Skip to main content

နေပြည်တော် ဧပြီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60Parachute Field Hospital သို့ ရောက်ရှိကြရာ အဖွဲ့ခေါင်းဆောင် Lt. Col Jagneet Gill နှင့် တာဝန်ရှိသူများက ဆေးကုသမှုဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးကုသမှုခံယူနေသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကူညီကယ်ဆယ်မှုများနှင့် ဆေးကုသပေးမှုများ လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် သစ်သီးခြင်းတို့ကိုပေးအပ်ပြီး အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ခေါင်းဆောင်က လက်ခံရယူပြီး အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အိန္ဒိယတပ်မတော် ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် မင်္ဂလာမန္တလေးဟိုတယ်ရှေ့၌ ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် တရုတ်နိုင်ငံ China Search and Rescue ကူညီကယ်ဆယ်ရေးအဖွဲ့အား သွားရောက်တွေ့ဆုံရာအဖွဲ့ခေါင်းဆောင် Mr. Kyauk Me က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ လာရောက်ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်၊ မြန်မာနိုင်ငံ တွင်ရရှိခဲ့သည့် ကူညီကယ်ဆယ်ရေး အတွေ့အကြုံများကိုလည်း မျှဝေပေးသွားစေလိုပြီး မိမိတို့အနေဖြင့် ယခုဖြစ်စဉ်ဖြစ်ရပ်အပေါ် သင်ခန်းစာယူ၍ နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား ဆက်လက်သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးဇူးတင်စကားများကို ပြောကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလာသီရိအားကစားကွင်းသို့ ရောက်ရှိကြပြီး အားကစားကွင်းနေရာတွင် ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် ရုရှားနိုင်ငံမှ Major General Sergey Voroutsov ဦးဆောင်သော ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ရာ အဖွဲ့ခေါင်းဆောင်က လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ အားကစားကွင်းအတွင်း ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသည့် ဘယ်လာရုစ်နိုင်ငံမှ Col. Eagle ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများ ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကိုပေးအပ်ရာ အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ကာ အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင်အများပြည်သူများ လှူဒါန်းထားရှိသည့် ရတနာ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့သည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာမုနိပိဋကတ်တိုက်တော်ကြီးအတွင်းရှိ ရှေးဟောင်းပိဋကတ်တော်များ ထိန်းသိမ်းထားရှိမှုများ၊ ကြေးရုပ်ပြတိုက်အတွင်းရှိ ရှေးဟောင်းကြေးရုပ်ကြီးများ ထိန်းသိမ်းထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့မှုများကို အမြန်ဆုံးပြန်လည် ပြုပြင်မွမ်းမံခြင်းနှင့် ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အအုံများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့စဉ် မဟာမြတ်မုနိဘုရား ရုပ်ပွားတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့မှုများအား မူလလက်ရာမပျက် စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ ပြိုကျနေဆဲဖြစ်သည့် အန္တရာယ်ရှိ အဆောက်အအုံများကို စနစ်တကျဖြင့် ဖြိုဖျက်မှုများ ဆောင်ရွက်သွားရန်လိုပြီး ပြုပြင်မှုများကို အပိုင်းလိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုသည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများက အပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေးမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ၊ ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off