
နေပြည်တော် ဧပြီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများ၏ ယာယီစုပေါင်းနေထိုင်ရာစခန်းသို့ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် အဆိုပါစခန်းရှိ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆန်အိတ်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပညာရေးအိမ်ရာရှိ ပညာရေးဓမ္မာရုံနှင့် Naypyitaw State Academy သို့သွားရောက်၍ ပြင်းထန်ငလျင် ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ ပြင်းထန်သည့်ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာတာဝန်ရှိသူများအား အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းမှာကြားသည်။
ယင်းနောက် အဆိုပါကျောင်းရှိ ပညာရေးဝန်ထမ်း ဆရာဆရာမများနှင့် တွေ့ဆုံအားပေးစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများ၏ နေထိုင်မှု၊ ရေ၊ မီးရရှိမှု၊ သန့်စင်ခန်း သုံးစွဲမှုအခြေအနေများ ကောင်းမွန်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် အခြေခံပညာကျောင်းများ ပျက်စီးထိခိုက်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်း မထိခိုက်စေရေးအတွက် အစီအစဉ်များရေးဆွဲ ချမှတ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရာ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းနှင့် Naypyitaw State Academy သို့သွားရောက်အားပေးစကားပြောကြားပြီး China Foundation for Peace and Development(CFPD) နှင့် China-Myanmar Economic Cooperation Development Promotion Association(CMECDPA) တို့က ပညာရေးဝန်ကြီးဌာန သို့လှူဒါန်းခဲ့သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးက ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းမိသားစုများထံ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် လူများနေထိုင်ရန်အတွက် ယာယီတဲများအသင့် ပြင်ဆင်ဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်