
နေပြည်တော် ဧပြီ ၅
လတ်တလောဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လိုအပ်လျက်ရှိသည့် ဆေးဝါး၊ သံချောင်း၊ သွပ်ပြားလိပ်၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့် ရေပစ္စည်း၊ စက်ရုံသုံးစက်နှင့် စက်အရန်ပစ္စည်းများကို တင်သွင်းနိုင်ရေးအတွက် သွင်းကုန်ပစ္စည်းများကို နိုင်ငံခြားသုံးငွေအမျိုးအစားအလိုက် လိုင်စင်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
မတ် ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်က အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း လတ်တလော လိုအပ်လျက်ရှိသည့် ဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများအား တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၀၃ သန်းကို ငလျင်ဖြစ်ပွားပြီးနောက် ယခုရက်ပိုင်းအတွင်း သွင်းကုန်လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည်တွင်း၌ ဆေးဝါးနှင့် ဆေးအထောက်အကူပြု ပစ္စည်းများလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် အထူးလိုအပ်သည့် ဆေးပစ္စည်းများကို သွင်းကုန်လိုင်စင်များ ဆက်လက်ခွင့်ပြု ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အထူးလိုအပ်သော သံချောင်းလုံး၊ သွပ်ပြားလိပ်၊ သံမဏိပစ္စည်း၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့် ရေပစ္စည်း၊ စက်ရုံ၊ မြေပြင်လုပ်ငန်းသုံး စက်ကိရိယာနှင့် ယာဉ်ယန္တရားသုံး စက်အရန်ပစ္စည်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၃၉ သန်းကိုလည်း ငလျင်ဖြစ်ပွားပြီးနောက် သွင်းကုန်လိုင်စင် အမြန်ဆုံးထုတ်ပေးခဲ့ကြောင်း၊ ငလျင်ဘေးသင့်ပြန်လည်ထူထောင်သည့် ကာလအတွင်း လိုအပ်ချက်ရှိသည့် အရေးကြီးကုန်စည်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ၂၄ နာရီအတွင်း သွင်းကုန်လိုင်စင်ရရှိရေး အမြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရဝန်ကြီးဌာနများအနေဖြင့် အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ပြည်သူများ၏ ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးဝါးများအပြင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများအား ပြည်ပမှအချိန်မီတင်သွင်းနိုင်ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် One Stop Service Team များဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်