




နေပြည်တော် မတ် ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင်၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား ဆေးဝါးကုသပေးထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအား ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူများ၏ ကျန်းမာရေးအခြေအနေများအား မပြတ်စောင့်ကြည့်၍ လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးသွားရန်၊ နေရေး၊ စားရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရေး ဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
အရေးပေါ် ခွဲစိတ်ကုသပေးနိုင်ခဲ့
အဆိုပါ နေပြည်တော် တပ်မတော်ဆေးရုံကြီး၌ ငလျင်ဘေးဒဏ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၆၀၀ နီးပါးခန့်အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သူ ၃၀ ကို အရေးပေါ် ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၂ ဦး အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်