
ရန်ကုန် ဧပြီ ၈
ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီပြည်သူ့ဆေးရုံကြီးတွင် ယာယီဆေးရုံများ တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေသည်။
ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေး၊ စစ်ကိုင်းဒေသများရှိ ဆေးရုံကြီးများတွင် ယာယီဆေးရုံများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်လက်တွဲ၍ တည်ဆောက် ဖွင့်လှစ်ကုသပေးလျက်ရှိပြီး ငလျင်ဒဏ်သင့် မန္တလေး ပြည်သူ့ဆေးရုံကြီးအတွက် HDU ၁၂ ခုတင်ပါ (ခုတင်-၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီ ၆ ရက်တွင်လည်းကောင်း၊ မန္တလေးကန်တော်နဒီပြည်သူ့ဆေးရုံကြီးအတွက် HDU ခြောက်ခုတင်ပါ (ခုတင်-၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီ ၈ ရက်တွင်လည်းကောင်း ဖွင့်လှစ်၍ ကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။ အထက်ပါယာယီဆေးရုံများတွင် အဆောက်အအုံအပြင် လူနာခုတင်များ၊ HDU ခုတင်များ၊ လေအေးပေးစက်နှင့် ကုသမှုအထောက်အကူပြုပစ္စည်းများ၊ မီးသတ်ဆေးဘူးများနှင့် လိုအပ်သည့် အသုံးအဆောင်များပါဝင်ပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် Duty Room ၊ နားနေဆောင်၊ Mobile Toilet များလည်း တစ်ပါတည်း ထည့်သွင်းတည်ဆောက်ထားသည်။
ထို့အတူ ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ဆေးကုသမှုခံယူလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စုစုပေါင်းခုတင် ၄၀၀ ပါဝင်မည့် ဆေးရုံများတည်ဆောက်မည်ဖြစ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ခုတင် ၅၀၊ မန္တလေးကန်တော် နဒီပြည်သူ့ဆေးရုံကြီးတွင် ခုတင် ၁၅၀ တည်ဆောက်ထားပြီးဖြစ်သောကြောင့် ခုတင် ၁၀၀ စီပါဝင်မည့် ယာယီဆေးရုံတစ်ခုစီကို စစ်ကိုင်းနှင့် မန္တလေးမြို့တို့တွင် အလျင်အမြန်ထပ်မံဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-ကိုမိုး