


နေပြည်တော် မတ် ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်မှုကြောင့် မြို့တွင်းလမ်းများ ထိခိုက်ပျက်စီးခဲ့မှုအား ယာယီသွားလာနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်း အားကစားကွင်းသို့ ရောက်ရှိပြီး လူနေထိုင်နိုင်မှု၊ ရေ၊ မီး ရရှိမှု၊ သန့်စင်ခန်းသုံးစွဲနိုင်မှုအခြေအနေများကို မေးမြန်းကာ တာဝန်ရှိသူများအား ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသူများကို ယခု အားကစားကွင်းဧရိယာအတွင်း၌ ဆေးဝါးကုသမှုဆောင်ရွက်ပေးနိုင်ရေး ယာယီဆေးရုံနှင့် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ ရွေ့လျားဆေးရုံနှင့် ရွေ့လျားခွဲစိတ်ကုသမှုယာဉ်များကိုလည်း ထားရှိပေးရန် လိုကြောင်း၊ ရေ၊ မီးကိစ္စရပ်များ အဆင်ပြေစေရေးတို့ အပြင် ယာယီတဲများ ထုတ်ပေးခြင်း၊ ရွေ့လျားသန့်စင်ခန်းများ ထားရှိပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အခြားထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဝန်ထမ်းအိမ်ရာအသီးသီး၌ လည်း နီးစပ်ရာအားကစားကွင်းနေရာများ၌ ယာယီနေထိုင်နိုင်ရန် နေရာများကို ဆောင်ရွက်ပေးသွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေကြာပင်ရပ်ကွက်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားကွင်းသို့ ရောက်ရှိကြပြီး လူနေထိုင်နိုင်မှု၊ ရေ၊ မီး ရရှိမှု၊ သန့်စင်ခန်းသုံးစွဲနိုင်မှု အခြေအနေများကို မေးမြန်းသည်။ ယင်းနောက် မိုးလုံလေလုံအားကစားရုံအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားသည့် ယာယီဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာ မေးမြန်း အားပေးစကားပြောကြားသည်။
ထိုသို့ လိုက်လံကြည့်ရှုစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များ ရေ၊ မီး နှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရေး ဆောင်ရွက်ပေးသွားရန်၊ တပ်မတော်မှ ရွေ့လျားခွဲစိတ်ကုသယာဉ်နှင့် ဆေးမှူးများကိုလည်း စေလွှတ်ကူညီ ဆောင်ရွက်သွား ရန်၊ ပြည်ပနိုင်ငံများမှ လာရောက်ကူညီပေးသည့် ဆေးအဖွဲ့များ နေရာချထားနိုင်ရေးနှင့် အတူတကွ ပူးပေါင်း၍ ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်