မန္တလေး အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရားအား သွားရောက်ဖူးမြော်ပြီး မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ညပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မဟာအောင်မြေမြို့နယ်ရှိ Yadanarbon Hall မြနန်းဘုံစံခန်းမ၌ မြန်မာနိုင်ငံဆေးပညာရှင်အသင်း (Internal Medicine Society)က ကြီးမှူးကျင်းပသည့် ဆေးတက္ကသိုလ်များမှ ဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(ခ) M.B.B.S စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူဦးရေ ၁၂၉၄ ဦးရှိပြီး ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူ ၃၃ ဦး ပေါ်ထွက်သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ကြိုးစားအားထုတ်ခဲ့ကြသည့် ဆေးပညာရှင်များအနေဖြင့် သမားဂုဏ်၊ သမားကျင့်ဝတ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူများကို အလုပ်အကျွေးပြုသူများဖြစ်အောင် ဆက်လက်ကြိုးစားကြရန် ပြောကြားသည်။
ထို့နောက် မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး မြန်မာနိုင်ငံဆေးပညာရှင်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးအေးချစ်က မြန်မာနိုင်ငံဆေးပညာရှင်အသင်း၏ လုပ်ဆောင်နေမှုများနှင့် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြကာ ဆေးတက္ကသိုလ်(မန္တလေး) ဆေးပညာဌာနမှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)နှင့် တပ်မတော်ဆေးတက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူ ၃၃ ဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
