
နေပြည်တော် ဧပြီ ၉
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် ၁၀၄ တန် တင်ဆောင်လာသော Y-20 အမျိုးအစားလေယာဉ်လေးစင်းတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိကြသည်။ အဆိုပါပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Ms. Cao Jing က လွှဲပြောင်းပေးအပ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်ထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိန်းတို့က လက်ခံခဲ့ကြသည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲ၊ မိုးကာစ၊ အိပ်ရာခင်း၊ ခြင်ထောင်နှင့် စားသောက်ကုန်များ စုစုပေါင်း ၉၂၇၂၇ ကီလိုဂရမ် တင်ဆောင်လာသည့် Air China လေကြောင်းမှ လေယာဉ်သည် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Minister Counsellor ဖြစ်သူ Mr. Jia Junjie နှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုကြသည်။
အဆိုပါရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက်ပို့ခဲ့ကြောင်း သိရသည်။
သတင်းစဉ်