










နေပြည်တော် ဧပြီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မြတ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုကာ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ထိခိုက်ပျက်စီးခဲ့မှုများအား စနစ်တကျစိစစ်၍ ပြန်လည်ပြုပြင်နိုင်သည်များကို အဆင့်အလိုက်ပြုပြင်သွားရန်၊ ပြုပြင်၍မရသည့် အန္တရာယ်ရှိကျောင်းဆောင်များကို စနစ်တကျဖြိုချသွားရန်နှင့် ဆယ်တင်၍ရနိုင်သည့်ပစ္စည်းများကိုလည်း စနစ်တကျ ပြန်လည်ဆယ်တင်အသုံးပြုသွားရန်၊ ပြန်လည်ပြုပြင်၍ရနိုင်သေးသည့် ကျောင်းဆောင်အား ကျောင်းဖွင့်ချိန်မတိုင်မီ စနစ်တကျပြန်လည်ပြုပြင်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ခိုင်ခံ့မှုရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှုများ၊ အဆောက်အအုံအတွင်း ခြောက်ရက်ကြာပိတ်မိခဲ့ပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သူ ကျောင်းဆရာတစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားမှုများကိုကြည့်ရှု၍ အားပေးစကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အသင်္ခယာရိပ်သာသို့ ရောက်ရှိကြပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် လူထိခိုက်သေဆုံးခဲ့ရမှုများ၊ သာသနိကအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ အတူတကွပူးပေါင်း၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
မျှမျှတတရရှိစေရေး ဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် နေရာများအားလုံး မျှမျှတတရရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားနေရာများအား လတ်တလောသွားလာနိုင်ရန်အတွက် ယာယီပြင်ဆင်မှုများဆောင်ရွက်ထားရှိမှုများကို အပိုင်းလိုက် စနစ်တကျဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ဆက်လက်ပြင်ဆင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အအုံများတွင် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ ရှိမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်လည်း လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို တတ်နိုင်သရွေ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယခင်ကထက်ပိုမိုကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်သည့် မြို့အဖြစ် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းလမ်းရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ မိုးဇာရေပေးဝေရေးစက်ရုံ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုနှင့် ပင်မလမ်းအူကြောင်း ရွေ့လျားပြောင်းလဲခဲ့သည်အထိ ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စကုမှော်ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးထားမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ စစ်ကိုင်းမြို့မှ လုပ်အားပေးလာရောက်ကြသည့် စေတနာ့ဝန်ထမ်း ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။ ယင်းနောက် စကုမှော်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ စစ်ကိုင်းတံတား (အင်းဝ) ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှု အခြေအနေများကို ကြည့်ရှုပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်း၌ အခြေပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံရာ အဖွဲ့ခေါင်းဆောင် Mr. Hasizul ၏ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ တစ်ဦးချင်းအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းကို ပေးအပ်ရာ အဖွဲ့ခေါင်းဆောင်က လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေးကျွန်းမြေအုဌ်ကျောင်း၌ အဆောက်အအုံပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားခြင်း ဆောင်ရွက်နေမှု၊ သကျဓီတာသီလရှင်စာသင်တိုက် အဆောက်အအုံပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားခြင်းဆောင်ရွက်နေမှု၊ ဆွမ်းဦးပုညရှင် စေတီတော်တွင် အဆောက်အအုံပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားခြင်းဆောင်ရွက်နေမှု၊ ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်တွင် အဆောက်အအုံပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားခြင်း ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သာသနိကအဆောက်အအုံများအား မူလလက်ရာမပြတ် ခိုင်ခံ့စွာဖြင့် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများကို အဆင့်အလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကိုမှာကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတဂူဝိပဿနာကျောင်းတိုက်သို့ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုကာ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာဘုရား၊ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၅၀၀ နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အား ငလျင်သဘာဝဘေးကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသည့် ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ပြည်သူအပေါင်းတို့ရရှိစေရန် အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတဂူသံဃသန္နိပါတကျောင်းဆောင်တော်ကြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးပြန်လည်တည်ဆောက်သွားနိုင်ရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်ရှိ ကားလမ်းမပေါ်၌ ငလျင်ဘေးဒဏ်ကြောင့် ပင်မလမ်းအူကြောင်း ရွှေ့လျားပြောင်းလဲခဲ့သည်အထိ ထိခိုက်ပျက်စီးခဲ့ရမှုအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ ရိုင်တန်းရပ်ကွက်ရှိ မဟာစေတီတော်အား လုံးတော်ပြည့်ငုံ၍ ပြုပြင်မွမ်းမံတည်ဆောက်နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုကာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်မွမ်းမံမှုများကို စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ)ပေါ်မှ မော်တော်ယာဉ်များဖြင့် ဖြတ်သန်း၍ တံတားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်