
နေပြည်တော် ဧပြီ ၅
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ရောက်ရှိလာကြောင်း သိရသည်။
ယင်းသို့ ရောက်ရှိလာရာ ယနေ့နံနက် ၅ နာရီ မိနစ်၄၀ ခန့်တွင် စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံရှိ မြေငလျင်ဘေးဒဏ်သင့်ဒေသများကို လှူဒါန်းသည့် ကယ်ဆယ်ရေးအထောက်အကူပြု ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများ ပါဝင်သည့် ၅၇၃၇ ကီလိုဂရမ်ကို Asia Cargo Airlines ဖြင့် လည်းကောင်း၊ ၇ နာရီ မိနစ် ၄၀ ခန့်တွင် အမေရိကန် ပြည်ထောင်စု Samaritans Purse International Relief အဖွဲ့က မြန်မာနိုင်ငံရှိ မြေငလျင်ဘေးဒဏ်သင့်ဒေသများအား လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဆေးဝါးနှင့်ခွဲစိတ်ခန်းတည်ဆောက်ရန် ဆက်စပ်ပစ္စည်းများပါဝင်သည့် ၂၂၆၃၄ ကီလိုဂရမ်နှင့် ခွဲစိတ်ဆရာဝန်များ၊ အထွေထွေရောဂါကုဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၂၅ ဦးကို တင်ဆောင်ပြီး Samaritans Purse အဖွဲ့ပိုင်လေယာဉ်ဖြင့်လည်းကောင်း ရောက်ရှိလာသည်။
ဆက်လက်ပြီး မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံမှ လှူဒါန်းသော ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဆေးသေတ္တာ၊ ရွက်ဖျင်တဲ၊ ခြင်ထောင်၊ ရေသန့်ဘူးစသည့်ပစ္စည်းကီလိုဂရမ် ၈၇၃၉၀ ကို သယ်ဆောင်လာသည့် AIR CHINA CARGO လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Economic and Commercial Counsellory Mr.Ouyang Daobing နှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။
ယင်းအပြင် ညနေ ၅ နာရီ မိနစ် ၅၀ တွင် သိရိလင်္ကာအစိုးရမှ လှူဒါန်းသော ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲ၊ ဆေးရုံသုံးပစ္စည်းများ၊ လက်သန့်ဆေးများ၊ ရေသန့်စင်စက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် သီရိလင်္ကာနိုင်ငံ တပ်မတော်မှ Brigadier General Karunatilake Hewakattuge Punyasiri ဦးဆောင်သော ဆေးတပ်ဖွဲ့ဝင် ၂၆ ဦး တို့သည် သီရိလင်္ကာနိုင်ငံပိုင်လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာယာဉ်များပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်