မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပြီဖြစ်ပါသည်။
သို့ရာတွင် မသမာသူများမှ အချက်အလက်များမှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်း ငွေပေးချေမှုအချို့အား အသုံးချ၍ မသမာသည့်နည်းလမ်းဖြင့် တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ငွေကြေးလိမ်လည်မှုများကြောင့် အများပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာလျှင် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။
ထို့အပြင် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရွန်နစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (Electronic – Know Your Customer (e-KYC)) လုပ်ငန်းစဉ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ် ရေးကတ်ပြားအမှတ်နှင့် ဆင်းမ်ကတ် နံပါတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ် (e-ID Database) နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ် (SIM Registration Database) များရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသူများ အနေဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (KYC) အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်သွားရန် လိုအပ်ပါသည်။ အချက်အလက်ဖြည့်သွင်းခြင်းအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေးစာရင်းများအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသောဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်း စသည့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများအနေဖြင့် နီးစပ်ရာကိုယ်စားလှယ် (Agent) များ/ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအားအဆင့် ၂ (Level 2) အဆင့်သို့ အချိန်မီမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် အဆင့် ၂ (Level 2)သို့ တိုးမြှင့်လိုခြင်းမရှိသော မိုဘိုင်းငွေကြေးစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့လက်ကျန်ငွေများအား အသုံးပြုနိုင်မည့် နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ် ဆောင်ရွက်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၁၆-၉-၂၀၂၂)