Skip to main content

နေပြည်တော် ဧပြီ ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းစံပြကျေးရွာသို့သွားရောက်ပြီး အမြင့်တင်ရေစင်ငလျင်ကြောင့် ပြိုကျပျက်စီးမှုကို လည်းကောင်း၊ ကျေးရွာခန်းမနံရံပြိုကျပျက်စီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ရေစင်ပြန်လည်တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ငလျင်ဘေးသင့်ပြည်သူများအတွက် ဆန်ခြောက်ပြည်အိတ် ၃၁ အိတ်နှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သည့် အခြေခံနှင့်မွမ်းမံအပ်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေသော ဖူးပြည့်အပ်ချုပ်ဆိုင်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကွေ့ကြီးကျေးရွာရှိ အမြင့်တင်ရေစင် ငလျင်ကြောင့် ထိခိုက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေစင်ပြန်လည်တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ကွေ့ကြီးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးမင်းမင်း၏ ဂေါ်ဖီ၊ ကြံ၊ ငရုတ်၊ ပြောင်းဖူး၊ စိုက်ခင်းများအား ကြည့်ရှုအားပေးပြီး ငလျင်ဘေးသင့် အသင်းသားတောင်သူများအတွက် ဆန်ခြောက် ပြည်အိတ်သုံးအိတ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်နေသော ဝန်ထမ်းလိုင်းခန်းတည်ဆောက်နေမှုနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် တိုက်အမှတ် (၂၆၈) နှင့် (၂၆၉) တို့တွင် ဌာနအင်ဂျင်နီယာများက တိုက်ကြံ့ခိုင်ရေး အကြိုစစ်ဆေးနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယခုအခါ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးရုံးအပါအဝင် ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ကြံ့ခိုင်မှုအနေအထားကို အကြိုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Off