Skip to main content

နေပြည်တော် ဧပြီ ၉

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်နိုင်ငံမှအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် တရုတ်နိုင်ငံမှ Y-20 အမျိုးအစားလေယာဉ်လေးစင်းဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။

အဆိုပါအဖွဲ့များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါအဖွဲ့တွင် China International Search and Rescue Team (CISAR) (Beijing)၊ Chinese Blue Sky Search and Rescue နှင့် Hong Kong China Search and Rescue Team တို့ပါဝင်ပြီး မြန်မာနိုင်ငံသို့ အစောဆုံးနှင့် ပထမဆုံးရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သည်။ အဆိုပါအဖွဲ့များသည် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့၌ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆေးကုသရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေးပြည်သူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။ တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားမှုစိတ်ထားဖြင့် နေ့/ညမပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အသက်ရှင်သူ လေးဦး၊ သေဆုံးသူ ၆၄ ဦးတို့ကို ရှာဖွေထုတ်ယူပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာမိသားစုများထံ အပ်နှံပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off