Skip to main content

နေပြည်တော် ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံကြီးအတွင်းရှိ ဆေးကုသဆောင်များ၊ အထူးကြပ်မတ်ကုသဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ခွဲစိတ်ကုသဆောင်များအား လှည့်လည်ကြည့်ရှု၍ ငလျင်ဒဏ်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့မှုများအား ဆောက်လုပ်ရေးပညာရှင်များဖြင့် စနစ်တကျစစ်ဆေးကာ ပြုပြင်၍ရနိုင်သည့်အဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်း၊ ပြုပြင်၍မရနိုင်သည့် အန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုချဖျက်ဆီး၍ အသစ်ပြန်လည်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံများဆောက်လုပ်ရာတွင် အဆောက်အအုံ တည်ဆောက်မှုတာဝန်ခံ အင်ဂျင်နီယာများ၊ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေ/မီး ပိုင်းဆိုင်ရာ တာဝန်ခံများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျတည်ဆောက်သွားရန် လိုအပ်မည်ဖြစ်ပြီး ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေး ဒဏ်ခံနိုင်ရေးအတွက်လည်း ထည့်သွင်းတွက်ချက်ဆောက်လုပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်တွင် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများကို စိစစ်ခဲ့မှုများအရ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ ပေးဆပ်မှုတန်ဖိုးများ ကြီးမားခဲ့ရခြင်းဖြစ်သည်ကို သင်ခန်းစာဖော်ထုတ်ရရှိခဲ့ရကြောင်း၊ ထို့နောက် အဆောက်အအုံများ တည်ဆောက်ရာတွင် တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

အဆိုပါ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များ၌ ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ များပြားခဲ့သဖြင့် ဆေးရုံကို ဇေယျာသီရိ မြို့နယ်ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်၍ ဆေးဝါးကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Off