
နေပြည်တော် ဧပြီ ၈
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ Chinese Enterprises Chamber of Commerce in Myanmar (CECCM) မှ အထွေထွေအတွင်းရေးမှူး Mr. Xu Zhenwei နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing တို့က ငလျင်ဘေးသင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းအမျိုးအစား စုစုပေါင်းငါးမျိုးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရုံးအမှတ်(၁) သို့ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော စောင်၊ ခြင်ထောင်၊ မီးစက်နှင့် စားသောက်ဖွယ်ရာများဖြစ်သော ခေါက်ဆွဲနှင့် သောက်ရေသန့်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီ မိုးရာသီကာလရောက်ရှိတော့မည် ဖြစ်သည့်အတွက် ဝန်ထမ်းများ အမိုးအကာအောက်ရောက်ရှိစေရေး လိုအပ်သည့်အတွက် အလွယ်တကူတပ်ဆင်အသုံးပြုနိုင် သည့်အိမ် (Prefabricated Houses)များ လှူဒါန်းမည်ဆိုပါက ကြိုဆိုလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Chinese Enterprises Chamber of Commerce in Myanmar (CECCM) က ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများကို လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်