




နေပြည်တော် ဧပြီ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း (Wunna Theikdi Sports Complex)အတွင်းရှိ အားကစားရုံ အဆောက်အအုံများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ဘောလုံးကွင်းနှင့် ပြေးလမ်းထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များ ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစား ပြိုင်ကွင်းအတွင်းရှိ အားကစားရုံများနှင့် အားကစားကွင်းများအား ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့များမှ နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားပွဲများကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာရောက်ကြမည်ဖြစ်သဖြင့် ကြံ့ခိုင်မှုကို အလေးပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိထိုင်ခုံများကို စနစ်တကျ ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၁၃ ခုနှစ် မေ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(B) အဆောက်အအုံနှင့် ၂၀၁၃ ခုနှစ် မေ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိရေကူးကန်တို့သို့ သွားရောက်၍ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ထိခိုက်ပျက်စီးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
မှာကြား
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုအားကစားရုံများအနေဖြင့် ထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ်ပေါ်ခဲ့သော်လည်း Indoor Games များ ကျင်းပရာနေရာများဖြစ်သဖြင့် နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ကြံ့ခိုင်မှုအခြေအနေကို သိရှိနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် အဆောက်အအုံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်