



နေပြည်တော် ဧပြီ ၈
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မီဒီယာကဏ္ဍသည် ပုံမှန်အချိန်များထက် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါတွင် ပို၍အရေးကြီးကြောင်း၊ ယခုအချိန်တွင် မီဒီယာကဏ္ဍမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို ချေဖျက်ရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ ပျက်စီးဆုံးရှုံးမှုများ၊ ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတကာမှပေးပို့သည့် သဝဏ်လွှာများစသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြနိုင်ရေး စီမံဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား တိကျမှန်ကန်သည့် သတင်း အချက်အလက်ရရှိရေးသည် အရေးကြီးပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် ထုတ်ပြန်ချက်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဆောင်ရွက်သင့်သည်များကို အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် နိုင်ငံတကာမှ ထောက်ပံ့ရေးပစ္စည်းများပေးအပ်မှု၊ ပျက်စီးဆုံးရှုံးမှုများ၊ ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ဗီဒီယိုဖိုင်များ၊ သတင်းနှင့် ဓာတ်ပုံများကို မှတ်တမ်းများပြုစုထားရမည်ဖြစ်ကြောင်းနှင့် မိမိတို့ကော်မတီအနေဖြင့် မိမိတို့သက်ဆိုင်ရာတာဝန်များအလိုက် အားနည်းချက်မရှိစေရေး ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ် ထုတ်လွှင့်ဖော်ပြနေမှု၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်မှု၊ ဆက်သွယ်ရေးကဏ္ဍ၊ ထိခိုက်ဒဏ်ရာရ၊ ပျက်စီး၊ ပျောက်ဆုံး၊ သေဆုံးမှုစာရင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်မှု၊ နိုင်ငံတကာနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်မှုများနှင့် ရေလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
အစည်းအဝေးအပြီးတွင် ဧရာဝတီဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးအုန်းကျော်နှင့်အဖွဲ့က ငလျင်ဘေးသင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး အဆိုပါကူညီထောက်ပံ့ရေးပစ္စည်းများအား ဌာနအသီးသီးမှ ဝန်ထမ်းများသို့ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံမှူးကြီး Dr.Zheng Zhihong နှင့်အဖွဲ့အားဝန်ကြီး ဌာနမျက်နှာစာရှိ ယာယီအဆောက်အအုံ၌ လက်ခံတွေ့ဆုံပြီး အင်အားပြင်းထန်သည့် ငလျင်လှုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ပေးအပ်သည့် အခြေအနေများနှင့် နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိအားကစားကွင်း မြေနေရာ၌ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ ယာယီအခြေပြုနေထိုင်နိုင်ရန်အတွက် UAB Foundation မှ ကယ်ဆယ်ရေးစခန်းတည်ဆောက်နေမှု၊ ဝန်ထမ်းများ အဆင်ပြေစွာနေထိုင် စားသောက်နိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လျာထားဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးပေးခန်းဆောက်လုပ်ရန် လျာထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ယာယီကယ်ဆယ်ရေး စခန်းတည်ဆောက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့်တွေ့ဆုံ မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ရပါသည်-
ဦးနေမျိုးဝင်း (UAB Foundation)
ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းဆောက်လုပ်ဆောင်ရွက်နေတဲ့ ဓနသိဒ္ဓိအားကစားကွင်းမှာ ဇုန်သုံးဇုန်နဲ့ ဆောက်လုပ်ဆောင်ရွက်နေပါတယ်။ ဒီဇုန်သုံးဇုန်ပေါင်းရင် အိမ်ထောင်စု ၂၆၈ စု၊ လူဦးရေ ၁၀၀၀ ခန့် နေထိုင်နိုင်တဲ့ အခြေအနေရှိပါတယ်။ လေဝင်လေထွက်ကောင်းပြီး မိုးလုံအောင်စီစဉ်ထားပါတယ်။ အပူဒဏ်လည်းသက်သာမှာဖြစ်ပါတယ်။ မိုးရွာလို့ ရေမဝင်အောင်လည်း အောက်ခံအမြင့်တွေနဲ့ လုပ်ထားပါတယ်။ နေထိုင်တဲ့မိသားစုတွေအတွက်လည်း သီးခြားရေချိုးကန်တွေ စီစဉ်ပေးထားပါတယ်။ ရေချိုးကန်တွေမှာလည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားဆောင်ရွက်ပေးထားပါတယ်။
မီးရရှိရေးအတွက်လည်း အသံလုံ မီးစက်စီစဉ်ပေးထားပါတယ်။ မီးစက်တွေကိုလည်း ယာယီတဲတွေနဲ့ အနည်းဆုံး ၆၅ ပေ အကွာမှာထားတဲ့အတွက် ဝန်ထမ်းတွေ အိပ်စက်အနားယူတဲ့အခါမှာလည်း အသံငြိမ်ငြိမ်နဲ့ အိပ်နိုင်မှာဖြစ်ပါတယ်။ စားဖိုဆောင်တွေကိုလည်း စီစဉ်ပေးထားတဲ့အတွက် ချက်ပြုတ် စားသောက်နိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်လည်း Community Center တွေထားပေးမှာဖြစ်ပါတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အတွက် ဆေးခန်းတွေလည်း ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။ စခန်း အုပ်ချုပ်မှုရုံးကိုလည်း တည်ဆောက်ပေးပါမယ်။
မဖူးဖူး (UAB Foundation)
ကျွန်မတို့ ဖောင်ဒေးရှင်းအနေနဲ့ သဘာဝဘေးမှမဟုတ်ပါဘူး၊ ကျန်တဲ့ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်။ အခုလိုငလျင်ဒဏ်ကြောင့် ဝန်ထမ်းတွေ နေထိုင်ရေးအခက်အခဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် လုံခြုံပြီးအန္တရာယ်ကင်းတဲ့ နေရာလေးတစ်ခု ဖန်တီးပေးချင်တဲ့စိတ်ဖြစ်ပေါ်မိပါတယ်။ ဒါကြောင့် ယာယီကယ်ဆယ်ရေးစခန်းကြီး တည်ဆောက်ပြီး ဝန်ထမ်းတွေနေထိုင်ရေး အဆင်ပြေစေဖို့ တည်ဆောက်နေခြင်းဖြစ်ပါတယ်။
နောက်ပြီး ကယ်ဆယ်ရေးစခန်းမှာ ဝန်ထမ်းတွေ နေ့စဉ်ဘဝမှာ လိုအပ်တဲ့ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်းတွေလည်း ထည့်သွင်းထားတဲ့အတွက် ကိုယ်ပိုင်အိမ်တစ်ခုလို ခံစားနိုင်ပြီး ခေတ္တနားခိုနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ နေရာတွေကိုလည်းထပ်ပြီး ကူညီသွားဖို့ရှိပါတယ်။
သတင်းစဉ်