
နေပြည်တော် ဧပြီ ၅
မတ် ၂၈ ရက်က အင်အားပြင်း မြေငလျင်လှုပ်ရှားမှုကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းပျော်ဘွယ်ရပ်ကွက် မဟာဝိဇိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိစာရိန္တာဘိဝံသအား ဖူးမြော်ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ဦးလှသိန်းဗိမာန်၌ တိုင်းဒေသကြီး ဦးစီးဌာနနှင့် ကယ်ဆယ်ရေးအဖွဲ့များပူးပေါင်း၍ ရောဂါပိုးမွှားများ ကင်းရှင်းစေရန် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နေမှုများနှင့် ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနှင့် မန္တလာသီရိ အားကစားကွင်းအတွင်းတို့၌ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ အကူအညီပေးရေးအဖွဲ့များ၏ ဆေးကုသပေးနေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ချမ်းအေးသာစံမြို့နယ် အနီဃာသီလရှင် ပရိယတ္တိစာသင်တိုက်၊ ဣစ္ဆာသယသာသနာ့နုဂ္ဂဟ မင်းကွန်းသီလရှင်စာသင်တိုက်နှင့် ဆူးဖြူသာသနာ့ရိပ်သာတို့သို့သွားရောက်၍ သောက်သုံးရေများ၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး တောင်ငူတက္ကသိုလ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၄၈ မိုင် ငါးဖာလုံအနီးရှိ ခပေါင်းရေလှောင်တမံ လက်ဝဲတူးမြောင်းမကြီး၏ ပျက်စီးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်မှုထမ်းဟောင်းအိမ်ရာများနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေရာများ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ၌လည်းကောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများကလည်း ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အစားအသောက်များချက်ပြုတ်၍ ထမင်း၊ ဟင်းများ လှူဒါန်းခြင်း၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်