦးစောနှင့် အပေါင်းပါတို့၏ ရက်စက်လုပ်ကြံမှုကြီးကြောင့် ဗိုလ်ချုပ် နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးခဲ့ရလေသည်။ သို့သော်ဗိုလ်ချုပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကြီးကား ရောင်နီဦးသန်းနိုင်ခဲ့လေပြီ။ ဝန်ကြီးချုပ်ဦးနုက ဆက်လက်၍ နု-အက်တလီစာချုပ် ကို ချုပ်ဆိုနိုင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံသည် ဗြိတိသျှတို့၏ ယူနီယံဂျက် အလံတော်နေရာတွင် ငွါးငွါးစွင့်စွင့် လွှင့်ထူနိုင်ခဲ့ပေပြီ။

ပြည်သူအပေါင်းတို့သည် ပြုံးပျော်ရွှင်မြူးနိုင်ကြပေပြီ။ ကျွန်သက်တမ်း နိဂုံးချုပ်သွားပေပြီ။ အချုပ်အခြာ အာဏာ ပိုင်ဆိုင်ကြရပေပြီ။ မြန်မာ့လွတ်လပ်ရေးအတွက် ရဟန်းရှင်လူပြည်သူများ၊ တိုင်းရင်းသားသွေးချင်းများ၊ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ စစ်သည် တော်များ စသည်တို့၏ အသက်သွေးများစွာတို့ ပေးဆပ် ၍ ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်သဖြင့် အလွန်တန်ဖိုး ထိုက်တန်လှပေသည်။

“ဒေါင်းအိုးတဝေဝေနှင့် တွန်စေကစေသောဝ်

ကောင်းမျိုးအထွေထွေနှင့် ချွန်စေမြစေသောဝ်” …ဟူသော လေးချိုးကဗျာများဖြင့် ဇာတိမာန် နှိုးဆွပေး ခဲ့ကြသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် စာပေ ကလောင်ရှင်များကလည်း ကလောင်ထမ်း၍ လွတ်လပ် ရေးတိုက်ပွဲဝင်ကြကာ ပြည်သူတို့၏ နား၊ မျက်စိကို စာပေအသိဖြင့် နှိုးဆွပေးရုံမက ဇာတိသွေး ဇာတိမာန် စိတ်ဓာတ်တို့ နိုးကြားလာအောင် ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြပေသည်။ တိုင်းရင်းသားတို့၏ အသက် သွေးတို့ဖြင့် ပေးဆပ်ကာရရှိခဲ့ရသော လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့သည့် “လွတ်လပ်ရေး မော်ကွန်းဝင်ကျောက်တိုင်ကြီး”ကား ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံအတွင်း ယနေ့တိုင် ထည်ထည်ဝါဝါ တည်ရှိ နေဆဲပါတကား။ တိုင်းရင်းသားတို့၏ အသက် သွေးများ ပေးဆပ်ကာ စည်းလုံးညီညွတ်မှုတို့ဖြင့် အရယူ နိုင်ခဲ့သော လွတ်လပ်ရေးကြီးကို အစဉ်သတိရနေစေရန် ကျောက်တိုင်ကြီးကား မားမားမတ်မတ် ရပ်တည်ကာ သတိပေးနေပါတော့သည်။ ။

“မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ ခိုင်မြဲပါစေ”

ခင်ဆန်းဦး (မြန်မာစာ)