
နေပြည်တော် ဧပြီ ၅
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ကျောက်သေတ္တာအမည်ရှိ ကျောက်တုံးကြီးမှာ ပြုတ်ကျမည့်အခြေအနေဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ရွှေသာလျောင်းတောင်ခြေအနီးတစ်ဝိုက်တွင် နေထိုင်သည့် ပြည်သူများ ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ခေတ္တပြောင်းရွှေ့နေထိုင်နိုင်ရေး ကျောက်ဆည်မြို့ဖောင်ရွာရပ်ကွက်၌ ဝေဘူချောင် ဆွမ်းလောင်းမဏ္ဍပ်များနှင့် ဇရပ်များတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးခဲ့ပြီး လေးမျက်နှာဘုရား၊ ဈေးလမ်း၊ ရွှေသာလျောင်းတောင်ခြေနှင့် မင်းရဲမြောင်နယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူများကို ဧပြီ ၃ ရက်မှစတင်၍ နှစ်ရက်အတွင်း ယာယီပြောင်းရွှေ့ထွက်ခွာပေးရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အဆိုပါ ကျောက်တုံးကြီးနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဘူမိဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့အား ယခုရက်အတွင်းစေလွှတ်၍ လေ့လာစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်