Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သတင်းထုတ်ပြန်ချက်

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ ပါဝင်နေသည့်အတွက် အရေးယူပေးပါရန် တောင်းဆိုမှုများ ဖော်ပြထားသော အစီရင်ခံစာတစ်စောင်ကို ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းအစီရင်ခံစာသည် စီးပွားရေးအရ ထိခိုက်မှုများရှိနိုင်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ စိုးရိမ်ပူပန်မိပါကြောင်း အောက်ပါအတိုင်း ထုတ်ပြန်အပ်ပါသည်။

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ မြန်မာ့စီးပွားရေး စဉ်ဆက်မပြတ်ရှင်သန်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ချိတ်ဆက်မှုများ ကောင်းမွန်ချောမွေ့စေရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်ပါ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ကို အရေးယူရန် လုပ်ဆောင်ခြင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ လည်ပတ်မှုအပေါ် သိသာသည့် သက်ရောက်မှုများရှိစေသည့်အပြင် အဆိုပါလုပ်ငန်းများကို မှီခိုနေသော ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုများ၏ စားဝတ်နေရေးကိုပါ ထိခိုက်စေနိုင်ပါသည်။ ဘဏ္ဍာရေးစနစ်သည် စီးပွားရေးလုပ်ငန်းများ၏သွက်လက်မှုကို ထောက်ပံ့ပေးနေသော အဓိကကျသည့်အချက်ဖြစ်၍ အဆိုပါစနစ်ကို ပိတ်ပင်ခြင်းကြောင့် မြန်မာ့စီးပွားရေးအရင်းအမြစ်များကို ထိခိုက်စေပါသည်။

၃။ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့်အထောက်အထားများအား ရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence- EDD) အားကောင်းစွာ ဆောင်ရွက်ကာ ပြည်သူအများနှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ ချောမွေ့စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၄။ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများအား ထိခိုက်စေနိုင်မှုမှတစ်ဆင့် အများပြည်သူနစ်နာဆုံးရှုံးစေမှုကို မဖြစ်ပေါ်စေရန်နှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝအား ထိခိုက်မှုမရှိစေရန်တို့ကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအား တိုက်တွန်းလိုပါသည်။

၅။ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုချက်များသည် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးအရ ဆက်ဆံမှုကိုလည်း ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် စိုးရိမ်ပူပန်မိပါကြောင်းနှင့် အသင်းချုပ်သည် နိုင်ငံ့စီးပွားရေးနှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝများ ရှင်သန်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)