Skip to main content

နေပြည်တော် ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အင်အားပြင်းထန် ငလျင်သင့်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် ယာယီရွှေ့ပြောင်းထားရှိသည့်နေရာသို့ ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှု၍ ဝန်ထမ်းမိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရန်မှာကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့များ၏ ပြန်လည်နေထိုင်ရန်သင့်ကြောင်း သတ်မှတ်ချက်အရအိမ်ရာများ၌ ပြန်လည် နေထိုင်လျက်ရှိသော ဝဏ္ဏသိဒ္ဓိ အိမ်ရာ တိုက်(၁၊ ၂၊ ၃ နှင့် ၄)တို့ရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ သောက်သုံးရေရရှိရေး၊ စားသောက်မှုအဆင်ပြေစေရေးတို့အတွက် တာဝန်ရှိသူများမှ အလေးထားကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့များ၏ ပြန်လည်နေထိုင်ရန် မသင့်ကြောင်း သတ်မှတ်ထားသည့် ပိတောက်အိမ်ရာ တိုက်(၆၀၃)၊ (၇၅၅)၊ (၇၅၆) နှင့် ဧကတစ်ထောင် အိမ်ရာတိုက် (၁၃၉၄)တို့ရှိဝန်ထမ်းနှင့် မိသားစုဝင်များအား ယာယီရွှေ့ပြောင်းနေထိုင်ရန် နေရာချထားပေးသည့် နယ်မြေခံသင်တန်းကျောင်းသို့ သွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် သောက်သုံးရေဖူလုံစွာရရှိရေး၊ စားသောက်မှုအဆင်ပြေစေရေး၊ ဆေးဝါးကုသပေးရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးတို့အတွက် တာဝန်ရှိသူများမှ အလေးထားကြပ်မတ်ဆောင်ရွက် ရန်မှာကြားကာ မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off