Skip to main content

နေပြည်တော် မတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းထိန်းမျှော်စင်၊ ခရီးသည်အဆောက်အအုံနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဌာနပိုင်ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းနေအိမ်များ၏ ပျက်စီးမှုအခြေအနေများ၊ ဝန်ထမ်းများအား ယာယီရွှေ့ပြောင်းနေရာချထား သည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော လေကြောင်းထိန်းမျှော်စင်နေရာကို စစ်ဆေး၍ လေယာဉ်များ အန္တရာယ်ကင်းစွာဖြင့် ဆင်း/တက်နိုင်ရေး လတ်တလောအစီအစဉ်နှင့်ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်ချက်များကို မှာကြားခြင်း၊ ခရီးသည်အဆောက်အအုံ အမြန်ဆုံး လုပ်ငန်းပြန်လည် ဆောင်ရွက်နိုင်ရေး မှာကြားခြင်းတို့ကို ဆောင်ရွက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ ရုံးအဆောက်အအုံ သို့ရောက်ရှိပြီး အဆောက်အအုံပျက်စီးမှု၊ ၎င်း၌တပ်ဆင်ထားသည့် စက်ပစ္စည်းကိရိယာများအား စက်ယန္တရားများအသုံးပြု၍ ပြောင်းရွှေ့သယ်ယူခြင်းကို ဌာန ဝန်ထမ်းများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး အရေးကြီးသည့် စက်ပစ္စည်းများဖြစ်သောကြောင့် ထိခိုက် မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားကာ ပူးပေါင်းကူညီဆောင်ရွက်ပေးနေသည့် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား အားပေး နှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီး၌ ယာယီစခန်းချစီစဉ်ပေးထား သည့်နေရာသို့ ရောက်ရှိပြီး ငလျင်ဒဏ်ခံ မြန်မာ့မီးရထား ဝန်ထမ်းမိသားစုများအတွက် နေရာထိုင်ခင်း၊ စားသောက်ရေး၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေးစီစဉ်ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး ၍ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းမိသားစုအား  အားပေးစကားပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရွာတော်) ရုံး၌ ငလျင်ဒဏ်ခံ ဝန်ထမ်းမိသားစုများအတွက် ယာယီစခန်းနေရာချထားမှု၊ စားသောက်ရေးအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ထပ်မံမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ဝန်ကြီးဌာန၏ ဝန်ကြီးရုံး ၊ ရုံးအမှတ်(၂၉)၊ ရုံးအမှတ်(၂)နှင့် ရုံးအမှတ်(၅) တို့သို့ သွားရောက်၍ အဆောက်အအုံများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ၊ လျှပ်စစ်မီးနှင့် ရေလိုင်းများ ပျက်စီးမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးဌာနတစ်ခုလုံး၏ အဆောက်အအုံများ၊ ရေလိုင်း၊ မီးလိုင်းများကို ဘေးအန္တရာယ်ကင်းရှင်း စွာဖြင့် ပြန်လည်အသုံးပြု နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများကို အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးစစ်ဆေး စေပြီး ထိရောက်အောင် သုံးသပ်ဆောင် ရွက်နိုင်ရေး အလေးထားမှာကြားသည်။

ယင်းနောက် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နေပြည်တော် (ဒက္ခိဏ) ရုံးသို့ ရောက်ရှိပြီး ငလျင်ဒဏ်ခံရသည့် ဝန်ထမ်းမိသားစုများ ယာယီနေရာချထားမှုအခြေအနေကို ကြည့်ရှု၍အားပေးစကား ပြောကြားခြင်း၊ သတင်းအချက်အလက် ဗဟိုရုံး(Data Center)၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်သည်။

ဆက်လက်၍ ကယ်ဆယ်ရေးစခန်း များဖြစ်သည့် အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မြန်မာ့မီးရထား ဝန်ထမ်းမိသားစုများအား ယာယီနေရာချထားမှုအခြေအနေကို ကြည့်ရှု၍ အားပေးစကားပြောကြားသည်။ ထို့နောက် လေးကျွန်းမဏ္ဍိုင်ကျောင်း၌ ယာယီနေရာချထားပေးသည့် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ စားသောက်ရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off