ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူသည် အမိန့်အမှတ် (၃၂/၂၀၂၄) အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြ ခွင့်ပြုချက်ရယူရမည် ဖြစ်ပါသည်။
သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသော TRUST Entertainment သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထား ခြင်းမရှိသော ဆင်ဆာမူနှင့်ငြိစွန်းသည့် ဗီဒီယိုဖိုင်တစ်ဖိုင်ကို လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
ထို့အတွက် TRUST Entertainment ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်း၏လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို ယာယီရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးစိစစ်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံတင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိ သောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန