Skip to main content

နေပြည်တော် ဧပြီ ၅

မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်က အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူအချို့ အသက်သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်တွင်းရှိ ပူးပေါင်းအဖွဲ့များက ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် ယနေ့တွင် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။

ဆောင်ရွက်

ယနေ့နံနက်ပိုင်းမှစတင်၍ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ ပြည်ပနိုင်ငံများမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်မြို့နယ်များသို့ သွားရောက်၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အဖွဲ့များခွဲ၍ ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်အလိုက်သွားရောက်၍ ပြည်သူများအား သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးခြင်း၊ သရုပ်ဖော်ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆရာဝန်များ၊ သူနာပြုအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးခွေးများ၊ အထောက်အကူပြုကားများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ကွင်းဆင်းကာ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသက်သေဆုံးခဲ့ကြရသည့် ပြည်သူအချို့၏ ရုပ်အလောင်းများကို သက်ဆိုင်ရာမြို့နယ် အလိုက်ဆေးရုံများသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်စေရေး ကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ထို့ပြင် ပြည်တွင်းရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဆေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်မြို့နယ်၊ ရပ်ကွက်များသို့သွားရောက်၍ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြုကာ ပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရွေ့လျားဆေးကုသယာဉ်အသုံးပြု၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးပို့ဆောင်ပေးခြင်း၊ သက်ကြီးရွယ်အိုများအား လုံခြုံစိတ်ချရသည့် နေရာများသို့ ရွှေ့ပြောင်းနေရာ ချထားပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် မြို့နယ်များအလိုက် ဝန်ထမ်းအိမ်ရာတိုက်ခန်းများ ထိခိုက်ပြိုကျပျက်စီးခဲ့ရာ အဆိုပါအိမ်ရာများအတွင်း နေထိုင်ကြသည့် ဝန်ထမ်းမိသားစုများအား လုံခြုံဘေးကင်းရာနေရာများနှင့် ယာယီအခြေပြုနေထိုင်ကြမည့် နေရာများသို့ မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာန အစီအစဉ်များအလိုက် တပ်မတော်မှ မော်တော်ယာဉ်များနှင့်အတူ တပ်မတော်သားများ၏ ကူညီမှုများဖြင့် အမြန်ဆုံးရွှေ့ ပြောင်းပေးလျက်ရှိပြီး အဆိုပါနေရာများတွင် ဝန်ထမ်းများ စားသောက်နေထိုင်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေ၊သုံးရေများရရှိနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ငလျင်ဒဏ်ကြောင့် မြို့နယ်များအလိုက် လမ်း၊ တံတားများပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါလမ်းများပေါ်တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် တာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်မီးများ ပြန်လည်ရရှိ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များအလိုက် လျှပ်စစ်မီးတိုင်များ၊ ဓာတ်ကြိုးများသည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည်လည်း အချိန်မီလျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး နေ့မအားညမနား အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အများစု၌ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သည်။

အလားတူအလှူရှင်များ၊ အနုပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အသင်း အဖွဲ့များသည်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ ယာယီအခြေပြု နေထိုင်လျက်ရှိကြသည့် နေရာများသို့ သွားရောက်၍ စားသောက်ကုန်များ၊ ရေသန့်ဘူးများ၊ အရေးပေါ်သုံးစွဲနိုင်ရန် ထောက်ပံ့ငွေများ၊ အဝတ်အထည်များ၊ ဆေးဝါးများလှူဒါန်းကြသည့်အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ယာယီမိုးကာတဲများ၊ ရွေ့လျားရေသန့် မော်တော်ယာဉ်များ၊ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စဖြေရှင်း နိုင်ရေးယာယီရေကန်များ၊ ငလျင်ဒဏ်ခံစားခဲ့ကြသည့် ပြည်သူနှင့် ဝန်ထမ်းများ သက်သာချောင်ချိစွာ စားသောက်နိုင်ရေး ရွေ့လျားကုန်စိမ်း၊ ကုန်ခြောက်အရောင်း မော်တော်ယာဉ်များဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများသယ်ဆောင်လျက် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက် ရောက်ရှိလာကြပြီး ပြည်တွင်းရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အဖွဲ့များခွဲ၍ နိုင်ငံအတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Off